cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သဘာဝမြေဩဇာ၊ အားဆေးရည်ပြုလုပ်နည်းများ

. Swine
လင့်များကို နှိပ်၍သော်လည်း အသေးစိတ် ဖတ်ရှုနိုင်ပါသည်။
  • (၁) မြေဆီအာဟာရကြွယ်ဝစေတဲ့ ကြံကြိတ်ဖက်သဘာဝမြေဩဇာပြုလုပ်နည်း 

    https://htwettoe.com/post/58809 

    (၂) သစ်ရွက်ဆွေး၊ လယ်ယာမြေ စွန့်ပစ်ပစ္စည်းများဖြင့် မြေဆွေးပြုလုပ်နည်း 

    https://htwettoe.com/post/39469 

    (၃) အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်နည်း 

    https://htwettoe.com/post/37040 

    (၄) ကောက်ရိုး၊ နှမ်းရိုးဖြင့် မြေဆွေးပြုလုပ်နည်း 

    https://htwettoe.com/post/38035  

    (၅) တီကောင်စွန့်ပစ်မြေဩဇာ ပြုလုပ်နည်းနှင့်အသုံးပြုနည်း 

    https://htwettoe.com/post/42786  

    (၆) နွားကျင်ငယ်ရည်မှရရှိသော “နတ်ဆေး”သို့မဟုတ် “စွမ်းထက်အီးအမ်”အပင်အားဆေးရည် 

    https://htwettoe.com/post/56926 

    (၇) အီးအမ် (EM)ပြုလုပ်နည်း 

    https://htwettoe.com/post/47585 

    (၈) ရိုးရိုးမြေဆွေးပြုလုပ်နည်း 

    https://htwettoe.com/post/43016 

    (၉) နွားချေး စနစ်တကျ သိုလှောင်သုံးစွဲနည်း 

    https://htwettoe.com/post/45877 

    (၁၀) သဘာဝရွက်ဖျန်းမြေသြဇာ ပြုလုပ်သုံးစွဲနည်း 

    https://htwettoe.com/post/42222 

    ----------   

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
  • မြေဆီအာဟာရကြွယ်ဝစေတဲ့ ကြံကြိတ်ဖက်သဘာဝမြေဩဇာ

    တနိုင်တပိုင်ရောင်းချသော ကြံရည်ဆိုင်များမှ ထွက်ရှိလာသည့် ကြံကြိတ်ဖက်များကိုလဲ ပြုလုပ်အသုံးပြုနိုင်ကြောင်း ဗဟုသုတအနေဖြင့် မျှဝေပေးလိုက်ပါသည်။

    ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် ကြံပင်မှသကြားထုတ်သည့်အပြင် ကြံရည်ကို နှစ်သက်စွာ သောက်သုံးလေ့ရှိသော ဓလေ့တစ်ခုရှိပါသည်။ သကြားစက်ရုံများတွင် ကြံရည်ထုတ်ယူပြီး ရရှိလာသော ကြံကြိတ်ဖက်များအား ယခုအခါသဘာဝမြေဩဇာအဖြစ် အဆင့်မြင့်စက်ကြီးများသုံးကာ အကျိုးရှိစွာ ပြန်လည်အသုံးချလာကြပါသည်။ တနိုင်တပိုင်ရောင်းချသော ကြံရည်ဆိုင်များမှ ထွက်ရှိလာသည့် ကြံကြိတ်ဖက်များကိုလဲ ပြုလုပ်အသုံးပြုနိုင်ကြောင်း ဗဟုသုတအနေဖြင့် မျှဝေပေးလိုက်ပါသည်။ ကြံပင်ကို ကြိတ်၍ ရရှိလာသော ကြံကြိတ်ဖက်များတွင် စိုက်ပျိုးရေးအတွက် များစွာ အကျိုးရှိသော အာဟာရဓာတ်များပါဝင်ပါသည်။ ၎င်းတို့တွင် အပင်အတွက်မရှိမဖြစ်လိုအပ်သော N,P,K တို့အပြင် မြေကြီးထဲရှိအကျိုးပြုအဏုဇီဝပိုးများအတွက် အစာဖြစ်သော ကာဗွန် (C)၊ မြေကြီး၏ ဖွဲ့စည်းပုံကိုကောင်းမွန်စေသော သစ်ဆွေးဓာတ် (Organic Matter)၊ နှင့် အခြားသော အနည်းလို အာဟာရများဖြစ်သော ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်ပါသည်။  

    ကြံကြိတ်ဖက်မြေဩဇာပြုလုပ်ရာတွင် လိုအပ်သော ပါဝင်ပစ္စည်းများမှာ - 

    ကြံကြိတ်ဖက်၊ နွားချေး (သင့်လျော်သော တိရစ္ဆာန်ချေး)၊ အီးအမ်ပျော်ရည်၊ ရေ   

    အချိုးအစားများမှာ- 

    ကြံကြိတ်ဖက်      : နွားချေး = 3 : 1 

    အီးအမ်ပျော်ရည်   : ရေ = 1 : 20  

    ပြုလုပ်ပုံ 

    အရိပ်ရနေရာတွင် ကြံကြိတ်ဖက် ၁ လွှာ + နွားချေး ၁ လွှာ ခင်း၍ အီးအမ်+ ရေ ပျော်ရည်ကို ရွှဲသည်အထိ လောင်းပေးပါ။  

    ၎င်း အလွှာအတိုင်း အပေါ်မှ ထပ်၍လုပ်ဆောင်ပေးပါ။ ပါဝင်ပစ္စည်းများအားလုံး အလွှာလိုက်ပုံပြီးပါက အပေါ်မှ မိုးကာ/ပလက်စတစ်ဖြင့်ဖုံးအုပ်ပေးပါ။  

    အချိန် ၁ပတ်လျှင် ၁ ကြိမ် အထက်အောက်လှန်၍ ပြန်လည်ဖုံးအုပ်ပေးပါ။ 

    ၄၅ ရက်ကြာပါက စိုက်ခင်းထဲတွင် အသုံးပြုနိုင်သော မြေဆီအာဟာရကြွယ်ဝစေတဲ့ ကြံကြိတ်ဖက်သဘာဝမြေဩဇာကို ရရှိမည်ဖြစ်ပါသည်။  

    ကြံကြိတ်ဖက်ကိုအခြေခံ၍ရရှိလာသော သဘာဝမြေဩဇာဖြစ်သည့်အတွက် မြေချဥ်/မြေငံ မည်သည့်မြေမျိုးမဆို အသုံးပြုနိုင်ပါသည်။ 

    မြေကြီးအတွင်းရှိပြီးသား အကျိုးပြုအဏုဇီဝပိုးများကို ပိုမိုပွားများလာစေကာ မြေဆောင်မှိုရောဂါများကို လျော့ပါးသက်သာစေပါသည်။ 

    တောင်သူဦးကြီးများအတွက် စွန့်ပစ်ပစ္စည်းများမှ အကျိုးပြု သဘာဝမြေဩဇာပြုလုပ်အသုံးပြုကာ မြေဆီလွှာကျန်းမာရေးပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ ရေးသားမျှဝေပေးလိုက်ပါသည်။ 

    ရတနာ မှ ရေးသားမျှဝေသည်။ 

    ✦✦✦✦✦✦✦✦ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 



  • article
  • အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်နည်း

    အီးအမ်ဘိုကာရှီဆိုသည်မှာ ဂျပန်ဝေါဟာရဖြစ်ပြီး အဓိပ္ပာယ်မှာ အချဉ်ဖောက်ထားသော (သို့) ဆွေးမြေ့အောင်လုပ်ထားသော အော်ဂဲနစ်ပစ္စည်းများ ဖြစ်ပါသည်။ဘိုကာရှီမြေဆွေးသည် အကျိုးပြုအဏုဇီ၀ သက်ရှိများကို သီးနှံစွန့်ပစ် ပစ္စည်းများ၊ တိရိစ္ဆာန်ချေးများနှင့် စနစ်တကျ ရောနှောပြုလုပ်ရရှိသော မြေဆွေးဖြစ်သည်။

    ဘိုကာရှီမြေဆွေးသည် ရိုးရိုးမြေဆွေးကဲ့သို့ အချိန်ကြာကြာ ဆွေးမြေ့အောင် စောင့်ရန်မလို။အဆွေးမြန်သည်။အကျိုးပြု အဏုဇီဝများပါသည်။နှစ်ပတ်ကျော်လျှင် စိုက်ခင်းတွင် အသုံးပြုနိုင်သည်။အပင်အတွက် အာဟာရကြွယ်ဝစေသည့်အပြင် မြေသားတည်ဆောက်မှုကိုလည်း ကောင်းစေသည်။

    ပြုလုပ်နည်း

    ၁. ရှေးဦးစွာ စည်ပိုင်းပြတ်(သို့) အဝကျယ် အိုးတစ်လုံးထဲတွင် အသင့်သုံးအီးအမ် (၁)ဆ၊ တင်လဲရည် (၁)ဆနှင့် ရေ (၉၈)ဆ ရောစပ်ပါ။

    ၂. ကောက်ရိုးများကို အီးအမ်ဖျောရည်ထဲနှစ်ပြီး ရေစစ်၍ အရိပ်အောက်တွင် အလျား(၆)ပေ၊ အနံ(၃)ပေ၊ အထူ(၆) လက်မခန့် ဖြန့်ခင်းလျက် မြေပေါ်တွင်ပုံပါ။၎င်းအပုံကို ပွမနေစေရန် တတ်နိုင်သမျှ ဖိသိပ်ပေးပါ။

    ၃. ထို့နောက် ၎င်းကောက်ရိုးပုံအပေါ်တွင် နွားချေးအထူ (၁) လက်မခန့် ဖုံးအုပ်ပေးရမည်။ (ဖြစ်နိုင်ပါက တစ်လွှာတွင် ဖွဲနုလက်တစ်ဆုပ်ခန့် ထည့်နိုင်လျှင် ပိုကောင်းပါသည်။)

    ၄. ဤနည်းအတိုင်း ကောက်ရိုးတစ်လွှာ၊ နွားချေးတစ်လွှာ အဆင့်ဆင့် ထပ်ပုံပြီး အမြင့် ၄ပေခန့်အထိ ရအောင်ပုံပါ။

    ၅. ထို့နောက် ပလတ်စတစ်စ (သို့) ပီနန်အိတ်ခွံများဖြင့် လုံအောင်ဖုံးပါ။ ပီနန်အိတ်ခွံမရှိပါက ကောက်ရိုးဖြင့် အထူ (၆)လက်မခန့် တတ်နိုင်သမျှ လုံအောင် ပတ်လည်ဖုံးအုပ်ပေးရပါမည်။

    ၆. တစ်ပတ်ခန့်အကြာတွင် အဖြူရောင်မှိုမျှင်များ ထွက်လာသည်ကို တွေ့ရမည်ဖြစ်ပြီး (၁၅) ရက်ခန့်ကြာလျှင် အသုံးပြုနိုင်ပြီဖြစ်သည်။အဖြူရောင်မှုမျှင် များများထွက်လေ ကောင်းလေဖြစ်သည်။ (၁၅) ရက်အတွင်း အသင့်သုံးစွဲနိုင်သည့် အီးအမ်မြေဆွေးပုံကို ရရှိစေမည်ဖြစ်ပါသည်။

    ၇. အရိပ်ရှိသော နေရာ၊ ရေမဝပ်သောနေရာတွင် ပြုလုပ်ပါ။

    အီးအမ်မြေဆွေးများသည် အခြားမြေဆွေးများကဲ့သို့ လုံးဝဆွေးအောင် စောင့်စရာမလိုဘဲ သုံးနိုင်ပါသည်။ အပင်အတွက် အန္တရာယ်မရှိပါ။ အီးအမ်ဖြင့် ပြုလုပ်သော မြေဆွေးသည် အီးအမ်မပါသော မြေဆွေးထက် အပင်အတွက် လိုအပ်သော အာဟာရဓါတ်ပါဝင်မှု ပိုများပြီး အပင်ကို အန္တရာယ်ဖြစ်စေသော ဓာတ်ငွေ့နှင့် အပူဓာတ်ပါဝင်မှုနည်းပါသည်။

    ကောက်ရိုးအစား ပြောင်းရိုး၊ ဂျုံရိုး၊ နှမ်းရိုး၊ ပဲမှော်၊ မြေပဲခွံ၊ လွှစာ၊ သစ်ရွက်ခြောက်၊ အမှိုက် စသည့် အော်ဂဲနစ် ပစ္စည်းများကို အသုံးပြုနိုင်ပါသည်။ပေါင်းရှင်းထားသော မြက်စိမ်းများ၊ သစ်ရွက်စိမ်း၊ ဗေဒါပင် အစိမ်းများလည်း သုံးနိုင်ပါသည်။

    တင်လဲရည် မရနိုင်ပါက ထန်းလျက်ကို အသုံးပြုနိုင်ပါသည်။တင်လဲရည်၊ ထန်းလျက် မထည့်ဘဲလုပ်လျှင် ရနိုင်သော်လည်း မကောင်းပါ။ကောက်ရိုးကို အီးအမ်စိမ်းခြင်း ပြုလုပ်ရန် ခက်ခဲပါက တစ်လွှာပုံပြီးတိုင်း နွားချေးအလွှာပေါ် အီးအမ်ဖျော်ရည်ကို အထက်ပါ အချိုးအတိုင်းရေရော၍ ဖျန်းနိုင်ပါသည်။ ရေဖျန်းပုံး အပေါက်သေးသေးနှင့် မြေကြီးပေါ် ရေရွှဲအိုင်သည်အထိ အချိန်ယူဖျန်းရပါမည်။အဓိကမှာ ကောက်ရိုးမျက်နှာပြင်အနှံ့ ရေထိရန်လိုအပ်ပါသည်။ ရေဖျန်းရာတွင် ရေလျှောမကျစေရန် အပေါ်ဆုံးအလွှာပြုလုပ်ရာတွင် အနည်းငယ်ချိုင့်ထားပါ။အစိုဓာတ် ရှိနေစေရန် အခါအားလျော်စွာ ရေဖျန်းပေးပါ။ မြေဆွေးပုံပြုလုပ်ရာတွင် အပုံဘေးနှုတ်ခမ်းပတ်လည် အဆွေးနည်းပြီး အလယ်ပိုင်းကသာ ပိုမိုဆွေးလေ့ရှိပါသည်။ထို့ကြောင့် ကောင်းစွာမဆွေးသော ဘေးပတ်လည်နေရာ နည်းသွားစေရန် အပုံသေးသေးများစွာမပုံဘဲ အပုံကြီးကြီးတစ်ပုံသာ ပုံသင့်ပါသည်။ အနံ (၆)ပေထားပြီး အလျားကို နေရာရှိသလောက်ထား၍ အမြင့်ကို (၄)ပေထားသင့်ပါသည်။ သို့သော်တွက်ချက်မှုလွယ်ကူစေရန် အလျား(၆)ပေ၊ အနံ(၃)ပေ၊ အမြင့် (၃)ပေထားပြီး ထိုမြေဆွေးပုံတစ်ပုံအတွက် လိုအပ်သော ပစ္စည်းများကို အောက်ပါအတိုင်း တွက်ယူနိုင်ပါသည်။

    ၁။ အသင့်သုံးအီးအမ် ၃လီတာ (ရေသန့်ဘူး ၃ဘူး)

    ၂။ တင်လဲရည် ၃လီတာ (ရေသန့်ဘူး ၃ဘူး)

    ၃။ ရေ ၄ဂါလံပုံး (၂၀)ပုံး

    ၄။ နွားချေး ၃ တင်း

    ၅။ ဖွဲနု ၁ပြည် (ထည့်နိုင်ပါက ထည့်ရန်)

    အထက်ပါ အချိုးအစားမှ မြေဆွေး ၂ တန်ရပါမည်။ တစ်ဧက အတွက် အသုံးပြုရန် မြေဆွေး ၅ တန်လိုအပ်ပါမည်။

    ပါမောက္ခ ဒေါက်တာမြင့်လွင်၏ အကျိုးပြု အဏုဇီ၀ (အီးအမ်) နည်းပညာ စာအုပ်မှ ကောက်နှုတ်တင်ပြထားပါသည်။


  • article
  • သစ်ရွက်ဆွေး၊ လယ်ယာမြေ စွန့်ပစ်ပစ္စည်းများဖြင့် မြေဆွေးပြုလုပ်နည်း

    သစ်ရွက်ဆွေး၊ လယ်ယာမြေ စွန့်ပစ်ပစ္စည်းများဖြင့် မြေဆွေးပြုလုပ်နည်း

    သင့်တော်ရာဒေသတွင် အလျား ( ၆ ပေ) ၊ အနံ ( ၃ ပေ) ၊ အနက် ( ၆ ပေ) ကျင်းတူးပါ။

    ကျင်းထဲသို့ စွန့်ပါအမှိုက်များကို ( ၁) ပေထု ဖြန့်ခင်းပါ။

    အီးအမ် (EM) ဖျော်ရည်ကို တစ်လွှာလျှင် ( ၃) ဂါလံ နှုန်းဖြင့်ဖြန်းပါ။

    နွားချေး ( ၄) ပြီ ညီညာစွာ ဖြန့်ဖြူးပေးပါ။

    ယင်းသို့ အလွှာလိုက် ကျင်းပြည့်သည်အထိ ပြုလုပ်ပါ။

    ဆွေးမြေ့လာသည်နှင့်အမျှ မျက်နှာပြင် နိမ့်ဆင်းသွားပါသည်။

    နိမ့်သွားပါက ကျင်းပြည့်အောင့်ပြန်ဖြည့်ပါ။

    သီးနှံများစိုက်ပျိုးချိန်တွင် ထုတ်ယူသုံးစွဲနိုင်ပါသည်။

    မိုးကျလျှင် ရေမဝင်စေရန် အမိုး မိုးပေးပါ။

    တစ်ဧက အတွက် ကျင်း ( ၅) ကျင်း လိုပါသည်။

    နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့်ဥယျာဉ်ခြံသီးနှံများတွင် အီအမ် ဘိုကာရှီ သုံးစွဲနည်း

    စိုက်ခင်းအတွင်းမှ ပေါင်းများကို ရှင်းပါ။ ရရှိသည့် ပေါင်းများကို အပင်ခြေတွင်ပုံပါ။

    အပုံပေါ်တွက် အီးအမ် ( EM) ဖျော်ရည်ဖျန်းပါ။ မြေဖုံးပါ။ ( ဖျော်ရည်ဖျန်းပြီး နွားချေးမှုန့် ဖြူးပေးလျှင် ပိုကောင်းပါသည်။)

    ပေါင်းရှင်းသည့်အခါတိုင်း အပင်ခြေတွင် ထပ်မံ၍ ပုံပေးပါ။

    References- စိုက်ပျိုးရေးဦးစီးဌာန



  • article
  • အီးအမ် (EM)ပြုလုပ်နည်း

    ဒီနေ့မှာတော့ အီးအမ်(EM) ကို ကိုယ်တိုင်ပြုလုပ်လိုသူတွေအတွက် အီးအမ်(EM) ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

    ဒီနေ့မှာတော့ အီးအမ်(EM) ကို ကိုယ်တိုင်ပြုလုပ်လိုသူတွေအတွက် အီးအမ်(EM) ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

    လိုအပ်သော ပစ္စည်းများ

    (၁) သင်္ဘောသီး - ၁ လုံး (၅၀ သား ဝန်းကျင်)

    (၂) ငှက်ပျောသီး - ၁ ဖီး (၅၀ သား ဝန်းကျင်)

    (၃) ရွှေဖရုံသီး - ၁ လုံး သို့မဟုတ် ၁ခြမ်း (၅၀ သား ဝန်းကျင်)

    (၄)ကြက်ဥ- ၃-လုံး

    (၇) ဆန်ဖွဲနု (သို့မဟုတ်) ဂျုံဖွဲနု - ၁- ပိဿာ

    (၈) ထန်းလျက် (သို့မဟုတ်) ကြံသကာ (သို့မဟုတ်) သကာရည် - ၂ ပိဿာ

    (၉) ရေ ၅လီတာမှ ၁၀လီတာ ဝန်းကျင်

    (၁၀) ရေ ၈ ဂါလံဆန့် ပလပ်စတစ်ပုံး (သို့) စဉ့်အိုး

    ပြုလုပ်နည်းအဆင့်ဆင့်

    ၁။ ငှက်ပျေားသီး၊ သင်္ဘောသီး၊ ရွေဖရုံသီး၊ မုန်လာဥနီ(အမှည့်လွန်နေလျှင် ပိုကောင်းသည်။ အမှည့်အရမ်းလွန်ပြီး ပုပ်နေတာမျိုးတော့ မဖြစ်စေရပါ။) တို့ကို ၅၀သားစီ စုပြီး ဓါးဖြင့်ပါးပါးလှီးပါ။ အခွံများပါ အသုံးပြုနိုင်သည်။ အသီးများကို ရေမဆေးရပါ။

    ၂။ သကြားအညိုကြမ်း၊ ကြံသကာအညိုကြမ်း၊ ထန်းလျက်အညိုကြမ်းစသည် ဈေးသက်သာသော ကုန်းကြမ်းတခုခုကို ၃ပိဿာခန့်ဝယ်ပြီး ရေဖြင့် မပြစ်မကျဲကျိုပါ။

    ၄။ ထို့နောက် အသီး ၃မျိုး၊ သကာရည် (အချိုရည်)၊ ဖွဲနု၊ ကြက်ဥ ၃လုံး(လတ်လတ်ဆက်ဆက်ကို ဖောက်ထည့်ပါ)၊ထိုအရောများကို စဉ့်အိုးအသန့်ထဲရောထည့်ပါ။ အနဲဆုံး စဉ့်အိုးအပေါ်ပိုင်း ၃ပုံ ၁ပုံခန့် လစ်ဟာနေပါစေ။

    ၅။ ရေကို မပျစ်မကျဲ အနေအထား ရောနိုင်ပါတယ်။ အမယ်အားလုံး မြှပ်ရုံအနေအထားဆို ရပါတယ်။ ထို့ နောက် ပလက်စတစ်အိတ်အကြည်ဖြင့် လုံအောင်အုပ်၍ စီးထားပါ။

    ၆။ ၂-ရက် ၃ ရက်တခါ အိုးကို အနည်းငယ်လှုပ်ပေးပါ။ ရာသီဥတု ပူလျှင် ၇ ရက် အေးလျှင် ၁၀ ရက်ကျော်ကြာလျှင် အပေါ်ယံမျက်နှာပြင်တွင် အဖြူရောင်မှိုများ အနည်းငယ် တက်နေလိမ့်မည်။

    ၈။ စဉ့်အိုးကို အပူချိန်မျှတ၍ အရိပ်ရသော နေရာတွင် ထားပါ။ အကယ်၍ စဉ့်အိုးအစား အလင်းပေါက်နိုင်သော ဖန်အိုးများလဲ ရှိပါက သုံးနိုင်ပါတယ်။

    ၉။ ထိုဖျော်ရည်ကို ပိတ်စပါးဖြင့် စစ်ယူပြီး ပုလင်းအသန့်ထဲ ထည့်ထားပါ။ ပုလင်းထဲသို့ အပြည့်မထည့်ဘဲ လေဟာနယ် အနည်းငယ်ချန်ပေးရမည်။ ၆လအတွင်း အသုံးပြုရမည်။

    ၁၀။ အီးအမ်ဖျော်ရည်ရေသန့်ဘူး၄ပုံ ၁ပုံ (၂၅၀ စီစီ) အားရေ (၄) ဂါလံဖြင့်ဖျန်းနိုင်သည်။

    Credit.

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦



  • article
  • ကောက်ရိုး၊ နှမ်းရိုးဖြင့် မြေဆွေးပြုလုပ်နည်း

    - စည်းပိုင်းပြတ်ထဲသို့ ရေဂါလံ (၂၀) ထည့်ပါ။ 

    - အသင့်သုံး အီးအမ် (EM) ဖျော်ရည် နို့ဆီခွက် (၃) ခွက်နှင့် တင်လဲရည် (၃) ခွက် လောင်းထည့်၍တုတ်ဖြင့်မွှေပါ။ 

    ( နို့ဆီခွက် (၃) ခွက်= ၁ လီတာ) 

    - အရိပ်အောက်တွင် လယ်ယာစွန့်ပစ် ပစ္စည်းများဖြစ်တဲ့ ( ကောက်ရိုး၊ နှမ်းရိုး များကို) အလျား ( ၆ ပေ) အနံ ( ၃ ပေ) ၊ ထု ( ၆ လက်မ) ရှိအောင် တစ်လွှာပုံပါ။ 

    - လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ တစ်လွှာချင်းပေါ်တွင် ရေရောစပ်ပြီး အီးအမ် (EM) ဖျော်ရည် ( ၃) ဂါလံကို ဖျန်းပေးရပါမည်။ 

    - နွားချေးနှင့်ဖွဲနုရောပြီး ( ၈) ပြီ ထပ်၍ ဖြူးပါ။ 

    - ယင်းကဲ့သို့ အလွှာခြောက်လွှာထိ ထပ်၍ ပုံပါ။ 

    - အပေါ်မှ ပလပ်စတစ်ဖြင့် လုံအောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်း တခုခုဖြင့် လုံအောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်းတစ်ခုခုဖြင့် လုံအောင်ထူထူဖုံးပါ။ 

    - ( ၄-၅) ရက်ကြာလျှင် မြေဆွေးပုံးအတွင်း လက်ဖြင့် စမ်းကြည့်၍ တအားပူလျှင် အထပ်အောက်လှန်ပေးပါ။ ခြောက်နေလျှင်ရေဖျန်းပေးပါ။ 

    - အဖြူရောင်မမှုမျှင်များ တွေ့လျှင် ဆွေးမြေ့နေကြောင်း သိရှိနိုင်ပါသည်။ 

    - (၇- ၁၀) ၇က်အကြာ တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့် အခြေအနေတွင်ပင် စတင် အသုံးပြုနိုင်သည်။ 

    - တစ်ဧကအတွက် ( ၈ပုံ= ၂ တန်) မှ ( ၂၀ ပုံ= ၅ တန်) သုံးပါ။ 

    - စိုက်ထယ်ရေးပြင်ချိန်တွင် ဖြန့်ထည့်၍ အသုံးပြုနိုင်ပါသည်။ 

    - နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့် ဥယျဉ်ခြံ သီးနှံပင်များတွင် အစိုဓာတ်ရှိချိန်တွင် အပင်ခြေတွင်ထည့်၍ မြေဖုံးပြီး သုံးပါ။ 

    References- စိုက်ပျိုးရေးဦးစီးဌာန  


  • article
  • တီကောင်စွန့်ပစ်မြေဩဇာ ပြုလုပ်နည်းနှင့်အသုံးပြုနည်း

     တီကောင်စွန့်ပစ်မြေသြဇာဆိုသည်မှာ လယ်ယာစွန့်ပစ်ပစ္စည်း၊ မီးဖိုချောင်စွန့်ပစ်ပစ္စည်းအစရှိသည့် စွန့်ပစ်ပစ္စည်းအစရှိသည့် စွန့်ပစ်ပစ္စည်းများကို တီကောင်လေးများက စားသုံး၍ သီးနှံပင်များအတွက် အသုံးဝင်သော သြဂဲနစ်မြေသြဇာ(ဇီဝမြေသြဇာ) အဖြစ် ပြန်လည်ပြုလုပ် သုံးစွဲခြင်းဖြစ်သည်။ 

    ➤တီကောင်စွန့်ပစ်မြေဩဇာကို စီးပွါးဖြစ် ထုတ်လုပ်ခြင်း

     တီကောင် စွန့်ပစ်မြေဩဇာ ထုတ်လုပ်ရန် ၂၀ပေအရှည်၊ ၅ပေအကျယ်၊ အမြင့်၃ပေ ရှိသော ကန်တစ်ခု ပြုလုပ်ရမည်။ ကန်၏အောက်ခြေတွင် ပိုလျှံသည့်ရေများကို စုစည်းစစ်ထုတ်ရန် အနည်းငယ် နိမ့်လျောသည့် ရေထွက်ပေါက်တစ်ခုပါရှိရမည်။ တီကောင်မွေးမည့်ကန်၏ အောက်ခြေတွင် ဗန်ဒါရွက်ခြောက် (သို့) သစ်ရွက်ခြောက်များကို (၄)လက်မ အထူခင်းပေးရသည်။ ထိုအပေါ်မှ စင်းထားသော ငှက်ပျောအူ၊ အစာစိမ်းများ၊ သီးနှံ အကြွင်းအကျန်များကို တစ်ပေအထူရအောင် ထည့်ပေးရမည်။ ထိုအပေါ်မှ နွားချေး(၅)အိတ်ကို ဖြန့်ထည့်ပေးပြီး အစိုဓါတ်ရရှိစေရန် ရေအနည်းငယ်လောင်းပေးရမည်။ ထို့နောက် တီကောင်များ ကို တစ်စတုရန်းပေလျှင် အကောင် (၁၀၀) နှုန်းဖြင့် တီကောင် (၁၀၀၀၀) ထည့်ပေးရမည်။ ထိုအပေါ်မှ အစာစိမ်းများကို တစ်ပေခန့် ထပ်ထည့်ပေးရမည်။ သစ်ရွက်ခြောက်များကို အပေါ်မှ (၂)လက်မခန့် ထည့်ပေးပြီး ဂုန်နီအိတ်ဖြင့် အုပ်ပေးရမည်။ အစိုဓါတ် မပြတ်စေရန် နေ့စဉ်စစ်ဆေး၍ လိုအပ်ချိန်တွင် ရေလောင်းပေးရမည်။ (၂)လ အကြာတွင် တီကောင်များ ပွါးများနေပြီး အစာများလည်း စားသုံးပြီးဖြစ်သည်။ (၃)လ အကြာတွင် တီကောင်စွန့်ပစ်မြေဩဇာ ရရှိပါမည်။ 

     ➤မြေဆွေးဖယ်ထုတ်ခြင်း

    တီကောင် စွန့်ပစ်မြေဩဇာ ထုတ်လုပ်ရန် မြေဆွေးကန်အားရေ (၂-၃) ရက် ဖြတ်လိုက်ရမည်။ တီကောင်များသည် ကန်အောက်ခြေရှိ အစိုဓါတ်ရှိရာ နေရာများသို့ ရောက်ရှိသွားမည်ဖြစ်သည်။ အပေါ်ယံမြေဆွေးအား ဖယ်ထုတ်ပြီး နေရိပ်တွင် အခြောက်ခံ၍ သိုလှောင်ထားနိုင်သည်။ 

     ➤သတိပြုရမည့်အချက်များ 

    တီကောင်များအား ငှက်၊ ခြ၊ ပုရွက်ဆိတ် နှင့် ကြွက်များရန်မှ ကာကွယ်နိုင်ရန် မြေဆွေးပုံပေါ်မှ ဂုန်နီအိတ်အုပ်ထားရမည်။ မြေဆွေးပြုလုပ်နေစဉ်အတွင်း လုံလောက်သည့်အစိုဓါတ်မရှိခြင်းသည် တီကောင်များကို သေစေသည်။ ရေဝပ်ပါကလည်း တီကောင်များ အသက်မရှင်နိုင်ပေ။ ထို့ကြောင့် အစိုဓါတ်ကို မနည်းလွန်း မများလွန်းစေရပါ။ မြေဆွေးရရှိပြီးနောက် တီကောင်များကို အခြားမြေဆွေးပုံအသစ်တစ်ခုတွင် ပြောင်းထည့်ပေးရမည်။ 

    တီကောင်မှ ခြေဖျက်ထားသော မြေနမူနာတွင် အာဟာရဓါတ်ပါဝင်မှု 

    မြေချဉ်ငံဓါတ် (pH) - ၆.၈

    စုစုပေါင်း နိုက်ထရိုဂျင် (%) - ဝ.၉၃- ၁.၉၄% 

    အပင်စားသုံးနိုင်သော ဖော့စဖိတ်ဓါတ် - ဝ.၄၇%

    အပင်စားသုံးနိုင်သော ပိုတက်စီယမ်ဓါတ် - ၁.၇၀%

    ကယ်လစီယမ် - ၄.၄၀%

     မဂ္ဂနီစီယမ် - ဝ.၄၆%

     ➤တီကောင်စွန့်ပစ်ရည်ထုတ်ယူသုံးစွဲခြင်း

    တီကောင်စွန့်ပစ်ရည်သည် အပင်များကို လျင်မြန်စွာ ကြီးထွားစေနိုင်ပြီး ပိုးမွှားများရန်မှလည်း ကာကွယ်ပေး နိုင်သည်။ မြေဆွေးပုံပြုလုပ်ပြီး (၃-၄)ရက်ကြာလျှင် ရေကန်ပိုက်မှတစ်ဆင့် တီကောင်စွန့်ပစ်ရည်များ ထွက်ကျလာမည်။ ထိုစွန့်ပစ်ရည်အား ချဉ်ငံဓါတ်တိုင်းတာ၍ ဩဂဲနစ်မြေဩဇာရည်အဖြစ် အသုံးပြုကြသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်ခွပင်များတွင် စမ်းသပ်ပက်ဖျန်းရာ အထူးဖြစ်ထွန်းသည်ကို တွေ့ရှိရပါသည်။ ၂၀ပေအရှည်၊ ၅ပေအကျယ်၊ အမြင့်၃ပေ ရှိသော ကန်တစ်ကန်မှ တီကောင်စွန့်ပစ်မြေဩဇာအစိုအလေးချိန် (၁)တန်ခန့် နှင့် စွန့်ပစ်အရည် လီတာ(၅၀)ခန့် ရရှိကြောင်းတွေ့ရှိရပါသည်။

     ➤တီကောင်စွန့်ပစ်မြေဩဇာသုံးစွဲခြင်း

     တီကောင်စွန့်ပစ်မြေဩဇာကို လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ ပန်းအလှပင်နှင့် ဟင်းသီးဟင်းရွက်များတွင် သီးနှံ၏ မည်သည့် အသက်အရွယ်တွင်မဆို သုံးစွဲနိုင်သည်။ လယ်ယာသီးနှံများတွင် တီကောင်စွန့်ပစ်မြေဩဇာ ၁တန်လျှင် ၁ဧက နှုန်းဖြင့် မျိုးစေ့များကို ရောပြီး ကြဲပက်စိုက်ပျိုးနိုင်သည်။ သို့မဟုတ်အပင်အမြင့် (၄-၆)လက်မ ရှိချိန်တွင် အတန်းလိုက်ထည့်သွင်းပေးနိုင်သည်။ ပုံမှန်ရေသွင်းပေးရမည်။

     သစ်သီးပင်များအတွက် အပင်သက်တမ်းကိုလိုက်၍ ၁ပင်လျှင် ၅ကီလိုမှ ၁၀ကီလိုထိ ထည့်သွင်းပေးနိုင်သည်။ အပင်ရွက်အုပ်တွင် ဧရိယာပတ်လည်တွင် (၆-၁၀)လက်မ အနက်ရအောင် ရေဝပ်ကျင်းတူးပေးပြီး နွားချေးခြောက်မှုန့်ပါးပါးဖြူးပေးပြီး အရိုးမှုန့်မြေဩဇာကို တီကောင်စွန့်ပစ်မြေဩဇာ (၂-၅)ကီလိုနှင့်ရောပြီး ထည့်ပေးရမည်။ အပေါ်မှမြေဖုံးပေးပြီး ရေလောင်းပေးရမည်။

     ဟင်းသီးဟင်းရွက်များအတွက် ရွေ့စိုက်မည့်ပျိုးပင်များ လျင်မြန်စွာ ကြီးထွားလားစေရန် တီကောင်စွန့်ပစ်မြေဆွေးအား ပျိုးဘောင်တွင် ၄၀၀ကီလိုလျှင် တစ်ဧကနှုန်းဖြင့် ထည့်ပေးရမည်။ ကျန်းမာသန်စွမ်းသည့်ပျိုးပင်များ ရရှိမည်။ ရွေ့စိုက်ချိန်နှင့် ရွေ့စိုက်ပြီး ၄၅ရက်သားအတွင်း တစ်ပင်လျှင် (၄၀၀-၅၀၀) ဂရမ်နှုန်း ထည့်ပေးရမည်။ ပြီးနောက် ရေသွင်းပေးရမည်။ ပန်းအလှပင်များအတွက် ၁ ဧကလျှင် (၃၀၀-၄၀၀)ကီလိုနှုန်း ထည့်ပေးရမည်။ 

    ဟင်းသီးဟင်းရွက်နှင့် ပန်းမုံလာကဲ့သို့ အပွင့်စားသီးနှံများအတွက် အပင်ခြေပတ်လည်ကို ထည့်ပေးပြီး မြေဖုံးပေးရမည်။ ရေကို ပုံမှန် လောင်းပေးရမည်။ တီကျစ်စာမြေဆွေး အစိုတစ်တန်ကို အခြောက်ခံပါက ၅၀၀ ကီလိုခန့် ရရှိပါမည်။

      ကိုးကား - တီကောင်မွေးမြူခြင်း (Vermiculture) နှင့် တီကောင်စွန့်ပစ်မြေသြဇာ (Vermicompost) ထုတ်လုပ်မှု လက်စွဲ၊ VFRDC

     စိုက်ခင်းမြေကို တူးကြည့်လို့ တီကောင်ရှိနေခြင်းက အပင်အတွက် အာဟာရပြည့်ဝသည့် မြေဖြစ်ပါတယ်။ 


  • article
  • နွားကျင်ငယ်ရည်မှရရှိသော “နတ်ဆေး”သို့မဟုတ် “စွမ်းထက်အီးအမ်”အပင်အားဆေးရည်

    နွားကျင်ငယ်ရည်ကို စိုက်ပျိုးရေးမှာ အကျိုးရှိအောင်အသုံးပြုလို့ရတာကို ကျမတို့ တောင်သူ တွေအနေနဲ့ သိသော်လည်း အသုံးပြုသူဦးရေမှာ လွန်စွာနည်းပါးလှပါတယ်။ အကျိုးကျေးဇူးများစွာ ရှိလှတဲ့ နွားကျင်ငယ်ရည်ကို ဘယ်လိုစုဆောင်းရမလဲ။ ဘယ်လိုအသုံးပြုသင့်သလဲဆိုတာကို ကျမတို့ရဲ့ ရိုသေလေးစားရပါသော ဆရာကြီးဦးသိန်းစု ပြောပြထားသော ဗဟုသုတများကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

    နွားကျင်ငယ်ရည်တွင် N – 1%၊ P – 1.2 %၊ K အနည်းငယ်ပါဝင်သည့်အတွက် ပုလဲဓာတ်မြေသြဇာ အစားထိုးအနေနဲ့ အသုံးပြုလို့ရပါတယ်။ အပတ်စဥ်ပုံမှန်ဖျန်းပေးပါက နောင်တချိန်တွင် ပုလဲ ဓာတ်မြေသြဇာကို မလိုတော့သည်အထိ ကောင်းမွန်လှသော နွားကျင်ငယ်ရည်ရွက်ဖျန်း မြေသြဇာပင် ဖြစ်ပါသည်။ နွားကျင်ငယ်ရည်ရွက်ဖျန်း မြေသြဇာအသုံးပြုပါက ရရှိနိုင်သောအကျိုးကျေးဇူးများမှာ မြေသား တည်ဆောက်မှု ပိုမိုကောင်းမွန်လာခြင်း၊ တီကောင်များနှင့် အကျိုးပြုအဏုဇီဝပိုးများ ပိုမိုပွားများ လာခြင်း၊ အနည်းလိုအာဟာရများတိုးပွားလာခြင်း၊ အပင်ကြီးထွားနှုန်းပိုမိုမြန်ဆန်လာခြင်း၊ ပိုးမွှားရောဂါ ခံနိုင်ရည်ရှိလာခြင်း၊ အပင်များစိမ်းစို၍ အစာချက်လုပ်မှု အားကောင်းလာခြင်း၊ လက်ရှိ သီးနှံအတွက်တင်မကပဲ နောင်စိုက်မည့်သီးနှံများအတွက်ပါ အကျိုးဖြစ်ထွန်းစေခြင်း၊ ၃ နှစ်ဆက်တိုက် အသုံးပြုပါက ဓာတုဆေးများကင်းလွတ်လာသည်အထိ ကောင်းမွန်ခြင်းတို့ ဖြစ်ပါသည်။ 

    နွားကျင်ငယ်ရည်ရယူရာတွင် နွားများအိပ်စက်ရာ နွားတင်းကုတ်ထဲ၌ နွား ၁ ကောင်စာအတွက် ၁၀ ပေ ပတ်လည် တမန်တလင်းခင်း၍ ထောင့်တစ်ဖက်တွင် အနည်းငယ်နှိမ့်ပေးကာ ပိုက် သို့ ရေကန်ငယ်ပြုလုပ်ကာ ခံယူနိုင်ပါသည်။ ရရှိလာသော နွားကျင်ငယ်ရည်များကို အောက်ပါနည်းလမ်း (၄) မျိုး အတိုင်းအသုံးပြုနိုင်ပါသည်။  

    (၁) နွားကျင်ငယ်ရည်အား ရေနှင့် ရောစပ်၍ဖျန်းခြင်း 

    နွားကျင်ငယ်ရည်တွင် ပုံမှန်အားဖြင့် အပင်အတွက် အာဟာရများပါဝင်နေပြီး ဖြစ်သောကြောင့် ရေဖြင့်ရောစပ်ရုံဖြင့်လဲ ရိုးရှင်းစွာ အသုံးပြုနိုင်ပါသည်။ ရောစပ်ရာတွင် အပင် သက်တမ်းပေါ်မူတည်ကာ နွားကျင်ငယ်ရည် ၁ ဆ အား ရေ ၁၀ ဆ သို့ ၂၀ ဆ ဖြင့်ရာစပ်၍ သီးနှံပင်များကို ပက်ဖျန်းနိုင်ပါသည်။ လီတာ ၂၀ ဆေးဖျန်းပုံး ၁ပုံးလျှင် နွားကျင်ငယ်ရည် ၁ လီတာ သို့ ၂ လီတာ နှုန်းဖြင်းပက်ဖျန်းခြင်းအားဖြင့် အပင်အတွက်လိုအပ်သော အာဟာရဓာတ်များအား ဖြည့်တင်းပေးနိုင်မည် ဖြစ်ပါသည်။ 

    (၂) သီးနှံစွန့်ပစ်ပစ္စည်းများဖြင့်ရောစပ်ကာ အပင်အာဟာရရွက်ဖျန်းအားဆေးပြုလုပ်နည်း 

    နွားကျင်ငယ်ရည်အား သီးနှံစွန့်ပစ်ပစ္စည်းများဖြင့်ရောစပ်ကာ အပင်အာဟာရရွက်ဖျန်းအားဆေး ပြုလုပ်ရာတွင် အကျိုးပြုအဏုဇီဝပိုးများအား ပွားများလာစေပြီး သဘာဝနည်းလမ်းများအရ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေပဲ အပင်အားရောဂါပိုးမွှားဒဏ်ကိုပိုမိုခံနိုင်လာစေမှာဖြစ်ပါသည်။ ထိုသို့ ရောစပ်ရာတွင် နွားကျင်ငယ်ရည် ၄ လီတာ၊ သီးနှံစွန့်ပစ်ပစ္စည်း ၆၂ ကျပ်သား၊ သကြားညို ၆၂ ကျပ်သား တို့ကို မြေအိုး သို့ ပလတ်စတစ်ပုံးထဲသို့ထည့်ကာ အချဥ်ဖောက်ပေးရပါမည်။ သီးနှံစွန့်ပစ် ပစ္စည်းများအသုံးပြုရာတွင် မပုပ်သိုးသောစွန့်ပစ်ပစ္စည်းများကိုသာအသုံးပြုရမည်။ ၃ ပတ် မှ ၁ လ ကြာပါက ကစော်နံ့ကဲ့သို့ ချိုးမွှေးမွှေးအနံ့ရရှိလာပါက အပင်အာဟာရရွက်ဖျန်းအားဆေး ပြုလုပ်ခြင်းမှာ အောင်မြင်ပါသည်။ အပုပ်နံ့ထွက်လာပါက အသုံးပြုရန် မသင့်လျော်ပါ။ ရရှိလာသော နွားကျင်ငယ်ရည် အပင်အာဟာရရွက်ဖျန်းအားဆေးရည်အား ရေအဆ ၁၀၀ ဖြင့် ရောစပ်ကာအသုံးပြုနိုင်ပါသည်။ လီတာ ၂၀ ဆေးဖျန်း ပုံး ၁ပုံးလျှင် သီးနှံစွန့်ပစ်ပစ္စည်းများနှင့် နွားကျင်ငယ်ရည်အပင်အာဟာရ ရွက်ဖျန်း အားဆေးရည် ၂၀ စီစီနှုန်း ဖြင့် ပက်ဖျန်းခြင်းအားဖြင့် အပင်အတွက်လိုအပ်သော အာဟာရများ ဖြည့်တင်းပေးနိုင်မည်ဖြစ်ပါသည်။  

    (၃) နွားချေးဖြင့်ရောစပ်ကာ အပင်အာဟာရရွက်ဖျန်းအားဆေးပြုလုပ်နည်း 

    နွားချေးဖြင့်ရောစပ်ကာ အပင်အာဟာရရွက်ဖျန်းအားဆေးပြုလုပ်နည်းသည် သီးနှံစွန့်ပစ်ပစ္စည်း များဖြင့် ပြုလုပ်သည်ထက် ပို၍ မြန်ဆန်စေပါသည်။ ထိုသို့ ရောစပ်ရာတွင် နွားကျင်ငယ်ရည် ၁ လီတာ၊ နွားချေး ၆၀ ကျပ်သား၊ ထန်းလျက် ၆၀ ကျပ်သား၊ ရေ ၁၀ လီတာ တို့ကို မြေအိုး သို့ ပလတ် စတစ်ပုံးထဲသို့ထည့်ကာ အချဥ်ဖောက်ပေးရပါမည်။ အချိန် ၁ ပတ်ကြာပါက အပုပ်နံ့မထွက်ပဲ ကစော်နံ့ ကဲ့သို့ ချိုးမွှေးမွှေးအနံ့ရရှိလာပါက အထက်ပါနှုန်းထားအတိုင်း ရောစပ်ကာ အသုံးပြုနိုင်ပါသည်။ လီတာ ၂၀ ဆေးဖျန်း ပုံး ၁ပုံးလျှင် နွားချေးနှင့် နွားကျင်ငယ်ရည်အပင်အာဟာရ ရွက်ဖျန်းအားဆေးရည် ၂၀ စီစီ နှုန်းဖြင့် ပက်ဖျန်းပေးနိုင်ပါသည်။ ၁ ပတ် လျှင် ၁ ကြိမ်အသုံးပြုပါက အခြားဓာတုရွက်ဖျန်းအားဆေးများ မလိုအပ်တော့သည်အထိ ကောင်းမွန်လှသော သဘာဝ ရွက်ဖျန်းအားဆေးများပင်ဖြစ်ပါသည်။ 

    (၄) စွမ်းထက်အီးအမ်ပျော်ရည် (Jiv Amrit) 

    စွမ်းထက်အီးအမ်ပျော်ရည်ဆိုသည်မှာ အကျိုးပြုအဏုဇီဝမျိုးစိတ်ပေါင်း ၇၅၀၀၀ ကျော် ပါရှိ သော အပင်အားဆေးရည်ပင်ဖြစ်ပါသည်။ ပြုလုပ်ပုံမှာ လွန်စွာရိုးရှင်းလှပြီး ကုန်ကျစရိတ် လွန်စွာ သက်သာစေသော “နတ်ဆေး” ဟုပင် တင်စားရလောက်သည့် အပင်အာဟာရ အားဆေးရည်ပင် ဖြစ်ပါသည်။ စွမ်းထက်အီးအမ်ပျော်ရည်ပြုလုပ်ရာတွင် လိုအပ်သောပါဝင်ပစ္စည်းများမှာ  

    ၁. ဝါးရုံပင်အောက်မှ မြေကြီး - ၅ ကျပ်သား ( ၅၀ ကျပ်သား) 

    ၂. နွားကျင်ငယ်ရည် လတ်လတ်ဆတ်ဆတ် - ၁ လီတာ (၁၀ လီတာ) 

    ၃. နွားချေး လတ်လတ်ဆတ်ဆတ် - ၆၀ သား (၆ ပိဿာ) 

    ၄. ပဲမှုန့်အစိမ်း - ၁၅ ကျပ်သား (၁.၅ ပိဿာ) 

    ၅. ထန်းလျက် - ၁၅ ကျပ်သား (၁.၅ ပိဿာ) 

    ၆. ရေ - ၄.၅ ဂါလန် ( ၄၅ ဂါလန်) 

    ၇. ၅ ဂါလံဆန့် မြေအိုး / စဥ့်အိုး (၅၀ ဂါလံဆန့်သည့် မြေအိုး) 

    ပြုလုပ်ပုံအဆင့်ဆင့်မှာ -  

    ၁. ပထမဦးစွာ ဝါးရုံပင် သို့ အပင်ကြီးအောက်တွင်ရှိသော မြေရယူရာတွင် အပေါ်ယံမှ အမှိုက်ဆွေးများအားဖယ်ရှားက မြေကြီးထဲသို့ ၄-၅ လက်မ အနက်တူး၍ မြေကြီး ၅ ကျပ်သား ရယူပါ။ 

    ၂. ရေ ၄.၅ ဂါလံနှင့် ယူခဲ့သော မြေကြီး၊ နွားချေးတို့ကိုဖျော်ကာ ပါရှိသော အမှိုက်များကို ကုန်စင်အောင်ဖယ်ရှားပေးပါ။ အမှိုက်များပါလာပါက ပုပ်သွားတတ်၍ သေချာစွာ ဖယ်ပေးရန်လိုအပ်ပါသည်။  

    ၃. ထန်းလျက်နဲ့ ပဲမှုန့်တို့ကို ရေအနည်းငယ်ဖျော်ထားပေးပါ။ညင်သာစွာ မွှေပေးပါ။  

    ၄. ရေဖျော်ထားသော အရာများအားလုံးကို မြေအိုးထဲထည့်၍ နွားကျင်ငယ်ရည် ၁ လီတာ ပေါင်းထည့်ပြီး နှံ့စပ်အောင်မွှေပါ။ 

    ၅. အိုးပေါ်တွင် ဇကာခံ၍ အဝတ်စဖြင့်အုပ်ကာ နှုတ်ခမ်းသားပတ်ပတ်လည်ကို ကြိုးဖြင့်တင်းကြပ်စွာ ချည်နှောင်ထားပေးပါ။  

    ၆. ယင်နားပါက လောက်များတက်ကာပျက်ဆီးတတ်၍ ယင်မနားစေရန် အထူးဂရုစိုက်ပေးပါ။ 

    ၇. စွမ်းထက်အီးအမ်ပျော်ရည်ပြုလုပ်ထားသော မြေအိုးအညး အရိပ်ထဲတွင်ထားရှိကာ တစ်နေ့တစ်ကြိမ် မွှေပေးပါ။ 

    ၈. ဖျော်ပြီး နောက်ရက်တွင် အပေါ်ယံမျက်နှာပြင်တွင် မှိုမျှင်များသန်းလာပါလိမ့်မည်။ တစ်ပတ်ခန့် အကြာတွင် မျက်နှာပြင်တစ်ခုလုံးအပြည့် မှိုမျှင်ပေါင်းစုံအပြည့်ဖြင့်လွှမ်းမိုးသွားပါလိမ့်မည်။ 

    ၉. ပြုလုပ်ပြီး ၇-၁၀ ရက်အတွင်း အပုပ်နံ့မထွက်ပဲ ကစော်နံ့ကဲ့သို့ ချိုးမွှေးမွှေးအနံ့ရရှိလာပါက အသုံးပြုနိုင်ပြီး ပိုမိုအစွမ်းထက်စေပါသည်။ ထိုရက်ထက်ကျော်လွန်လာပါက အဏုဇီဝပိုးလေးများ သေဆုံးလာတတ်၍ လျင်မြန်စွာအသုံးပြုပေးပါ။ 

    ထို့ကြောင့် စွမ်းထက်အီးအမ်ပျော်ရည်သည် မိမိဒေသအတွင်းရှိ အကျိုးပြု အဏုဇီဝပိုးများကို အခြေခံ၍ ပြုလုပ်ထားပြီး ထန်းလျက်နဲ့ ပဲမှုန့်တို့အားစားသုံးစေကာ ပိုမိုပေါက်ပွားလာစေပြီး ဒေသနဲ့ ကိုက်ညီသော အပင်အာဟာရအားဆေးရည်ဖြစ်သည့်အတွက် “နတ်ဆေး” ဟူ၍ခေါ်ဆိုနိုင်စေခြင်းပင် ဖြစ်ပါသည်။ (ပါဝင်ပစ္စည်းအချိုးများတွင် ဖော်ပြပါ အပြင် နောက်တွင်ဖော်ပြထားသောအချိုးမှာ ပမာဏများများလုပ်လိုသူများအတွက် ဖြစ်ပါသည်။) 

    ------------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ -

    https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/

    ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။



  • article
  • ရိုးရိုးမြေဆွေးပြုလုပ်နည်း

    (၁) အရိပ်ရသောနေရာတွင် ဝါးငုတ်ဖြင့် အလျား(၁၀) ပေ၊ အနံ (၆)ပေ သတ်မှတ်ပါ။

    (၂) ပထမဦးစွာကောက်ရိုး၊ သစ်ရွက်ကြွေ၊ စပါးခွံ၊ မြက်ခြောက်စသည်တို့ကို ဖြန့်ခင်းပြီး (၆)လက်မ မှ(၈)လက်မအထူရအောင် ဖိသိပ်ပေးပါ။

    (၃) ရနိုင်ပါက အပေါ်မှ စဖိုပြာ(သို့မဟုတ်)ထုံး ပါးပါးဖြူးပါ။မြေဆွေးမှ အက်စစ်ထွက်လျှင် အချဉ်ဓါတ်များပြီး အဏုဇီဝများ သေစေနိုင်သောကြောင့် ထည့်ရခြင်းဖြစ်သည်။

    (၄) ထို့နောက် နွားချေးဆွေး(သို့မဟုတ်)ကြက်ချေးဆွေး စသည်တို့ကို (၂)လက်မခန့် အထူရအောက်ဖြူးပါ။

    (၅) ထို့နောက် အလွှာတိုင်းတွင် မြေကြီးလက်မဝက်ခန့်ဖြူးပါ။မြေကြီးထဲတွင် အကျိုးပြုအဏုဇီဝပါ၍ ထည့်ခြင်းဖြစ်သည်။မြေကြီးကို အရိပ်ကောင်းသောအပင်အောက်မှ အပေါ်ယံမြေ(သို့မဟုတ်)စိုက်ခင်းထဲမှ အပေါ်ယံမြေကိုထည့်ပါ။ အနုဇီဝထည့်မည်ဆိုပါက မြေကြီးအစား ဒိုချက်ကင်(သို့မဟုတ်)ထရိုင်ခိုဒါးမား(သို့မဟုတ်)အိုင်အမ် တစ်မျိုးမျိုးကိုပါးပါးဖြူးပေးပါ။

    (၆) ပြီးလျှင် အစိုဓါတ် ၅၀ ရာခိုင်နှုန်းခန့်ရှိအောင် ရေဖျန်းပေးပါ။ အီးအမ်အနုဇီဝကိုသုံးမည်ဆိုပါက ဖျန်းမည့်ရေထဲသို့ အီးအမ်နှင့်ရေကို ၁ : ၁၀၀-၃၀၀ ရောထည့်ပါ။

    (၇) ဤနည်းအတိုင်း တစ်လွှာပြီးတစ်လွှာတင်ခြင်းဖြင့် အမြင့်(၄)ပေ ရသည်အထိပြုလုပ်ပါ။(ပေါင်း ၆လွှာ-၇လွှာ)

    (၈) မြေဆွေးပုံထိပ်ပိုင်းအလျားအနံသည် အခြေထက် (၁)ပေခန့် လျော့နည်းသင့်သည်။

    (၉) ပုံပြီးပါက အစိုဓါတ်အနည်းအများကိုစစ်ဆေးရမည်။ခြောက်လွန်းပါက ရေဖျန်းပေးရ၏။မြေဆွေးပုံသည်အမြဲစိုနေရမည်။အစိုဓါတ် ၅၀ ရာခိုင်နှုန်းအမြဲရှိနေရမည်။ သို့သော် အစိုဓါတ်မများလွန်း မနည်းလွန်းစေရပါ။

    (၁၀) မြေဆွေးပုံပြီး(၁)လအကြာတွင် မြေဆွေးပုံအား အထက်အောက်လှန်ပေးခြင်းဖြင့် လေဝင်လေထွက်ကောင်းကာ ဆွေးမြေ့မှုကို လျင်မြန်စေသည်။

    (၁၁) နောက်ထပ်(၂-၃)ပတ်လျှင် တစ်ကြိမ်နှုန်းနှင့် (၂)ကြိမ်ခန့် အထက်အောက်လှန်ပေးခြင်းဖြင့်(၃-၄)လခန့်အကြာတွင်ကောင်းစွာဆွေးမြေ့ပြီဖြစ်သော မြေဆွေးမြေဩဇာကို ရရှိပါသည်။ အကြိမ်များများလှန်လျှင် ဆွေးမှုပိုမြန်ပါသည်။ အနုဇီဝများ ထည့်ပေးပါက ဆွေးမြေ့မှုပိုမြန်ပါသည်။(လိုအပ်သောပစ္စည်းများ ပြည့်စုံစွာမထည့်ပါက ပိုကြာမည်။)

    (၁၂) အပုံမလှန်လိုပါက လေဝင်လေထွက်ကောင်းရန် အခေါင်းပါပြီး ဘေးတွင်အပေါက်များဖောက်ထားသော ဝါးလုံးများကို မြေဆွေးပုံထဲထိုးစိုက်ထားပါ။ ဝါးလုံးသည် (၅)ပေခန့်ရှည်ပြီး မြေဆွေးမပုံခင် မြေကြီးတွင် ခပ်စောင်းစောင်းစိုက်ထားရပါမည်။မြေဆွေးပုံ၏ အနားစွန်းမှ (၁)ပေခွဲခန့်အကွာတွင် တစ်ခုနှင့်တစ်ခု (၃ ပေ)ခြားပြီး စိုက်ပါ။

    (၁၃) မြေဆွေးပုံများကို အရိပ်အောက်ရေမဝပ်သောနေရာတွင်သာပြုလုပ်ပါ။

    (၁၄) မြေဆွေးပုံကို အပေါ်မှပလပ်စတစ်စဖြင့် ဖုံးအုပ်ထားပါ။ ပလပ်စတစ်စ မရှိပါက ကောက်ရိုးကိုဖွ၍ အုပ်ထားပါ။ ရေငွေ့မပျံရန်နှင့် အပူဓါတ်ထိန်းရန် ဖြစ်သည်။

    သတိပြုရန်မှာ မြေဆွေးလုပ်စဉ် အပုံကို တတ်နိုင်သ၍ အလွှာတိုင်းတွင် ဖိသိပ်ပေးရန်နှင့် အစိုဓါတ်မပြတ်အောင် အမြဲထိန်းထားရန်ဖြစ်သည်။ ကျင်းဖြင့်ပြုလုပ်ပါက ပိုမိုဖိသိပ်နိုင်ပြီး အစိုဓါတ်ကို ပိုထိန်းပေးနိုင်သဖြင့် ပိုကောင်းပါသည်။ သို့သော် ကျင်းထဲရေမဝင်အောင် လုပ်ထားရန်လိုအပ်ပါသည်။ သစ်သားဇလားများရိုက်၍ ဇလားထဲဖိသိပ် ပြုလုပ်နိုင်ပါသည်။

    အပူချိန် (၃၃) ဒီဂရီစင်တီဂရိတ် အောက်ကျသွားလျှင် မြေဆွေးအဖြစ် အသုံးပြုနိုင်ပါသည်။ မြေဆွေးပုံတွင် မကောင်းသောအနံ့များ မထွက်တော့လျှင်လည်း စတင်အသုံးပြုနိုင်ပါသည်။ သိုလှောင်ထားလျှင် အရိပ်ရရှိသောနေရာတွင် သိမ်းထားသင့်ပါသည်။

    ဩဂဲနစ်အကြွင်းအကျန်ပုံကို ကြည့်ခြင်းအားဖြင့် မြေဆွေးဖြစ်မဖြစ် အကဲခတ်၍ရသည်။ မြေဆွေးသည် အမဲရောင်တပြေးညီဖြစ်ပြီး မွရွနေပါက စိုက်ခင်းတွင်အသုံးပြုနိုင်သော မြေဆွေးအဖြစ်သို့ ရောက်ရှိပြီဖြစ်သည်။

    အရည်အသွေးကောင်းသော မြေဆွေးများ ပြုလုပ်သုံးစွဲခြင်း စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။ 


  • article
  • နွားချေး စနစ်တကျ သိုလှောင်သုံးစွဲနည်း

    ပြောရရင် နွားချေးဟာ အာဟာရတန်ဖိုးအပြည့်ပါဝင်ပါတယ်။ နိုက်ထရိုဂျင်ဓာတ် ၁ ဒသမ ၄ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၂ ဒသမ ၁ ရာခိုင်နှုန်း၊ ကယ်လ်စီယမ်ဓာတ် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ်ဓာတ် သုည ဒသမ ၂ရာခိုင်နှုန်းနဲ့ ဆာလ်ဖာဓာတ် ၁ ဒသမ ၆ရာခိုင်နှုန်း၊ အခြားအနည်းလိုအာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ ပြီးတော့မြေဆွေးဓာတ်ကလည်း ၇၅ ရာခိုင်နှုန်းအထိပါဝင်တာ တွေ့ရတယ်။

    တောင်သူလယ်သမားကြီးများကို နွားချေးစနစ်တကျ သိုလှောင်သုံးစွဲနည်းလေးကိုဆွေးနွေးတင်ပြချင်ပါတယ်။ တောင်သူလယ်သမားကြီးများရဲ့ လယ်ယာသီးနှံတွေအထွက်တိုးဖို့သဘာဝကပေးထားတဲ့ အဖိုးတန်ရတနာတွေ အလဟဿ လေလွင့်ဆုံးရှုံးနေတာအလွန်နှမြောစရာပါပဲ။နွားချေးဆိုတာ လယ်သမားကြီးများအတွက် သီးနှံတွေ အထွက်တိုးဖို့ အနီးကပ်ဆုံး၊ အလွယ်ကူဆုံး၊ တန်ဖိုးအရှိဆုံးရနိုင်တဲ့သဘာဝမြေဆွေးပါပဲ။ ဘယ်မှာမှ သွားရှာစရာ မလိုဘူး။ ကိုယ့်အိမ်ဘေးမှာ ကိုယ်မွေးထားတဲ့ ကျေးဇူးရှင်နွားကြီးတွေက နေ့စဉ်ထုတ်ပေးနေတာပါ။ ကိုယ်က အလေးမထားဘူး၊စနစ်တကျမသိုလှောင်ဘူး၊အကျိုးရှိရှိမသုံးစွဲဘူးဆိုရင် ပေးကားပေး၏ မရ ဆိုသလို နှမြောစရာဖြစ်ပါတယ်။

    ပြောရရင် နွားချေးဟာ အာဟာရတန်ဖိုးအပြည့်ပါဝင်ပါတယ်။ နိုက်ထရိုဂျင်ဓာတ် ၁ ဒသမ ၄ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၂ ဒသမ ၁ ရာခိုင်နှုန်း၊ ကယ်လ်စီယမ်ဓာတ် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ်ဓာတ် သုည ဒသမ ၂ရာခိုင်နှုန်းနဲ့ ဆာလ်ဖာဓာတ် ၁ ဒသမ ၆ရာခိုင်နှုန်း၊ အခြားအနည်းလိုအာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ ပြီးတော့မြေဆွေးဓာတ်ကလည်း ၇၅ ရာခိုင်နှုန်းအထိပါဝင်တာ တွေ့ရတယ်။ ဒီလိုတန်ဖိုးရှိတဲ့ နွားချေးကို စနစ်တကျမသိုလှောင်ဘဲ မိုးရွာအစို၊နွေပူအခြောက်ပစ်ထားရင် အချိန်တန် နွားချေးကို လယ်ထဲယာထဲ ထည့်တဲ့အခါ အာဟာရမရှိတော့တဲ့ နွားချေးအခြောက်သာဖြစ်နေတယ်။ ဘာမှအကျိုးမခံစားရတော့ပါဘူး။ လူပင်ပန်းတာပဲ အဖတ်တင်ပါမယ်။

    ထို့ကြောင့် နွားချေးကို စနစ်တကျသိုလှောင်သုံးစွဲနည်းလေး အကြံပြုပေးခဲ့ပါ့မယ်။ နွားတဲဘေး၊ နွားတင်းကုပ်ဘေး၊ တံစက်မြိတ်အောက်မှာ အရှည် ၁၀ ပေ၊ အကျယ်ခြောက်ပေ၊ အနက်ငါးပေ (နွားကောင်ရေအလိုက် အရွယ်အစားကို ပြုပြင်သုံးနိုင်) နွားချေးကျင်းတူးပါ။ တူးလို့ရတဲ့မြေကို ကျင်းထဲသို့ ရေမဝင်စေရန် ပတ်ပတ်လည် ကန်သင်းအဖြစ်ဖို့ပေးပါ။ နွားတဲ၊ နွားတင်းကုပ်နဲ့တစ်ဆက်တည်း ကျင်းကို မိုးရေလုံအောင် အမိုး (အဖီ) ဆွဲချပေးပါ။ နေ့စဉ်ရလာတဲ့ နွားချေး၊ နွားခွာစာကပ်၊ နွားချေးအမှုန့်၊ အမှိုက်သရိုက်တွေ ကျင်းထဲ ထည့်ပါ။မိမိအိမ်ပတ်ဝန်းကျင်မှာရှိတဲ့ ဆွေးလွယ်တဲ့သစ်ရွက်၊အမှိုက်သရိုက်၊ မီးဖိုချောင် စားကြွင်းစားကျန်တွေကိုလည်း ထည့်ပါ။

    တစ်ပတ်ပြည့်တဲ့အခါ ကျင်းထဲမှာအိကျသွားပါမယ်။ အဲဒါကို ထွန်ခြစ်နဲ့ ဆွဲညှိပေးပါ။ ညှိပြီးရင် ဆန်ကွဲ၊ ဖွဲနု၊ ဖွဲကြမ်းတစ်ပြည်ခန့် အပေါ်က ညီညာအောင် ပက်ဖြူးပေးပါ။ အီးအမ်ဖျော်ရည် (သို့) တင်လဲရည်ကို ကြိုတင်ပြီး ဖျန်းပေးပါ။ ၎င်းအပေါ်က နောက်ထပ်နေ့စဉ်ရလာတဲ့ နွားချေးနဲ့သစ်ရွက်ခြောက်၊ အမှိုက်သရိုက်တွေ ထပ်ထည့်ပါ။ ဆန်ကွဲ၊ ဖွဲနု၊ ဖွဲကြမ်းတစ်ပြည်ခန့်ထပ်ပက်ပေးပါ။ ဒီနည်းအတိုင်း နွားချေးကျင်းပြည့်လာတဲ့အထိဆောင်ရွက်ပါ။ဒီလိုဆောင်ရွက်တဲ့အခါမှာ ကျင်းအတွင်းမှာ အကျိုးပြုဘက်တီးရီးယားကလေးများ ပွားများလာပြီး နွားချေး၊ အမှိုက်သရိုက်အားလုံး ဆွေးမြည့်သွားပါလိမ့်မယ်။ဒီအခါမှာ အာဟာရနဲ့ပြည့်ဝပြီး အလွန်တန်ဖိုးရှိတဲ့ နွားချေးမြေဆွေးရရှိလာပါတယ်။ ဒီနွားချေးကျင်းဟာ မိမိအိမ်နောက်ဖေးမှာ အဖိုးတန်တဲ့နွားချေးမြေဆွေး အမြဲထုတ်ပေးနေမယ့်မြေဆွေးစက်ရုံတစ်ရုံ တည်ထားသလို မိမိကို ရေရှည်အကျိုးပြုနေပါလိမ့်မယ်။

    အောင်ဆန်း (စိုက်ပျိုးရေး)

    -----



  • article
  • သဘာဝရွက်ဖျန်းမြေသြဇာ ပြုလုပ်သုံးစွဲနည်း

    သဘာဝရွက်ဖျန်းမြေသြဇာဆိုသည်မှာ ဒေသတွင်းရရှိနိုင်သော ပဲဖတ်၊ နှမ်းဖတ်၊ အနှစ်ရှိ သော သီးနှံကြိတ်ဖတ်၊ ကုက္ကိုလ်သီးကြိတ်ဖတ် စသည်တို့မှ ထုတ်လုပ်ထားရှိသည့် ရွက်ဖျန်း မြေသြဇာဖြစ်ပါသည်။

    သဘာဝရွက်ဖျန်းမြေဩဇာ ပြုလုပ်ရာတွင် အချိုဓာတ်ဖြည့်ပေးရန်အတွက် ထန်းလျက် (သို့မဟုတ်) တင်လဲရည်၊ အဆွေးမြန်စေရန်အတွက် ပုလဲဓာတ်မြေဩဇာ၊ အချဉ်ဖောက် ရန်အတွက် ထန်းရည်ခါး (သို့မဟုတ်) အရက်ဦးရေ (သို့မဟုတ်) ဒိန်ချဉ် (သို့မဟုတ်) ရှာလကာရည်၊ အကျိုးပြုအဏုဇီဝများပါဝင်သည့် အီးအမ်တို့ လိုအပ်ပါသည်။

    လိုအပ်သောပစ္စည်းများကို စဉ့်အိုး (သို့မဟုတ်) အုတ်ကန်ထဲတွင် ဖိသိပ်၍ထည့်ပြီး ပစ္စည်း (၁)ဆလျှင် ရေ(၂)ဆနှုန်းဖြင့် ရောပြီး၊ အဖုံးလုံအောင် အုပ်ပေးထားရမည်။

    အချိုးကျရောစပ်ထား သောအရည်ကို မနက်(၁)ကြိမ်၊ နေ့လယ်(၁)ကြိမ်၊ ညနေ(၁)ကြိမ် မွှေပေးရပါမည်။ (၁၀)ရက်မှ (၁၅)ရက်ကြာသည်အထိ အငွေ့သေအောင် မွှေပေးရပါမည်။

    (၂)လကြာလျှင် သဘာဝရွက်ဖျန်း မြေသြဇာအရည်ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။

    အပင်ငယ်စဉ်တွင် သဘာဝရွက်ဖျန်းမြေဩဇာ အမျိုးအစားပေါ်မူတည်၍ မြေဩဇာအရည်(၁)ဆလျှင် ရေအဆ(၁၀၀-၁၅၀)ခန့် ရောစပ်၍ အသုံး ပြုရမည်ဖြစ်ပါသည်။

    အပင်ကြီးလာပါက သဘာဝရွက်ဖျန်းမြေဩဇာ အမျိုးအစားပေါ်မူတည်၍ မြေဩဇာအရည်(၁)ဆလျှင် ရေအဆ(၅၀-၁၀၀)ခန့်ရောစပ်၍ အသုံးပြုရမည်ဖြစ်ပါသည်။

    (၂)ရက် ခြား တစ်ခါဖြစ်စေ၊ အပင်အခြေအနေပေါ်မူတည်၍ အကြိမ်အရေအတွက်ကို ချိန်ဆ၍ဖြစ်စေ ဖျန်းပေးရန် လိုအပ်ပါမည်။

    သဘာဝရွက်ဖျန်းမြေသြဇာကို အသုံးပြုခြင်းဖြင့် သီးနှံများ အစေ့အဆန်ပြည့်ဝစေခြင်း၊ အထွက်နှုန်းကောင်းစေခြင်း၊ အရည်အသွေးကောင်းမွန်စေခြင်းနှင့် တစ်ဧကကုန်ကျစရိတ်ကို လျော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။

    Source - စိုက်ပျိုးရေးသုတေသနဦးစီးဌါန



likes
0
comments
0
views
7