cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သင်္ဘောပင် စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
သင်္ဘောပင် စိုက်ပျိုးနည်း
  • article

  • သင်္ဘောပင်သည် ပူအိုက်စွတ်စိုသော ဒေသကို ကြိုက်နှစ်သက်သည်။ အပူပိုင်းနှင့် အပူလျော့ ဒေသများတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် အနှံ့အပြား စိုက်ပျိုးကြသော်လည်း မိုးများလွန်းခြင်း၊ ရေဝပ်ခြင်းကို မကြိုက်ပေ။ သင်္ဘောပင်တွင် အဖိုပင်၊ အမပင်၊ လိင်စုံပင်ဟူ၍ အဓိက သုံးမျိုးရှိသည်။ အမပင်နှင့် လိင်စုံပင်များမှာ အသီးသီးသည်။ အဖိုပင်သည် ပန်းပွင့်စောထွက်လေ့ရှိပြီး အခိုင်လိုက်ပွင့်သည်။ ပုံမှန်အဖိုသည် အသီးသီးလေ့ မရှိသော်လည်း အပင်ထိပ်ပိုင်းဖြတ်ပေးခြင်းဖြင့် အဖိုပွင့်များကြားတွင် အမပွင့်များ ဖြောင့်လာကာ အသီးငယ် သီးလာတတ်သည်။ ၎င်းကို သင်္ဘော ပဒေသာပင် ဟုခေါ်ကြသည်။

    အမပင်သည်အပွင့် ပွင့်သဖြင့် မျိုးအောင်ရန်အတွက် အခြားအပင်မှ ဝတ်မှုံကူးပေးရသည်။ ထို့ကြောင့် စီးပွားဖြစ်စိုက်ခင်းများတွင် အမပင် ၂၀-၃၀ ပင်လျှင် အထီး တစ်ပင် စိုက်ပေးရမည်။ လိင်စုံပင်သည် ပွင့်ရာတွင် ပွင့်တံတစ်ခုမှ အပွင့်နှစ်ပွင့်၊ သုံးပွင့် ပွင့်တတ်သည်။ အပွင့်များတွင် အမ အင်္ဂါနှင့် အဖိုအင်္ဂါများ ပါရှိသည်။

    ရာသီဥတု အပေါ် မူတည်၍ အဖိုပွင့်၊ အမပွင့်များ ရော၍ ပွင့်လာတတ်သည်။ သင်္ဘောပင် စိုက်ပျိုးရာတွင် အပင်ပုပုနှင့် အသီးများများသီးရန် လိုအပ်သည်။ အပင်ရှည်သွားပါက အသီးနည်းပြီး အသီးငယ်တတ်ပါသည်။ အဓိက စိုက်ပျိုးချိန်ကို သတိထားရမည်ဖြစ်သည်။ သင်္ဘော စိုက်ပျိုးရေးတွင် ပညာပေးစာစောင်တစ်ခုတွင် ကဆုန်လမှ ဝါဆိုလ (နွေနှောင်းမိုးဦးကျ) ဟု ဖော်ပြထားသည်။

    သင်္ဘောပင်တို့သည် နှစ်လမှ ငါးလတွင် အပွင့်ပွင့်တတ်ပြီး ပန်းပွင့်ပြီးနောက် နှစ်လကြာလျှင် အသီးရင့်မှည့်သည်။ ထို့ကြောင့် မိုးနှောင်းတွင် စိုက်ပျိုးလျှင် နွေအကုန်တွင် အပွင့်ပွင့်မည်၊ သီးမည်။ မိုးတွင်းကာလ၌ ဆက်လက်ပွင့်သီး ဦးမည်။ မိုးတွင်ပွင့်က အသီးတင်နည်းခြင်း တို့ကြောင့်ဖြစ်သည်။ နွေနှောင်းတွင် စိုက်ပျိုးပါက အပင်သည် ကြီးထွားဆဲ ကာလ၊ အပင်နှစ်လသားမှ ငါးလသားအထိ မိုးတွင်းကို ဖြတ်သန်းရမည်။ ထို့ကြောင့် အပင်ကြီးထွားနှုန်း ကောင်းပြီး အပင်အရပ်မြင့်သွားနိုင်သည်။

    ထို့ကြောင့် တချို့က ဆောင်းနှောင်းပိုင်းတွင် စိုက်သင့်သည် ဟုဆိုပါသည်။ (ကသာမြို့၊ နွယ်သာကီ စိုက်ပျိုးခြံပိုင်ရှင် ဦးအောင်ဇော်လင်း အတွေ့အကြုံအရ စက်တင်ဘာလတွင် (တော်သလင်းလပြည့်နှင့် သီတင်းကျွတ်လပြည့်အတွင်း) စိုက်ပျိုးခြင်းကို ပိုကြိုက်သည်ဟုဆိုသည်) နှစ်လမှ ငါးလအတွင်း အပွင့်ပွင့်ပြီး စသီးသဖြင့် နှစ်လခန့်ကြာပြီးနောက် မိုးလွန်ချိန်၊ အသီးကြီးချိန်ကိုက်ဖြစ်သည်။

    မတ်လတွင် စတင်ရောင်းချပြီး ကျန်ပွင့်များ ဆက်လက်ပွင့်ပြီး မိုးဦးကျတွင် အသီးများဖြိုင်ဖြိုင်ပွင့်သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် ပေ ၃ဝဝဝ အထက်မြင့်ပြီး ဆောင်းဥတုတွင် အအေးဓာတ်များများ၊ ဆီးနှင်းကျခြင်းကြောင့် အပင်များ သေသွားနိုင်ပါသည်။ မျိုးစေ့ကို အခြောက်လှန်းပြီး သိုလှောင်ထားသော မျိုးစေ့များကို စိုက်ပျိုးပါက သုံး၊ လေးနာရီ ရေစိမ်ပြီးမှ စိုက်ပျိုးသင့်သည်။ အစိုစိုက်ပါက အကျိအချွဲများဖယ်၍ ရေမစိမ်ဘဲ စိုက်ပျိုးနိုင်သည်။ သင်္ဘောပင် စိုက်ပျိုးရာတွင် အစေ့ကို ပျိုးထောင် စိုက်ပျိုးကြသည်။ တချို့က အပင်များမှ အတက် များကို အရင်းပိုင်းမှ အဖုလေးများပါအောင်ဖြတ်ယူပြီး ပျိုးထောင်၍ စိုက်ပျိုးကြသည်။

    ပျိုးထောင်မြေသည် နွားချေးဆွေး၊ သဲ၊ မြေကြီးတို့အတူ ရောစပ်ထားသောမြေကို ပလတ်စတစ်အိတ်တွင် ထည့်ထားပြီး နှပ်ထားရန် လိုအပ်သည်။ သင်္ဘောစေ့ကို အိတ်ထဲထည့်ရာတွင် မြေနက်နက်ဖုံးမိပါက အစေ့ပုပ်သွားတတ်သည်။

    ဘောင်ပေါ်တွင် စိုက်ပါက တစ်တန်းနှင့်တစ်တန်း ခြောက်လက်မခြား၍ တစ်ပင်နှင့်တစ်ပင် လေးလက်မထားပြီး ပျိုးထောင်ရပါမည်။ အပေါ်မှ ကောက်ရိုးပါးပါးဖုံး၍ ရေလောင်းပေးပါ။

    ပျိုးပင်တစ်လခွဲသား၊ နှစ်လတွင် အမြင့် ငါးလက်မ၊ ခြောက်လက်မခန့်ရှိသောအပင်ကို စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပါ။ တစ်ဧကစိုက်ခင်းအတွင် မျိုးစေ့ ၁၅၀-၂၀ဝ ဂရန်ခန့်လိုအပ်ပါသည်။ အဖိုပင်သည် အမပင်ထက် ပို၍သန်စွမ်းသည်။သင်္ဘောအဖိုပင်များတွင် အမပင် ၄၀-၆၀ ရာခိုင်နှုန်းအထိ ပါရှိတတ်ပါသည်။ တချို့က သင်္ဘောပင်ပျိုးထောင်ရာတွင် သွပ်ပြားကို အောက်မှာခံပြီး မြေသား လေးလက်မခန့်အထူခင်း၍ ပျိုးထောင်ကြသည်။

    အဖိုပင်သည် အမပင်ထက် သန်စွမ်းသောကြောင့် အမြစ်သည် အောက်တွင်ခံထားသော သွပ်ပြားနှင့် မြန်မြန်ထိလွယ်ပေရာ ပြောင်းရွှေ့ချိန်တွင် အဖိုပင်များသည် ညှိုးနွမ်းလေ့ရှိသည်။ အဖိုအမခွဲခြားရာတွင် ဤနည်းကို အသုံးပြုကြသည်။ စိုက်ပျိုးသောနေရာသည် ရေမဝပ်သောနေရာဖြစ်သည်။ တချို့က ဘောင်ပြုလုပ်ပြီး ဘောင်ပေါ်တွင် တစ်ကျင်းနှင့် တစ်ကျင်း အကွာအဝေးမျိုးကိုလိုက်၍ ရှစ်ပေ-၁၂ ပေအထိ ထားကြသည်။ စိုက်ပျိုးသူများ အနေဖြင့် ၈_၈ ပေအကွာနှင့် ၉_၉ ပေ အကွာစိုက်ကြ၏။ မိုးများသောဒေသများတွင် တစ်ပေပတ်လည် ကျင်းတူးကြသည်။ နွားချေးဆွေး (သို့) သစ်ရွက်ဆွေးခွဲတောင်း တစ်လုံးခန့် ထည့်ပေးရမည်။

    သင်္ဘောပင် စိုက်ပျိုးရာတွင် ဖိုခနောက်ဆိုင် သို့မဟုတ် လေးကွက်ကျား စနစ် စိုက်ပျိုးကြသည်။ တစ်ဧကကွက်ကြားစနစ်ဖြင့် ၈_၈ ပေ အကွာအဝေး စိုက်ပျိုးပါက သင်္ဘောပင် ၆၈၀ ခန့် ဝင်ဆံ့သည်။ စိုက်ပျိုးခါနီးလျှင် ကျင်းများပေးတွင် သစ်ရွက်ခြောက်များပုံ၍ မီးရှို့ထားပေးရမည်။ စိုက်ပြီးပါက အပင်ပတ်လည်တွင် ကောက်ရိုးကျဲကျဲ ဖုံးအုပ်ထားသင့်သည်။ မိုးရာသီတွင် aကာက်ရိုးအား ဖယ်ရှားပေးရမည်။

    ရေလောင်းလျှင် အပင်ရင်း မထိအောင် လောင်းရမည်။ ပြောင်းရွှေ့စိုက်ပျိုးပြီး တစ်ပတ်အတွင်းအပင်သေလျှင် ပြန်လည်ဖာထေးပါ။ စိုက်ပျိုးပြီး ၁၄ ရက်အတွင်း ရေကို နေ့စဉ်လောင်းပါ။ စိုက်ပျိုးသောမျိုးသည် လိင်စုံမျိုး ပျိုးပင်စိုက်ပျိုးပါက တစ်ကျင်းလျှင် တစ်ပင်ကျစိုက်ပျိုးရမည်။ အဖို၊ အမမသေချာပါက တစ်ကျင်းနှစ်ပင် စိုက်ရမည်။ အစေ့စိုက်ပါက အစေ့များများစိုက်ပါ။ စီးပွားဖြစ် စိုက်ပျိုးသော စိုက်ခင်းများတွင် အစ၊ အလယ် ၂၀-၃၀ တွင် အဖိုတစ်ပင်နှုန်း စိုက်ပါ။

    အသီးသီးချိန်တွင် အသီးများပြွတ်ခဲနေသဖြင့် အပင်မလဲရန် အပင်ခြေကို မြေဖို့ပေးရမည်။ မြေဩဇာကျွေးရန် မတတ်နိုင်ပါက မီးဖိုပြာ၊ ဖွဲပြာများ တစ်ပင်လျှင်တစ်ပေါင်နှုန်းကျွေးနိုင်သည်။ စိုက်ကျင်းများကို ခြောက်လတစ်ကြိမ်၊ နွားချေးဆွေး တစ်တောင်းခန့် ကျွေးရမည်။ နွားချေးမြေဩဇာ ကျွေးချိန်တွင် တစ်ဧကလျှင် ယူရီးယား ၁၂ပေါင်၊ တီစူပါ ၂၄၀ ပေါင်၊ ပိုတက် ၂၄၀ ပေါင်နှုန်းကျွေးရမည်။ ဓာတ်မြေဩဇာကို အမြစ်များသွားရာအထိ ဖျန်းပက်ပေးရမည်။

    မြေဩဇာကျွေးချိန် ရေဝဝလင်လင် လောင်းရမည်။ မဂ္ဂနီယမ် ချို့တဲ့သောမြေတွင် သင်္ဘောများဝါလာခြင်း၊ အသီးတွင်အနံ့ အရသာညံ့ဖျင်းခြင်း၊ အသီးတွင် သကြားဓာတ်နည်းသွားခြင်းဖြစ်သည်။ မဂ္ဂနီယမ်ဓာတ်ချို့တဲ့ကမဂ္ဂနီယမ်ဆာလဖိတ်(ဓာတ်ဆား) ကို ရေနှင့်ဖျော်၍ အရွက်ပေါ်တွင် နှံ့အောင်ဖျန်ပေးရမည်။ သင်္ဘောပင် အပွင့်ပွင့်သောအခါ ပန်းခိုင်တစ်ခိုင်လျှင် အကြိုက်ဆုံးပန်းပွင့် တစ်ပွင့်စီသာချန်၍ ကျန်အပွင့်များ ချွေပစ်ရမည်။

    ဤသို့ပြုလုပ်ခြင်းဖြင့် အသီးကြီးစေမည်။ တချို့ကအသီးသီးမှ ညှက်နေသော အသီးညှက်များကို ဖယ်ရှားပစ်သည်။ အသီးကြီး ၁၀ လုံးမှ ၁၅ လုံးအထိသာ ထားကြသည်။ စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပြီး လေးငါးပတ်ကြာလျှင် ပန်းပွင့်စပွင့်၏။ ခြောက်လကြာလျှင် အသီးများ စတင်သီးသည်။ သုံးနှစ်သားအရွယ်အထိ အသီးအတွက် ကောင်းသည့်မျိုးကိုလိုက်၍ တစ်ပင်လျှင် အသီး ၅၀ မှ ၁၀ဝ အထိ သီးနိုင်သည်။

    သင်္ဘော ပင်များကို ရှစ်ပေလေးကွက်ကျစနစ်ဖြင့် စိုက်ပါက သင်္ဘောပင်တစ်ပင်သည် ပျမ်းမျှ အသီး၇၀ ခန့်သီးလျှင် တစ်ဧကမှာ အသီးပေါင်း ၄၇၆၀ဝ ရရှိနိုင်ပါမည်။

    သင်္ဘောပင်တွင် ကျရောက်သော ရောဂါများ

    အရင်းပုပ်ရောဂါ (ခ) ခါးပုပ်ရောဂါ (မှိုရောဂါ) အပင်ရင်းတွင် ရေဝပ်လျှင် အပင်ပုပ်ပြီး လဲကျတတ်သည်။ခါးရိရောဂါ(မှိုရောဂါ၊ ပျိုးပင်များတွင် မြေစိုလွန်းပါက ကျတတ်သည်။ ပျိုးမြေကို ပြောင်းစိုက်ပါ။ အသီးပုပ်ရောဂါ (မှိုရောဂါ)အသီးရင့် မှည့်လုနီးစဉ် ဖြစ်တတ်ပြီး အနားကွပ်သည့် ခွက်က ပုပ်သည်။ အသီးေြွကကျသည်။ ဖားဥမှိုရောဂါ၊ အရွက်အောက် မျက်နှာပြင်တွင်အဖြူ ရောင်အမှုန့်များ တွေ့ရသည်။ သင်္ဘောရွက် ကွက်ပြောက်ရောဂါ (ဗိုင်းရပ်စ်ရောဂါ၊ အပင်ရင်းရှိ ကွက်ပြောက်ငယ်များ ဖြစ်ပေါ်သည်) သင်္ဘောရွက်များတွင် အတွင်းအပြင်၌ ယင်ဖြူဥပါက ချက်ချင်းမဖယ်ရှားလျှင် သေနိုင်သည်။ သင်္ဘောရွက်မညီ၊ ကွက်ကျားရောဂါ (ဗိုင်းရပ်စ်ရောဂါ၊ အရွက်များ၏ အစိမ်းရောင်သည် မညီမညာဘဲ ကွက်ကျားဖြစ်နေသည်။)

    မြေတစ်ဧက၊ နှစ်ဧကရှိလျှင် သစ်သီးဝလံစိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေသည်။ နှစ်တိုးအကျိုးရှိမည်။ (သင်္ဘောပင်စိုက်ပျိုးနည်းကို လက်တွေ့စိုက်ပျိုးသော ဦးအောင်ဇော်လင်း၊ ဒေါ်ကေခိုင်ထွန်း နွယ်သာကီစိုက်ပျိုးရေးခြံ၊ ညောင်ခြေထောက်၊ ကသာမြို့၏ အတွေ့ အကြုံများအပေါ် အခြေပြု၍ ရေးသားပါသည်။)

    ထွန်းလှိုင် (မြိုင်)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


likes13comments0
views3898