ကျွဲ၊ နွား၊ ဆိတ်မှအစ ငါး၊ ပုဇွန်အဆုံး မွေးမြူရေးမှာ အသုံးဝင်လွန်းလှတဲ့ အီးအမ်
(၁) အီးအမ်ကို တိရစ္ဆာန် သောက်ရေထဲမှာ ထည့်ခြင်း
အီးအမ်အပြင်းကို တိရစ္ဆာန်သောက်ရေထဲတွင် (၀.၀၁%) မှ (၁%) အထိ ထည့်ပေးခြင်းအားဖြင့် အစာလမ်းကြောင်းရှိ အဏုဇီဝများ၏ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာပြီး တိရစ္ဆာန်များ၏ ကျန်းမာရေးကောင်းမွန်လာမည်။ တိရစ္ဆာန်မစင်မှ အနံ့ဆိုးများ လျော့နည်းလာမည်ဖြစ်သည်။ တိရစ္ဆာန်အရွယ်ကြီးလျှင် နှုန်းပိုထည့်ရမည်။
(၂) အီးအမ်ဘိုကာရှီကို အစာထဲတွင် ထည့်ကျွေးခြင်း
တိရစ္ဆာန်အတွက် ဘိုကာရှီပြုလုပ်၍ အစာထဲတွင် (၁%) မှ (၅%)အထိ ရောကျွေးခြင်းအားဖြင့်လည်း အထက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ တိရစ္ဆာန်အတွက် ဘိုကာရှီပြုလုပ်ရာတွင် ဖွဲနုနှင့် နှမ်းဖတ် (သို့) ပဲဖတ်ကို ဆတူရော၍ ပြုလုပ်နိုင်ပါသည်။
(၃) အီးအမ်ကို မွေးမြူရေးခြံအနှံ့ ပက်ဖျန်းပေးခြင်း
အသင့်သုံးအီးအမ်ကို ရေနှင့် (၁:၁၀၀၀) နှုန်းရောပြီး မွေးမြူရေးခြံနံရံများ၊ ကြမ်းပြင်များနှင့် ခြံပတ်ဝန်းကျင်နေရာများသို့ (၇) ရက်ခြား တစ်ကြိမ်ပက်ဖျန်းပေးခြင်းအားဖြင့် အနံ့ဆိုးများ ပျောက်ကင်းပြီး တိရစ္ဆာန်များ ကျန်းမာရေးကောင်းမွန်လာပါမည်။
(၄) တိရစ္ဆာန် မစင်ကန်ထဲသို့ အီးအမ်ထည့်ခြင်း
တိရစ္ဆာန်မစင်ကန်ထဲ အီးအမ်ကို ကန်ထုထည်၏ (၁%)ထည့်ခြင်းအားဖြင့် အနံ့ဆိုးများမထွက်ခြင်း၊ မိလ္လာထုထည် လျော့ကျသွားခြင်း၊ ရောဂါပိုမွှားများကိုသေစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိပါမည်။
(၅) ငါးမွေးမြူရေးတွင် အီးအမ်ကို အသုံးပြုခြင်း
အီးအမ်အပြင်းကို ငါးကန်ရေထု၏ (၀.၀၁ %) မှ (၀.၁%) အထိ နှစ်ပတ်တစ်ကြိမ်ထည့်ပေးခြင်းဖြင့် ကန်ရေထုတ်သန့်ရှင်းလာပြီး ငါးများ၏ ကျန်းမာရေး ကောင်းလာစေကာ အထွက်တိုးစေပါသည်။ တိရစ္ဆာန်အတွက် ပြုလုပ်သော ဘိုကာရှီကို ငါးစာထဲ (၁-၅%) ရောထည့်ကျွေးနိုင်ပါသည်။ အီးအမ်အပြင်းကို ပုဇွန်မွေးမြူရေးတွင်လည်း အသုံးပြုနိုင်ပါသည်။
မှတ်ချက်
-မွေးမြူရေးတွင် အီးအမ်နှင့် ပဋိဇီဝဆေး တွဲမသုံးပါနှင့်။
-တွဲဖက်သုံးလျှင် ရက်ခြားသုံးပါ။
-အီးအမ်ကို အပြည့်အဝ ထိထိရောက်ရောက် သုံးလျှင် ပဋိဇီဝဆေးသုံးရန် မလိုပါ။
Source: အကျိုးပြုအဏုဇီဝ (အီးအမ်) နည်းပညာ စာအုပ်မှ ရေးသားဖော်ပြပေးလိုက်ပါသည်။