အီးအမ်-၅ဖြင့် ပိုးမွှား၊ ရောဂါ ကာကွယ်ကြမယ်👊👊
အီးအမ်-၅ ကို အင်းဆက်ပိုးများနှင့် ရောဂါများ ကာကွယ်ရာတွင် အသုံးပြုနိုင်သည်။ အထူးသဖြင့် အင်းဆက်နှိမ်နင်းရာတွင် သုံးပါသည်။ သို့သော် အီးအမ်-၅ သည် အင်းဆက်ပိုးများကို သေစေသော ဓာတုဗေဒဆေး မဟုတ်ပါ။ အင်းဆက်ပျံ့ပွားမှုကို ထိန်းချုပ်ပေးသည်။ အီးအမ်-၅သည် အင်းဆက်ပိုးမွှားများ၏ အစာကိုစား၍ မရသော အညစ်အကြေးအဖြစ် ပြောင်းလဲပေးသည့်အတွက် အင်းဆက်များ အစာမစားနိုင်ဘဲ အရေအတွက် တဖြည်းဖြည်း လျော့နည်းစေသည်။
ပါဝင်သော ပစ္စည်းများ
ရေ - ၆၀၀ စီစီ
တင်လဲရည် - ၁၀၀ စီစီ
ရှာလကာရည် - ၁၀၀ စီစီ
အရက် (သို့) အရက်ပျံ(၃၀-၃၅ % ) - ၁၀၀ စီစီ
အီးအမ်အပြင်း - ၁၀၀ စီစီ
#ပြုလုပ်ပုံ
ရေနှင့် တင်လဲရည်ကို ပျော်အောင် ဦးစွာဖျော်ပါ။
၎င်းအရောထဲသို့ ရှာလကာရည်နှင့် အရက်ကို ထည့်ပြီး မွှေပါ။
ထို့နောက် အီးအမ်ကို ထည့်ပါ။
ပလပ်စတစ်ပုံးထဲတွင် လေဟာနယ် မရှိအောင် ထည့်ပြီး အဖုံးလုံအောင် ပိတ်ထားရမည်။
( ၁၀ - ၁၅ ) ရက်ကြာလျှင် စတင်သုံးစွဲနိုင်သည်။
၎င်းပုံးကို အေး၍ မှောင်သောနေရာ (အပူချိန် ၂၀-၃၀ ဒီဂရီစင်တီဂရိတ်) ရှိသောနေရာတွင် ထားပါ။
တိုက်ရိုက်နေရောင်ခြည် မထိတွေ့စေရ။
ရေခဲသေတ္တာထဲ မထည့်ရ။
အီးအမ်-၅ ပြုလုပ်ပြီး ၆ လအထိ ထား၍ သုံးစွဲနိုင်ပါသည်။
#အသုံးပြုပုံ
အပင်ပေါက်လာပြီး ဖျက်ပိုးများ မကျမီ စတင်ဖျန်းပါ။ ၃ ရက်ခြားတစ်ကြိမ် ရေနှင့် (၁:၂၀၀) သို့မဟုတ် (၁:၅၀၀) နှုန်းဖြင့် ရော၍ ပက်ဖျန်းပါ။ မနက်ပိုင်းနှင့် ညနေပိုင်း နေအေးချိန်များတွင် ဖျန်းပါ။
#အကျိုးကျေးဇူးများ
အီးအမ်-၅ ကို အသုံးပြုခြင်းသည် အသုံးပြုသည့်မြေ၊ စိုက်ပျိုးသည့် သီးနှံပေါ်မူတည်ပြီး အီးအမ်-၅ ၏ အာနိသင် အကောင်းဆုံး အခြေအနေကို ရရှိ၍ ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနိုင်ပါသည်။ လယ်သမားများအတွက် စီးပွားရေး တွက်ခြေကိုက် စေပါသည်။ အီးအမ်-၅ ကို လွယ်ကူစွာနှင့် စျေးသက်သာစွာ ပြုလုပ်နိုင်သည်။ သီးနှံတစ်ခု ရိတ်သိမ်းပြီးနောက် သီးနှံအကြွင်းအကျန်များကို မြေထဲသို့ ထယ်ထိုးမြေမြှုပ်ကာ နောက်သီးနှံ မစိုက်မီ အီးအမ်-၅ ကို ဖျန်းပေးခြင်းဖြင့် နောက်ဆုံးတွင် ရောဂါနှင့် အင်းဆက်ပိုးတို့၏ သံသရာမလည်အောင် ထိန်းထားနိုင်ပါသည်။
Source: ပါမောက္ခဒေါက်တာမြင့်လွင်၏ အကျိုးပြု အဏုဇီဝ ( အီးအမ် ) နည်းပညာ စာအုပ်မှ