ရေနစ်မြုပ်စပါး ကုသနည်း
စပါးပင်တွေ အထွက်နှူန်းကောင်းဖို့အတွက်ဆိုရင် အပင်တွေ ကြီးထွားချိန်မှာ အာဟာရကောင်းကောင်း ရရှိနေရမယ်။ ပိုးမွှား၊ရောဂါကင်းရှင်းနေရမယ်။ ရေ၊ လေ၊ နေရောင်ခြည် ကောင်းကောင်းရရှိဖို့ လိုအပ်ပါတယ်။ အခုလို မိုးရာသီကာလမှာ နေရာဒေသတော်တော်များများ ရေကြီးရေလျှံဖြစ်နေတာကို ကြားနေရပါတယ်။ ရေကြီးရေလျှံမှုတွေဟာ တောင်သူဦးကြီးတို့ရဲ့ စိုက်ပျိုးသီးနှံတွေကို ထိခိုက်စေပြီး စားနပ်ရိက္ခာဖူလုံမှုကို ခြောက်လှန့်လာပါတယ်။ ဆန်၊ စပါးဆိုတာ အာရှမှာ စားသုံးမှု အများဆုံးသီးနှံဖြစ်ပြီး လူဦးရေတိုးတက်လာတာနဲ့အမျှ လိုအပ်ချက်လည်း များလာပါတယ်။ စပါးပင်တွေဟာ ရေကြိုက်တယ်ဆိုပေမယ့်လည်း ပြင်းထန်တဲ့ မိုးဒဏ်ကို မခံနိုင်သလို စိုက်ခင်းထဲ ရေများလွန်းတာကလည်း မကောင်းပါဘူး။ ဒါ့ကြောင့် စပါးစိုက်တောင်သူဦးကြီးတို့အတွက် စပါးစိုက်ခင်းတွေ ရေနစ်မြုပ်ပြီးနောက် ကြုံလာရတာတွေကို ဖြေရှင်းနည်းနိုင်ဖို့ ပြောပြချင်ပါတယ်…..
- စိုက်ခင်းထဲ ရေလွှမ်းနေပြီဆိုရင် ဖြစ်နိုင်သမျှ မြန်မြန် ရေထုတ်ပေးရပါမယ်။ ထုတ်ထားတဲ့ရေတွေ အခင်းထဲ ပြန်မဝင်အောင်၊ အဝေးသို့ စီးဆင်းအောင် ရေထုတ်မြောင်းတို့ ပြုလုပ်ရပါမယ်။
- ရေလွှမ်းခြင်းရဲ့ နောက်ဆက်တွဲပြဿနာအနေနဲ့ စိုက်ခင်းမြေတွေကြပ်တာမျိူး ဖြစ်တတ်ပါတယ်။ မြေတွေကြပ်လာတာကြောင့် မြေသားထဲ လေဝင်လေထွက်လျော့နည်းလာပြီး အပင်မြစ်ကနေ အောက်ဆီဂျင် ရရှိနိုင်မှု ကန့်သတ်ခံလိုက်ရပါတယ်။ လေဝင်လေထွက်ကောင်းအောင်၊ ရေတွေ အောက်ဘက်စိမ့်ထွက်သွားအောင် ပြုလုပ်ပေးရပါမယ်။
- ရေကြီးရေလွှမ်းပြီးနောက်ပိုင်း ရေကျသွားတဲ့ဒေသတွေမှာ အပင်ဖျက်ပိုးမွှားနဲ့ ရောဂါတွေ နောက်ဆက်တွဲ ပါလာတတ်ပါတယ်။ ရာသီဥတုအခြေအနေကြောင့်လည်းကောင်း၊ ရေကြီးမှုကြောင့်လည်းကောင်း ဖြစ်တတ်ပါတယ်။
- လောင်မီးဖျက်ပိုးဟာ မိုးပုံမှန်ထက်များတဲ့ နှစ်များမှာ ကျရောက်မှု နည်းပါးတတ်သော်လည်း ရေကြီးနစ်မြုပ်ပြီး ရေပြန်ကျသွားတဲ့ စိုက်ခင်းတွေမှာ၊ ရေဝပ်တဲ့နေရာတွေမှာ ကျန်ရှိတတ်တာကြောင့် ဂရုစိုက်ကာကွယ်ရပါမယ်။ စပါးရွက်ထိပ်ဖျားတွေမှာ ဥတွေ အုတတ်တာကြောင့် ဥတွေရှိနေတဲ့ ထိပ်ဖျားတွေ ဖြတ်ပစ်တာ၊ ပျိုးခင်း၊စိုက်ခင်းတွေမှာ မစိုက်ခင် ဆေးရွက်ကြီးမှုန့်ထည့်ပေးတာမျိုး ပြုလုပ်ပေးရပါမယ်။
- ဖြုတ်ပိုးဟာ ရေလွှမ်းတဲ့ စိုက်ခင်းတွေရဲ့ စပါးပင်အောက်ခြေ ရွက်ဖုံးတွေထဲမှာ နေထိုင်ပြီး စုပ်စားပါတယ်။ နေ့ဘက်တွေမှာ အပင်ရဲ့အမှောင်တွင်းမှာ စုပ်ယူစားသောက်တာကြောင့် စပါးပင်ပျက်စီးမှုကိုမြင်မှ သိတတ်ရတတ်ပါတယ်။ ပိုင်မီထရိုဇိုင်း၊ ဒိုင်နိုတီဖျူရမ် စတဲ့ ပင်လုံးပြန့်ဆေးအဆိပ်တို့ကို အသုံးပြုနိုင်ပါတယ်။
- ဘတ်တီးရီးယား ရွက်ခြောက်ရောဂါဟာ ရေကြီးတဲ့ဒေသတွေမှာ ပိုမိုအဖြစ်များပါတယ်။ ကာစူကာမိုက်စင်၊ ကော့ပါးအောက်ဆီကလိုရိုက် စတဲ့ ဆေးအဆိပ်ရှိတာတွေကို အသုံးပြုနိုင်ပါတယ်။
ပင်ခြေပုပ်ရောဂါဟာဆိုရင်လည်း ရေဝပ်မြေ၊ ရေလွှမ်းခံရမြေ၊ စိမ့်ကိုင်မြေတွေ ဖြစ်ပွားတတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဒိုင်ဖီနိုကိုနာဇော၊ အဇိုဇီစတိုဘင် စတဲ့ ဆေးအဆိပ်တို့ကို အသုံးပြုနိင်ပါတယ်။
- ကျွေးထားတဲ့အာဟာရဓာတ်တွေလည်း ရေကြီး၊ ရေလျှံတာနဲ့အတူ မျောပါသွားတာကြောင့် အာဟာရဓာတ်တွေ အများကြီး ဆုံးရှုံးရတတ်ပါတယ်။ ဒါ့ကြောင့် မြေကို ပြန်လည်စစ်ဆေးပြီး လိုအပ်တဲ့ အာဟာရဓာတ်ကို ကျွေးပေးဖို့ လိုအပ်ပါမယ်။ လုံလောက်တဲ့ အာဟာရဓာတ်က စိုက်ပျိုးပင်တွေကို ပင်လည် ကျန်းမာလာစေပါတယ်။ အလွယ်တကူ မိုးရေနဲ့အတူ ဆုံးရှုံးနိုင်တဲ့ အာဟာရဓာတ်တွေကတော့ အများလိုအာဟာရဓာတ်တွေဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်နဲ့ အနည်းလိုအာဟာရဓာတ်တို့ဖြစ်တဲ့ သွပ်ဓာတ်နဲ့ သတ္တုဓာတ်တို့ ဖြစ်ပါတယ်။ အာဟာရဓာတ်မြန်မြန်ထုတ်ပေးတဲ့ မြေသြဇာတွေ ကျွေးပေးတာက အပင်တွေကို မြန်မြန်ရယူ စားသောက်စေပါတယ်။ တချို့မြေသြဇာတွေကို ရွက်ဖျန်းအနေနဲ့ အသုံးပြုပြီးကျွေးတာက အပင်က မြန်မြန်စုပ်ယူစားသောက်နိုင်ပြီး ချို့တဲ့တာကို အမြန်ကုစားနိုင်ပါတယ်။ အပင်သက်တမ်းကို စစ်ဆေးပြီးလည်း သက်တမ်းအလိုက်လိုအပ်တဲ့ အာဟာရဓာတ်ကို ထည့်ပေးနိုင်ပါတယ်။ မိုးဒဏ်ပြင်းထန်တာနဲ့အတူ အပင်ယိုင်လဲတာတွေ ဖြစ်တတ်တာကြောင့် ပင်စည်ဆဲလ်တွေ တောင့်တင်းခိုင်မာလာစေဖို့ ပိုတက်ဆီယမ်ကျွေးပေးဖို့ လိုပါတယ်။
- မြေဆီလွှာရဲ့ မြေချဉ်၊ ငံဓာတ်ကို စစ်ဆေးပြီး ပြုပြင်ပေးရပါမယ်။ အပင်က မခံနိုင်တဲ့ ချဉ်လွန်း၊ ငံလွန်းတဲ့ အနေအထားမှာ ဆိုရင် အပင်တွေက အာဟာရကို ကောင်းကောင်း စုပ်မယူနိင်ဘဲ ဖြစ်တတ်ပါတယ်။
- ရေနစ်မြှပ်ခြင်းကြောင့် ထိခိုက်သွားတဲ့၊ သေနေတဲ့ အပင်အစိတ်အပိုင်းတွေကို ဖယ်ပေးရပါမယ်။ ဒါမှ ကျန်းမာနေတဲ့ အစိတ်အပိုင်းတွေဘက် အားပြန်လည်ရောက်ရှိလာသလို ရောဂါ၊ ပိုးမွှားကျရောက်တာကိုလည်း အတိုင်းအတာတစ်ခုထိ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
- ရေလွှမ်းနေချိန်မှာ အပင်တွေက ရေလုံလုံလောက်လောက် စုပ်ယူနေပြီးသားဖြစ်တာကြောင့် နောက်ပိုင်း ရေသွင်းချိန်တွေမှာ အများကြီး မသွင်းဖို့ သတိပြုရပါမယ်။
- ရေလွှမ်းတဲ့အခါ ရေတွေဟာ တစ်နေရာထဲ ငြိမ်နေတာမဟုတ်ဘဲ မြင့်ရာကနေ နိမ့်ရာစီးဆင်းနေတာကြောင့် တခြားစိုက်ခင်းမှ ပေါင်း၊ မြက်အစေ့တွေ ပါလာပြီး ပြန့်ပွှားလာနိုင်ပါတယ်။ စပါးပင်တွေရဲ့ အာဟာရဓာတ်တွေကို ယှဉ်ပြိုင်စားသောက်နိုင်တာကြောင့် စပါးပင်တွေရဲ့ထွက်နှုန်းကိုပါ ထိခိုက်စေပါတယ်။ ဒါ့အပြင် ပိုးမွှားရောဂါ လက်ခံပင်တွေ ဖြစ်လာနိုင်တာကြောင့် ပေါင်းလိုက်ပေးဖို့ အထူးလိုအပ်ပါတယ်။
ဒါ့ကြောင့် ရေလွှမ်းခံထားရတဲ့ စိုက်ခင်းတွေကို အမြဲမပြတ် ကွင်းဆင်းကင်းထောက်ပြီး အပင်တို့ လိုအပ်တာကို ပြုပြင်ပေးဖို့ လိုအပ်ပါတယ်။ မိုးရေလွှမ်းထားတဲ့ စပါးစိုက်ခင်းတွေကို နောက်တစ်ရာသီမှာ သီးလှည့်စိုက်ပေးတာမျိုး ပြုလုပ်သင့်ပါတယ်။ ရေကြီး၊ ရေလွှမ်းတဲ့ နေရာတွေမှာ စိုက်ကြတဲ့ တောင်သူတွေအနေနဲ့ မျိုးစပါးရွေးချယ်တဲ့အခါ ရေနစ်ဒဏ်ခံနိုင်သော မျိုးများကို အသုံးပြုသင့်ပါတယ်။
တောင်သူဦးကြီး၊ တောင်သူမယ်များအားလုံး သီးနှံအထွက်တိုး၊ ဝင်ငွေတိုးပြီး စီးပွားရေးအဆင်ပြေနိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက်....
ရေးသားသူ
နွယ်အေး