မတ်ပဲအထွက်တိုးရန် သိထားရမည့် အချက်များ
- မတ်ပဲကို များသောအားဖြင့် ဆောင်းတွင်းပိုင်းတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအချို့ဒေသများတွင် မိုးအခါတွင်လည်း စိုက်ပျိုးကြသည်။ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြသည်။
- မြေ ချဉ်/ ငန်ဓာတ် (၆.၅ မှ ၇) အတွင်းရှိသော မြေများတွင် စိုက်ပျိုးနိုင်သည်။
- အပင်ပေါက်ရာခိုင်နှုန်း (၈၅ မှ ၉၀) နှင့် အထက်ရှိသော မတ်ပဲမျိုးများကို အသုံးပြုစိုက်ပျိုးပါ။
- အပင်ငယ်စဉ် မှိုရောဂါရောက်ဖျက်ဆီးလေ့ရှိသဖြင့် မစိုက်မီ မျိုးစေ့တစ်ဧကစာ (၈) ပြည် မှ (၁၀) ပြည် ကို မှိုသတ်ဆေးတစ်မျိုးမျိုး (၁၀) ဂရမ်ဖြင့် လူးနယ်၍ စိုက်ပျိုးပါ။
- စိုက်ပျိုးချိန်တွင် တစ်ဧကလျှင် ပဲမြစ်ဖုမြေသြဇာ တစ်ထုပ်နှုန်းကို မျိုးစေ့နှင့် လူးနယ်၍ စိုက်ပျိုးပါ။
- အမြင့်ဆုံးအထွက်ရရှိရန် တစ်ဧကလျှင် ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ (၂၈) ပေါင်၊ တီစူပါ
(ကြွက်ချေး) ဓာတ်မြေသြဇာ (၅၆) ပေါင်နှင့် ပိုတက်ရှ် (ဓာတ်ဆား) ဓာတ်မြေသြဇာ (၅၆) ပေါင် မြေခံတွင် ထည့်၍ စိုက်ပျိုးပါ။
- မြန်မာပြည်အလယ်ပိုင်းဒေသများအတွက် မိုးနှောင်းရာသီတွင် အောက်တိုဘာလ တတိယပတ်မှ နိုဝင်ဘာလ ပထမပတ်၊ မြန်မာပြည်အောက်ပိုင်း ဒေသများအတွက် မိုးနှောင်းရာသီတွင် နိုဝင်ဘာလ ဒုတိယပတ်မှ နောက်ဆုံးအပတ်အတွင်း စိုက်ပျိုးသင့်ပါသည်။
- မြေတွင်းအောင်းပိုးနှင့် ပင်စည်ထိုးယင် ကာကွယ်နိုင်ရန်အတွက် တစ်ဧကလျှင် ကာတက်ဟိုက်ဒရိုကလိုရိုက် (သို့မဟုတ်) ဖစ်ပနိုနေး ( ၃ မှ ၆) ကီလိုဂရမ်ကို စိုက်ကြောင်းထဲတွင် ထည့်သွင်းစိုက်ပျိုးပါ။
- ဖားဥမှိုရောဂါ ဆိုးရွားစွာကျရောက်တက်သော ဒေသများတွင် ရောဂါဒဏ်ခံနိုင်သော ရေဆင်းမတ်ပဲ- ၆ (ဆီပဲ) ကဲ့သို့သော မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။
- တစ်ဧကလျှင် အပင်ဦးရေ (၁၀၀၀၀၀) အပြည့်အဝရရှိစေရန် တန်းကြား (၁.၅) ပေ၊ ပင်ကြား (၄) လက်မထား စိုက်ပျိုးပါ။
- အပင်ပေါက်ပြီး (၂) ပတ်သားမှစ ပန်းပွင့်ချိန်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ လိုအပ်ပါက ပန်းမပွင့်မီ (၂၀) ရက်သားခန့်တွင် တစ်ကြိမ်၊ အတောင့်ဖွံ့ဖြိုးချိန်တွင် တစ်ကြိမ်ရေသွင်းပါ။
- အပင်ငယ်စဉ်တွင် ပင်စည်ထိုးယင် ကျရောက်တက်ပြီး၊ အပင်များ ညှိုးခြောက်သေတက်သောကြောင့် အပင်ပေါက်စုံပြီး (၇ မှ ၁၀) ရက်သားခန့်တွင် စိမ့်ပျံ့အာနိသင်ရှိသော ပိုးသတ်ဆေးများအား သတ်မှတ်ထားသော နှုန်းထားအတိုင်းဖျန်းပါ။
- သီးတောင့်အားလုံး၏ (၈၀ မှ ၉၀) ရာခိုင်နှုန်း ရင့်မှည့်ချိန်တွင် ရိတ်သိမ်းပါ။
မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သော အထွက်ကောင်းသည့် မတ်ပဲမျိုးများ အကြောင်းကို အောက်ပါ link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
Reference - ပဲမျိုးစုံသီးနှံသုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ဝေသည့် " ရေဆင်းမတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများနှင့် စိုက်ပျိုးနည်းစနစ်များ" ပညာပေးလမ်းကမ်းစာစောင်၊