သတိပြုနှိမ်နင်းရန် ဖျက်ပိုးစိန်ကွက်ဖလံ
. ပိုးမွှား
သတိပြုနှိမ်နင်းရန် ဖျက်ပိုးစိန်ကွက်ဖလံ
- 7.9.2019 ရက်နေ့အတွက်ဆောင်းပါး
ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းဝယ်မှုသည် ယခင်နှစ်ကာလများကဲ့သို့ ဆောင်းရာသီတွင် များများစိုက်ပျိုး၊ များများထွက်ရှိခဲ့ရာမှယခုအခါ ဈေးကွက် လိုအပ်ချက်အရ လည်းကောင်း၊ မျိုးကောင်းမျိုးသန့်များ များစွာပေါ်ထွက်လာ၍လည်းကောင်း၊ စိုက်ပျိုးမှုနည်းပညာများ တိုးတက်လာမှုကြောင့် လည်းကောင်း နွေနှင့် မိုးရာသီမှာလည်း စိုက်ပျိုးနေကြသည်။တစ်နှစ်ပတ်လုံး စိုက်ပျိုးနေကြသည်ဟု ပြောနိုင်ပါသည်။
အများဆုံး စိုက်ပျိုးကြသော ဟင်းသီးဟင်းရွက်မှာ ခရူစီဖီရေး (Cruciferae) မျိုးရင်းဝင် အပင်များဖြစ်သောမုန်ညင်း၊ မုန်လာဖြစ်သည်။ ပန်းဂေါ်ဖီ (ပန်းပွင့်) (အညာဒေသတွင် ပန်းမုန်လာ၊ မုန်လာပွင့်ဟုခေါ်ကြသည်။) ဂေါ်ဖီထုပ် (အညာဒေသတွင် မုန်လာထုပ်ဟု ခေါ်ကြသည်။) ပန်းဂေါ်ဖီစိမ်း (Broccoli)၊ နိုကိုဥ၊ ခါကျက်ဥ (မုန်လာဥနီ)၊ မုန်လာဥဖြူတို့ဖြစ်ကြသည်။
အဆိုပါမုန်ညင်း၊ မုန်လာ စိုက်ပျိုးမှုနှင့် မိတ်ဖက်ဖြစ်နေသော ဖျက်ပိုးမှာလည်း စိန်ကွက်ဖလံ (Diamond Backmoth) ဖြစ်နေသည်။ ရာသီဥတုပူပြင်းလျှင် ကျရောက်မှုများသည့် ဖျက်ပိုးအမျိုးအစားဖြစ်သည်။ပူပြင်းခြောက်သွေ့မှုကလည်း ယခင်ထက်ပို၍ ကြုံတွေ့ရမှုများလာသည်။
ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိလာသော ဖျက်ပိုးလည်းဖြစ်၍ထိထိရောက်ရောက် ပိုးသတ်ဆေးသုံးမှရသည်။ မစို့မပို၊ မထိတထိ၊ နည်းစနစ်မမှန်ဘဲ ပိုးသတ်ဆေးသုံးလာကြလျှင် ဆေးအာနိ
သင်ကို ပို၍ပို၍ခံနိုင်သော မျိုးဆက်သစ်တို့များလာမည်ဖြစ်သည်။ အရွက်များကို ခြစ်စားသောဖျက်ပိုးဖြစ်၍ အစိမ်းရောင်အရွက်ပေါ်တွင် အဖြူကွက်များ တွေ့ရလျှင် စိန်ကွက်ဖလံကျနိုင်ပြီ။ ဥဘဝမှ ဥပြန်ဥနိုင်သည်။ အကောင်ကြီးဖြစ်သည်အထိ ရက် ၃၀ (တစ်လခန့်) သာရှိ၍ စိုက်ခင်းတွင် နှစ်ကြိမ်၊ သုံးကြိမ်ကြုံရနိုင်သည်။
ဥဘဝတစ်ပတ်၊ ဖျက်ဆီးသည့် လောက်ကောင်ဘ၀ နှစ်ပတ်၊ သုံးပတ်၊ရုပ်ဖုံးဘ၀ ၁၀ ရက်သာကြာသည်။ ဥများသည် သေးငယ်၍အဖြူရောင်ဖြစ်ပြီး အရွက်၏အောက်မျက်နှာပြင်တွင် လူမမြင်ရအောင်ဥချသည်။ ဥမှပေါက်သည့် လောက်ကောင်များသည် အရွက်အောက်မှ အရွက်ပေါ်ထိ ထိုးဖောက်၍ သွားကြသည်။
အရွက်တွင်အပေါက်များဖြစ်ကျန်ခဲ့သည်။ အပင်တစ်ဝိုက်တွင် ပိုးကောင်ပါးစပ်က ထုတ်သည့် ချည်မျှင်များနှင့် ပိုးချေးများ တွေ့ရသည်။ ရုပ်ဖုံးမှာလည်း ချည်မျှင်များ ထွေးလုံးရစ်ပတ်ထားသည်။ အတောင်ပံပါသော အကောင်ကြီးသည် မီးခိုးရောင်ရှိပြီး အတောင်ကိုစု၍ နားနေချိန်တွင် ရှေ့အတောင်အောက်နား၌ စိန်ကွက်သွေးထားသည့် ပုံစံရှိနေ၍ စိန်ကွက်ဖလံဟု ခေါ်ကြသည်။ တစ်နှစ်ကို သားဆက် ၁၅ဆက်ထိ ပွားများနိုင်သည်။
ကာကွယ်နှိမ်နင်းရာတွင် ပိုးသတ်ဆေးမဖျန်းခင် လုပ်ကိုင်သင့်သော လုပ်ငန်းများကို ဦးစွာလုပ်ကိုင်သင့်သည်။ ပိုး၏ ခန္ဓာကိုယ်သည်ပျော့ပျောင်းသဖြင့် မီးခိုးမှိုင်းတိုက်၊ မီးခိုးအူပေးမှုပြုလုပ်ပါ။ စိုက်ခင်းထဲမှာ ပေါင်းမြက်၊ အမှိုက်ရှင်းပါ။ အဓိက N.P.K ဓာတ်မြေသြဇာသုံးမျိုးကို မျှမျှတတကျွေးပါ။
နိုက်ထရိုဂျင် (N) အချိုးအဆ မပိုသင့်၊ ပိုတက်စီယမ် (K) မဖြစ်မနေကျွေးပါ။ ညထွက်ဖလံမျိုးဖြစ်၍မီးရောင်ထောင်ချောက်ထွန်း၍ နှိမ်ပါ။ စိုက်ခင်းနည်းလျှင် ညနေမှောင်စ အပင်များကို ရေဖျန်းလျှင် ဥဥမှု၊ မိတ်လိုက်မှုနည်းသည်။
ဒုတိယတစ်ဆင့် အနေဖြင့် သဘာဝပိုးသတ်ဆေး (ချင်း၊ ငရုတ်၊ ကြက်သွန်ဖြူထုထောင်းဖျော်ရည်) သုံးခြင်း၊ တမာပိုးသတ်ဆေးသုံးခြင်း (တမာ ပိုးသတ်ဆေးသည် မျိုးပွားမှုကို မြုံစေသည်။) ဂေါ်ဖီထုပ်တွင် အရွက်အထပ်ထပ်ဖုံးထားသလို ပန်းဂေါ်ဖီတွင် အပွင့်များ
စုပြုံနေ၍ ပိုးကျရောက်မှု ပိုများသည်။ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိုက်ခင်းများတွင် ပိုးသတ်ဆေးအများဆုံးသုံးကြ၊ ဖျန်းကြသည်။
ပိုးသတ်ဆေးဓာတ်ကြွင်း မကျန်ရန် ခူးဆွတ်ခါနီး ဓာတုပိုးသတ်ဆေးမဖျန်းသင့်ကြပါ။ တစ်ပင်တွင် ပိုးနှစ်ကောင်တွေ့လျှင် တမာပိုးသတ်ဆေးဖြစ်စေ၊ ထိသေ၊ စားသေ၊ ပင်လုံးပြန့်ဓာတုပိုးသတ်ဆေးဖြစ်စေ နောက်ဆုံးလုပ်ငန်းအဖြစ် သုံးကြရပါတော့မည်။ ဆေးဖျန်းလျှင်
လည်း အရွက်၏အောက်ခြေ၊ပိုးဥ၊ ပိုးကောင်ရှိသောနေရာ ဖျန်းကြရမည်။ပျိုးခင်းနှင့် စိုက်ပျိုးပြီးခါစ အစောပိုင်းကာလများတွင် ဓာတုဆေးများသုံးလျှင် ဓာတ်<ကင်းပါဝင်မှုနည်းနိုင်သည်။ စိန်ကွက်ဖလံဖျက်ပိုးကို ရှာဖွေစားသောက်သော မိတ်ဆွေပိုး (သားရဲကောင်)များရှိပါသည်။
ထို့ကြောင့် ပိုးသတ်ဆေးကို လိုမှဖျန်းပါ။ ပိုးသတ်ဆေးမဖျန်းခင် ကြိုလုပ်သင့်သောလုပ်ငန်းများ အရင်ဦးစွာလုပ်ကိုင်ကြပါ။ တစ်ချိန်က တမာပိုးသတ်ဆေးစက်ရုံရှိသည်။ မန္တလေးမြို့အနီး ပုလိပ်မြို့တစ်ဝိုက် မုန်လာထုပ်၊ ပန်းမုန်လာစိုက်ခင်းများ၌ စိန်ကွက်ဖလံဖျက်ပိုးကို တမာပိုးသတ်ဆေးသုံး၍ နိုင်နင်းအောင်ပြုလုပ်ခဲ့ကြသည်ကို ကြုံတွေ့ခဲ့ရဖူးပါသည်။
- ကိုရဲ(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများ ဂျာနယ်
290
4315