ငရုတ်ကောင်းခြံစိုက်လိုသူများအတွက် စိုက်ပျိုးနည်း စ - ဆုံး
- အင်္ဂလိပ်အမည် – BLACK PEPPER - ရူပဗေဒအမည် – Piper nigrum - မျိုးရင်း – Piperaceae - ➤မူရင်းဒေသ - အိန္ဒိယနိုင်ငံအနောက်ဖက်ကမ်းခြေဒေသဖြစ်သည်။ - ➤မျိုးကွဲများ - ၁။ ကူချင်း - ၂။ ဂျမ်ဘီ - ၃။ ဘယ်လင်တန် - ၄။ ကယ်လူဘာလီ - ၅။ ဘလန်ကိုတာ - ၆။ အူသရင်းကိုတာ - ၇။ ခရီယကာနီယာကာဒန် - ၈။ ဖနွမ်ပုံ - ➤ရာသီဥတုနှင့်မြေအမျိုးအစား - ပူအိုက်စွတ်စိုသောရာသီကိုကြိုက်ပြီး အပူချိန် (၄၉ ံ-၁၀၄ ံ F) နှင့် ပင်လယ်ရေ မျက်နှာပြင်အထက်ပေ (၄၀၀၀)အတွင်း မိုးများသည့်ဒေသ တွင် ဖြစ်ထွန်းသည်။ pH (၅.၅) ရှိသော နှုန်းမြေနှင့် မြေဆွေးမြေကို ကြိုက်သည်။ စိမ့်ကိုင်မြေ၊ ရေဝပ်မြေကို မကြိုက်ပါ။ - ➤မျိုးပွားခြင်း - ၁။ မျိုးရွေးချယ်ရာတွင် အရွယ်အဆစ်သန်မာပြီး အဆစ်တိုင်းမှ ပန်းခိုင်ထွက်ရမည်။ ၂။ ပန်းခိုင် (၅”)အထက်ရှိပြီး အသီးအပြည့်ရှိရမည်။ ၃။ သီးလုံးချောမွေ့ ပြီး ရောဂါဒဏ်ခံနိုင်ရမည်။ ၄။ အမြစ်ထွက်ကောင်းပြီး သီးထွက်နှုန်း မှန်ကန်ရမည်။ ၅။ ရောဂါပိုးမွှားဒဏ် ခံနိုင်ရည်ရှိရမည်။ မျိုးစေ့နှင့် ပျိုးကိုင်းတို့ကို ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း အသီးမှည့် ခူးချိန်နှင့် အသီးခူးပြီးချိန်များတွင် မျိုးစေ့နှင့် ပျိုးကိုင်းရယူပျိုးထောင်ပါ။ - ➤ပျိုးခင်းပြုလုပ်ပျိုးထောင်ခြင်း - (၁)ပေ အကျယ်၊ (၁)ပေအမြင့် ဘောင်ဖြင့်လည်းကောင်း၊ (၇” x ၉”) ပလပ်စတစ်ပျိုးအိတ်တွင်လည်းကောင်း ပျိုးနိုင်သည်။ ပျိုးဘောင် နှင့် ပျိုးအိတ်များတွင် သဲနှင့်ဖွဲပြာတို့ကိုရောစပ်၍ ထည့်ပါ။ ပျိုးဘောင်နှင့် ပျိုးအိတ်တို့ကို (၅၀%) နေရောင်ရအာင် ပြုလုပ်ပါ။ ရေမှန်မှန်လောင်း ပါ။ ပျိုးပင်တစ်နှစ်သားထိ ပြုစုပေးပါ။ စိုက်ခင်း၌ မြေချမစိုက်မီ တစ်လကြိုတင်၍ ပျိုးပင်သန်မာပြီး ပတ်ဝန်းကျင်ရာသီဒဏ်ခံနိုင်ရည်ရှိအောင် အလင်းရောင်ရစေခြင်းနှင့် ရေဖြတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါ။ - ➤မျိုးပွားနည်းစနစ် - ထိပ်ကိုင်းများနှင့် မြေလျှောက်ပင်စည်များကို ဖြတ်ယူမျိုးပွားပါက နွယ်တက်မည့်အပင်များကိုရ၍ စလင်းကိုင်း (ဘေးကိုင်း) များကို အသုံး ပြုပါက နွယ်မရှိသော အိုးစိုက်ပင်အဖြစ်ရနိုင်သည်။ - ➤ပျိုးပင်ရယူနည်းများ - နှစ်ဆစ်ကိုင်းဖြတ်မျိုးပွားနည်း - မျိုးကိုင်းကို အဆစ်(၂)ဆစ်ပါအောင်ဖြတ်ယူပါ။ ဖြတ်ယူရာတွင် အရင်းပိုင်းကို အဆစ်အောက်ကပ်၍ စောင်းလျှက်ဖြတ်ပါ။ အဖြားပိုင်းကို အဆစ်အထက် လက်မဝက်ချန်၍ အတည့်ဖြတ်ပါ။ အရင်းပိုင်းကို အမြစ်ထွက်ဟော်မုန်း အရည်စိမ်၍လည်းကောင်း၊ အမြစ်ထွက်ဟော်မုန်း အမှုန်ဖြင့်တို့၍လည်းကောင်း ပြုပြင်စိုက်ပျိုးပါ။ အရင်းပိုင်း အဆစ်မှ အရွက်ကို ရွက်ညှာရင်းမှ ဖြတ်ပေးပြီး ကျန်အဆစ်မှအရွက်ကို အရွက်ကြီးမားပါက ထက်ဝက်ခန့်အရွက်ကန့်လန့်စောင်းဖြတ်ကာ ရေငွေ့ပြန်မှု သက်သာစေရန်ပြုလုပ်ပါ။ မျိုးကိုင်းကို (၄၅ ံ) ဒီဂရီစောင်း ၍ တစ်ကိုင်းနှင့် တစ်ကိုင်း (၆”) ခန့်ခြားကာ အဖျားပိုင်းအဆစ်ရွက်ရင်းထိ မြေမြှုပ်ပျိုးထောင်ပါ။ - ➤အစေ့မှ ပျိုးထောင်နည်း - ငရုပ်ကောင်းအသီးများ အနီရောင်ပြောင်း၍ ရင့်မှည့်ချိန်တွင် ဆွတ်ခူးပါ။ အမှည့်ညီညာစေရန် (၂၄) နာရီခန့် ဂုံနီအိတ်ဖြင့်အုပ်ပါ။ အစေ့များကိုချွေယူပြီး တစ်ရက် ရေစိမ်၍ အပေါ်ယံအခွံများကို ပွတ်ချေချွတ်ပါ။ ထို့နောက်အစေ့များကို သဲဘောင်တွင် တန်းကြား (၃”) တစ်စေ့နှင့် တစ်စေ့ လက်မဝက်ခန့်ခြား၍ချပါ။ မျိုးစေ့ချပြီးသဲ (၁/၄) လက်မဖုံးပေးပါ။ (သို့) စင်းထားသောကောက်ရိုးဖြင့်လည်း ဖုံးအုပ်နိုင်ပါသည်။ ပျိုးဘောင်ကိုရေအစိုဓါတ်မပြတ်အောင် ပြုစုပေးခြင်းဖြင့် (၂၅-၃၀) ရက်ကြာလျှင် အစေ့မှ အညှောင့်ပေါက်လာမည်။ (၄၅) ရက်တွင် အပင်ပေါက်စုံလင်မည်။ ပျိုးသက် (၂)လသားအရွယ် (၂-၃) ရွက်ထွက်ချိန်တွင်(၅-၇) လက်မအရွယ် ပလပ်စတစ်ပျိုး အိတ်သို့ ပြောင်းရွေ့ပျိုးထောင်ပြုစုပါ။ - ➤စိုက်စနစ်များ - (၁) သီၤးသန့်စိုက်ခြင်း (တွယ်တိုင်စနစ်) - (၆’ x၈’)ပေ (သို့) (၇’ x ၇’) ပေ စနစ်ဖြင့် ပန္နက်ရိုက်၍ စိုက်ကျင်းကို (၁’ x ၁’ x ၁’) ပေ စနစ်ဖြင့်တူးပါ။ ကျင်းတွင်မြေကျက်ဖုတ်ထားပြီး အသင့်စပ်ထားသော မြေသားကို (၁’) ပေ အမြင့်ထိဖို့ပါ။ ကျင်းအလယ်တွင် တွယ်တိုင်ကို မြေပေါ်အမြင့် (၈’) ပေ ထား၍စိုက်ပါ။ - တစ်တိုင်လျှင် ပျိုးပင် (၁-၂) ပင် အသုံးပြုနိုင်ပါသည်။ တွယ်တိုင်အဖြင့် သစ်မာတိုင်၊ ဂဝံတိုင်၊ အုတ်တိုင်၊ ကျောက်တိုင် နှင့် ဝါးခြင်းမြေပုံများ ကိုလည်း သုံးစွဲနိုင်သည်။ - (၂) သီးညှပ်စိုက်ခြင်း - (က) နှစ်ရှည်ပင်ကို တွယ်ပင်အဖြစ် အသုံးပြုခြင်း - နှစ်ရှည်ပင်အခြေတွင် ပင်ခြေမှ (၂-၃)ပေခွာ၍ (၁’) အမြင့်ဘောင်ကိုကျောက် (သို့) အုတ်ဖြင့် ဝိုင်းပတ်ပြုလုပ်ပါ။ အဝိုင်းအတွင်း အသင့်စပ်ထားသော မြေကျက်မြေဖြင့်ဖြည့်ပါ။ ပျိုးပင်ကို ပင်ခြေမှ ၁ ပေ၊ ၁ပေခွဲခွာ၍ တစ်ပင်နှင့် တစ်ပင် တစ်ပေခြား၍ ဝိုင်းပတ်စိုက်ပါ။ ကော်ဖီ၊ လက်ဖက်ခင်း နှင့် အခြားနှစ်ရှည်ပင်စိုက်ခင်းများရှိ အရိပ်ရအပင်များတွင်လည်း ဤနည်းဖြင့်စိုက်နိုင်သည်။ - (ခ) နှစ်ရှည်ပင်စိုက်တန်းကြား စိုက်ပျိုးခြင်း - နှစ်ရှည်ပင် စိုက်ခင်းကြားမြေလွတ်နေရာများတွင်လည်း သီးသန့်စိုက်စနစ် အကွာအဝေးအတိုင်း တွယ်တိုင် နှင့် မြေပုံစိုက်စနစ်များကို ပန္နက်ရိုက်၍စိုက်နိုင်သည်။ - ➤စပ်မြေပြုလုပ်နည်း - မြေသားအပေါ်ယံလွှာ (သို့) နှုန်းမြေ၊ သဲမြေ၊ နွားချေးဆွေး၊ သစ်ရွက်ဆွေးတို့ကို ဆတူကြိုတင်စပ်၍ မြေကျက်ဖုတ်အအေးခံပြီးမှ သုံးပါ။ - ➤မြေကျက်ပြုလုပ်နည်း - ပေါင်းမြက်များကို ရှပ်ပေါက်၍ နေလှန်းအခြောက်ခံထားပါ။ အခြားလောင်ကျွမ်းလွယ်သော သစ်ရွက်ခြောက် စသည်တို့ကိုစုပုံကာ ယင်းအပေါ်တွင်မြေကျက်ဖုတ်မည့် စပ်မြေကိုဖြန့်တင်ပါ။ ပေါင်းမြက်ခြောက်များကို တစ်ထပ်အုပ်ပါ။ ကိုင်မြက်ခြောက် တစ်ထပ်၊ စပ်မြေ တစ်ထပ်ဖြင့် (၃-၄) ထပ်စုပုံ၍ အပုံအစမှစပြီးလောင်စာအားလုံး မီးလောင်သည်အထိ မီးရှို့၍ မြေကျက်ရအောင် ပြုလုပ်နိုင်သည်။ မြေကျက်သည် ရောဂါနှင့် ပိုးမွှားများလုံးဝကင်းစင်သည်။ - ➤ပြုစုခြင်း - မြေချစိုက်ပြီး အပင်များကို ပင်ခြေမြေကျက်မြေဖု့ိခြင်း၊ အစိုဓါတ်ထိန်းပေးခြင်း၊ အလင်းနှင့် အရိပ်ပြုပြင်ပေးခြင်း၊ ခေါင်နှိမ်ခြင်း၊ နွယ်ဖြတ်ပေးခြင်း၊ ပေါင်းရှင်းပေးခြင်း၊ ပိုးမွှားရောဂါ စစ်ဆေးကာကွယ်ပေးခြင်းတို့ကို အချိန်အခါအလျောက်ပြုစုပေးရသည်။ - ➤မြေသြဇာကျွေးခြင်း - သဘာဝမြေသြဇာ တစ်ပင်/တစ်အုံလျှင် - ပုဇွန်ဖွဲ (သို့) လင်းနို့ချေး – ၁၅ ကျပ်သား ထုံး – ၃၀ ကျပ်သား သစ်စိမ်းမြေသြဇာ – ၆ ပိသာ - ဓါတ်မြေသြဇာ တစ်ပင်/တစ်အုံလျှင် - ယူရီးယား – ၅ ကျပ်သား တီစူပါ – ၂ ၁/၂ ကျပ်သား ပိုတက် – ၂ ၁/၂ ကျပ်သား - ➤ပိုးမွှား / ရောဂါ - ကျိုင်းရွက်လိပ်ပိုးနှင့် အသီးစုပ်စားသော ကြမ်းပိုးများကျတတ်သည်။ – မိုးများပြီး ရေဝပ်လျှင် ပင်ခြေပုပ်ရောဂါကျ၍ စိုက်ခင်းတစ်ခင်းလုံး ပျက်စီးနိုင်သည်။ – ကြက်တောင်စည်းရောဂါသည် စိုက်ခင်း၏ (၅၀%) ကျတတ်သည်။ - ➤သီးထွက်ရရှိမည့် အပင်သက်တမ်း - ငရုပ်ကောင်းပင်၏ စီးပွားဖြစ်စတင်သီးပွင့်ချိန်မှာ အပင်သက်တမ်း(၃-၅)နှစ်အတွင်းဖြစ်၍ (၁၅)နှစ်ကြာသည်အထိ အထွက်နှုန်းတိုးတက် ရရှိသည်။ အပင်သက်တမ်း (၁၀)နှစ် ကျော်လျှင် စီးပွားရေးတွက်ခြေကိုက်သည်။ အပင်သက်တမ်း နှစ် (၂၀)ကျော်ပါက သီးထွက်ကျ ဆင်းသည်။ - ➤ဆွတ်ခူးခြင်း - ဒီဇင်ဘာလမှ မတ်လအတွင်းအသီးများအစိမ်းရောင် မှ အနီရောင်သို့ပြောင်းခါစတွင် အသီးခြောက်အတွက်ဆွတ်ခူးသည်။ မျိုးစေ့အတွက် ဆွတ်ခူးပါက သီးခိုင်မှအသီးများ အားလုံးနီးပါး အနီရောင်ပြောင်းမှ ဆွတ်ခူးရသည်။ - ➤ပြုပြင်ထုပ်ပိုးခြင်း - (က) ငရုတ်ကောင်း (အဖြူ) ထုတ်လုပ်ခြင်း။ ငရုပ်ကောင်းသီးမှည့်အလေးချိန် (၁၀၀)မှ အဖြူ (၂၅%) ရနိုင်သည်။ (ခ) ငရုပ်ကောင်း (အနက်)ထုတ်လုပ်ခြင်း။ ငရုပ်ကောင်းအစိမ်းရောင်သီးရင့်အလေးချိန် (၁၀၀) မှ အနက် (၃၀-၃၃%) ရနိုင်သည်။ - ➤အထွက်နှုန်း - ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင် ငရုပ်ကောင်းတစ်ပင်မှ အစေ့ခြောက် (၆၀-၈၅) ကျပ်သားရနိုင်ပါသည်။ တစ်ဧက အပင် (၉၀၀)မှ ငရုတ်ကောင်း အစေ့ခြောက် (၅၀၀-၇၅၀)ပိသာ ထွက်သည်။ - အသုံးပြုသည့် အစိတ်အပိုင်း။ ။ ငရုပ်ကောင်းအစေ့။ - အာနိသင်။ ။ မြန်မာဆေးကျမ်းအလိုအရ စပ်၏ ၊ ပူ၏ ၊ ဝမ်းမီးကို တောက်စေ၏ ။ သည်းခြေကို ကောင်းစေ၏ ။ ခံတွင်းကောင်း စေ၏ ။ လေသလိပ်ကို ကြေစေ၏ ။ သွေးကို ကြွစေ၏ ။ နို့ရည်ကို ထွက်စေ၏ ။ - ➤အသုံးပြုပုံ - ငရုပ်ကောင်းအစေ့ - ၁ ။ ငရုတ်ကောင်းစေ့အမှုန့်ပြုပြီး ပျားရည်နှင့်ရော၍ လျက်ပါက ချောင်းဆိုရောဂါ၊ ပန်းနာ ရင်ကျပ်ရောဂါများကို ပျောက်ကင်း၏ ။ မိခင်များနို့ ထွက်၏ ။ - ၂။ ငရုတ်ကောင်းစေ့ကို ရှိန်းခို၊ ဘိန်းတို့နှင့် ရော၍အမှုန့်ပြုပြီး စားပါက အဆက်မပြတ်သွားသော ဝမ်းပျက်ရောဂါပျောက်ကင်း၏ ။ - ၃။ ငရုတ်ကောင်းကို ဒိန်ချဉ်ရည်နှင့်သွေး၍ အနည်းငယ်မျှ မျက်စဉ်း ခတ်ပေးသော် ကြက်မျက်သင့်နာ ပျောက်ကင်း၏ ။ အမှုန့်ပြု၍ ဒိန်ချဉ်ရည်၊ ကြံသကာနှင့်ရော၍စားပါက နှာခေါင်းသွေးလျှံခြင်း သွေးယိုစီးခြင်းနှင့် နှာစေးခြင်းပျောက်၏ ။ - ၄။ ငရုတ်ကောင်းကို မီးကင်ပြီး အခိုးအငွေများ ရှုပေးခြင်းဖြင့် ကြို့ထိုးရောဂါ ပျောက်ကင်း၏ ။ - ၅။ ငရုတ်ကောင်းစေ့နှင့် အညာခရာစေ့ ၂ မျိုးကို အသင့်အတင့်ရော၍ အမှုန့်ပြုပြီး စားသုံးပါက ခွေးရှုးဆိပ်ပြေစေ၏ ။ - ၆။ ငရုတ်ကောင်းစားခြင်းဖြင့် အစာကြေခြင်း၊ လေကြေခြင်း၊ ဆီးကောင်းခြင်း၊ ဝမ်းဖောဝမ်းရောင် ဖြစ်ခြင်းနှင့် လိပ်ခေါင်းရောဂါတို့ကို ပျောက်ကင်းစေ၏ ။ - ၇။ ငရုတ်ကောင်းမှုန့်ကို နွယ်ချိုနှင့် ရောလျက်ပေးပါက လေထိုး လေအောင့်ရောဂါ၊ နှလုံးတုန် ရင်ခုန်ရောဂါ ပျောက်၏ ။ - Source:လယ်/ဆည် - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
