ငါးမှုန်ကြီးမှ ငါးသန်ပြုစုခြင်း
- ငါးသန်ပြုစုကန်သည် ငါးမှုန်ပြုစုကန်ကဲ့သို့ပင် အရွယ်အစားကြီးရန် မလိုအပ်ပါ။ ငါးသန်ပြုစုကန်သည် (၀.၂၅)ဧက မှ (၁)ဧက အထိသာ ရှိသင့်သည်။ လက်မနီးပါးငါးမှုန်ကြီးများကို ငါးသန်အရွယ်အထိ မွေးမြူရန် ဖြစ်သဖြင့် အသေအပျောက် နည်းနိုင်သမျှ နည်းစေရန်လိုအပ်ပါသည်။ အသက်ရှင်နှုန်းကောင်းမှသာ အကျိုး အမြတ်ရှိစေပါမည်။ - ငါးသန်ပြုစုကန် ပြင်ဆင်ရာတွင် ငါးမှုန်ကန်ပြင်ဆင်ရမည့်အတိုင်း ပြင်ဆင်ရပါမည်။ အထူးသဖြင့် ကန်အတွင်း မြက်ပင်များ၊ ပေါင်းပင်များ မရှိစေရန် အလွန်အရေးကြီးပါသည်။ အဆိုပါ မြက်ပင် ပေါင်းပင် များရှိပါက ရေနေအင်းဆက်ပိုးများ ခိုအောင်းခြင်းနှင့် ပေါက်ဖွားခြင်းတို့ကြောင့် ငါးမှုန်ကြီးများကို ကိုက်ဖြတ် စားသောက်ခြင်းကို ခံရပါမည်။ ထို့ကြောင့် ကန်တွင်း ကန်ပြင်တွင် ပေါင်းပင်များရှင်းလင်းထားရန် အရေးကြီးပါသည်။ - ရေသွင်းရာတွင်လည်း သွင်းရေနှင့်အတူ ငါးရိုင်းများ သားစားငါးများ မပါလာစေရန် မိုက်ခရွန် (၅၀) မှ (၁၀၀)ထိ ရေစစ်ကိုသုံးပြီး ရေသွင်းခြင်းကို ဆောင်ရွက်ကြရပါမည်။ ကန်အတွင်းရေသွင်းပါက ရေအနက် သည် (၃)ပေမှ (၃)ပေခွဲသာ ရှိသင့်ပါသည်။ ကန်ပြင်ဆင်ချိန်တွင် ထုံး(၆၃)ပိဿာထည့်ပြီးနောက် ရေသွင်းခြင်း ကို ဆောင်ရွက်ရပါမည်။ ရေသွင်းပြီးပါက ထုံး(၁၅)ပိဿာ ထပ်မံထည့်သွင်းပါ။ ထုံးထည့်ခြင်းသည် ရေ၏ချဉ် ဖန်နှုန်းကို မြင့်စေသည့်အပြင် ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါသည်။ - ထုံးထည့်ပြီး (၄-၅)ရက်အကြာတွင် ပုလဲ (၄)ပိဿာ နှင့် တီစူပါ(၉)ပိဿာကို ထည့်သွင်းပေးရပါမည်။ တီစူပါကို တညအိပ်ရေစိမ်ပြီး နောက်တစ်နေ့တွင် ပုလဲနှင့် ရောစပ်ပါ။ ထို့နောက် မနက်ပိုင်းနေပူချိန်တွင် ကန် အနှံပက်ပေးခြင်းအားဖြင့် ရေဩဇာကိုတက်လာစေပါမည်။ - ငါးမှုန်ကြီးမှ ငါးသန်အဆင့်မွေးမြူရာတွင် ရေနေအင်းဆက်ပိုးများကြောင့် ငါးအသေအပျောက်များ ခြင်းများ ကြုံတွေ့ရပါသည်။ ထို့ကြောင့် ငါးမှုန်ကြီးသားပေါက် မထည့်မှီ ရေနေအင်းဆက်ပိုးများကို ထိန်းချုပ် နိုင်ရန် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး ပါရာထရစ်(Paratrix) ကို တစ်ဧကလျှင် (၃၃)မီလီမီတာခန့် ရေဖျော်ပြီး ကန်အနှံ့ပက်ပေးပါ။ ရေနေအင်းဆက်ပိုးများ သေစေနိုင်ပါသည်။ - ပါရာထရစ် ဆေးထည့်ပြီး နောက်တစ်နေ့ ငါးမှုန်ကြီးများ လွတ်မည်ဆိုပါက တိုက်ရိုက် မလွှတ်ပါနှင့် ကန်အတွင်း ခြင်ထောင်အသေးတလုံးထောင်ပြီး ငါးမှုန်ကြီး ၁၀-၁၅ ကောင်လွှတ်ပေးထားပါ၊ ၄-၅နာရီ စောင့်ကြည့်ပြီး ငါးမှုန်ကြီးများမသေလျှင် ရေတွင် အဆိပ်မဖြစ်သဖြင့် ငါးမှုန်ကြီးများကန်အတွင်း လွှတ်ပေး နိုင်ပါသည်။ ငါးမှုန်ကြီးများကန်အတွင်းထည့်သွင်းနှုန်းမှာ တစ်ဧကလျှင် (၃)သိန်းမှ (၄)သိန်းအထိထည့်သွင်း နိုင်ပါသည်။ ငါးသန် အရွယ် အထိမွေးမြူရမည့်ကာလမှ (၄၅)ရက်မှ (၆၀)ရက်အထိ ပြုစုပျိုးထောင်ပေးရ ပါမည်။ - ဦးဆန်းအောင် - ထွက်တိုး - ------ - မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
