" ကောက်ရိုးမှိုအား ရေနွေးငွေ့သုံးစိုက်ပျိုးနည်း "
- တိုင်ကီအား မီးဖိုဖေါ်တွင်လှဲလျှက် အနေအထားဖြင့် မူလပါရှိသော တိုင်ကီအပေါက်ကြီးအား အပေါ်ဖက်တွင်သာ ထားရှိရပါမည်။ (ရေဖြည့်ပေးရန်ဖြစ်ပါသည်) - ရေဖြည့်ရန်နှင့် ရေနွေးငွေ့ ထုတ်လွှတ်စဉ် အချိန်အတွင်း ရေဖြည့်လိုပါက အန္တရာယ် ကင်းရှင်းစွာ ရေဖြည့်နိုင်ရန် ရေပိုက်ခေါင်း တစ်ခု တပ်ဆင်ပေးထားနိုင်ပါသည်။ - ထို့ပြင် တိုင်ကီအတွင်း ရေရှိနေမှု အခြေအနေကို သိရှိနိုင်စေရန် ရေမျက်နှာပြင်ကြည့် ဖန်ပြွန်ချောင်းကို တိုင်ကီထိပ်ဖက်တွင် တပ်ဆင်ထားရပါမည် သို့မှသာ ရေပြန်လည်ဖြည့်တင်းပေးနိုင်မည် ဖြစ်ပါသည်။ - တိုင်ကီအပေါ်ဖက်တွင် အဖွင့် အပိတ်ခေါင်းပါ (1)လက်မပိုက်အား အပေါက်ဖောက်၍ တပ်ဆင်ပေးပါ။ ၎င်းပိုက်သည် စိုက်တဲအတွင်းသို့ သွယ်တန်းထားရန် ဖြစ်ပါမည်။ - စိုက်တဲအတွင်း အလယ်ခေါင် လူသွားလမ်း မြေပြင်ပေါ်တွင် ချထားသော ရေနွေးငွေ့လွှတ်ပိုက် (1လက်မ) နှင့် ချိတ်ဆက်သွယ်တန်းထားရမည်။ ၎င်းပိုက်သည် မှိုစိုက်တဲဘေးနံရံများတွင် သွယ်တန်းထားရှိပြီး (1-8)လက်မအရွယ် အပေါက်များ ဖောက်ထားရပါမည်။ - အပေါက်များ ဖောက်ရာတွင် ရေနွေးငွေ့ စတင်ဝင်ရောက်လာသော အပိုင်းတွင် ခပ်ကျဲကျဲဖောက်ထားပြီး တဖြေးဖြေး ခပ်စိတ်စိတ် ဖောက်ထားပေးမှသာ မှိုစိုက်တဲအတွင်း ရေနွေးငွေ့ အညီအမျှ ရရှိပါမည်။ ပိုက်အဆုံးထိပ်ဝကို ပိတ်ဆို့ထားပေးရပါမည်။ - ရေနွေးငွေ့လွှတ် တိုင်ကီတစ်လုံးသည် မှိုစိုက်တဲ (အနံ 10 အလျား 13 အမြင့် 9ပေ) တစ်လုံးအတွက်သာ သင့်လျှော်ပါသည်။ - မှိုစိုက်တဲအတွင်းသို့ ရေနွေးငွေ့စတင် လွှတ်ပေးရန်လိုသော အဆင့်မှာ - - (သတိပြုရန် - တိုင်ကီအတွင်းသို့ ရေတစ်ဝက်သာ ထည့်ထားပါ) - (1) ကုန်ကြမ်း(နှပ်စာများ) ထည့်သွင်းပြီး (36-48)နာရီအကြာတွင် စတင်လုပ်ဆောင်ရပါမည်။ (၎င်းအချိန်တွင် နှပ်စာများ၏ အပူချိန်ကြောင့် ဘုံနိမ့်မှိုများ ထွက်ပေါ်လာမည်ဖြစ်) ဘုံနိမ့်မှိုနှင့် ပိုးသန့်စေရန်အတွက် (63°c)ထက်မနည်း (67°c)ထက် မများစေပဲ တသမတ်တည်း (2)နာရီကြာ ထားရှိပေးရပါမည်။ - (2) ထို့နောက် မှိုစိုက်တဲတံခါးများကို ဖွင့်ပြီးအပူချိန်ကို လျော့ချပေးရပါမည်။ အပူချိန် (35-36°c)သို့ ရောက်ရှိချိန်တွင် မှိုမျိုးများဖြူးပြီး စတင်စိုက်ပျိုးနိုင်ပါမည်။ - မှိုမျိုးထည့်စဉ်အချိန်တွင် တံခါးများကို ပိတ်ထားသင့်ပါသည်။ - (3) မှိုမျိုးထည့်ပြီး (3-5)ရက်အတွင်းတွင် မှိုစိုက်တဲအတွင်း အပူချိန်သည် (38-43°c)ရှိနေသင့်ပါသည်။ - (4) မှိုမျှင်များမှ သန္ဓေခဲမည့်အချိန် (အဖြူရောင်မှ အညိုရောင်တောက်တောက်) ပြောင်းချိန်ကာလတွင် အပူချိန်သည် (28-32°c) ရှိရန်လိုပါသည်။ - (5) မှိုငုံများ လက်သန်းဖျားအရွယ် ရောက်ရှိပြီးနောက်ပိုင်း အပူချိန်သည် (32°c)ထက် မမြင့်စေရန် ဂရုပြုရပါမည်။ - ရေနွေးငွေ့သုံးပြီး စိုက်ပျိုးခြင်းအားဖြင့် ကုန်ကြမ်းများကို ဒုတိအကြိမ်ထပ်မံ အသုံးပြု၍ ရရှိစေပါမည်။ - ဒုတိယအကြိမ် စိုက်ပျိုးရန် အောက်ပါအချက်များအား ပြုလုပ်ရပါမည်- - (1) ပထမအကြိမ်မှ ကျန်ရစ်သော မှိုအကြွင်းအကျန်အားလုံးကို ဖယ်ရှားပစ်ပါ။ ထို့နောက် ဖွဲနု ထုံးဖြူးပြီး ငါးအမိုင်နို / အသင့်သုံး အီးအမ်ဖြန်းပါ။ မူလသုံးခဲ့သော ကုန်ကြမ်းအချိုးအစား၏ တစ်ဝက်ကို ဖြူးပါ။ - (2) စိုက်တဲအတွင်း (2)ရက်တိတိ အပူချိန်(40-50°c) ရရှိအောင် ရေနွေးငွေ့လွှတ်ထားရှိပေးပါ။ - (3) ထို့နောက် အပူချိန် (63-67°c)ထိ ၂ နာရီကြာတိုးမြှင့်ပေးပြီး (35-36°c)ထိ အပူချိန်လျော့ကျစေရန် တံခါးများကို ဖွင့်ပေးပါ။ - (4) မှိုမျိုးများဖြူးထည့်စိုက်ပျိုးပါ ၃ရက်မှ ၅ရက်ကြာအထိ လိုအပ်မည့်အပူချိန်မှာ (38-43°c)ဖြစ်ပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် လေဝင် လေထွက် ပြုလုပ်ပေးပါ။ ၅ ရက်မြောက်နေ့ ရေလိုအပ်ပါက အမိုင်နိုအက်စစ်ကဲ့သို့ အားဆေးရေဖြန်းပေးပါ။ - (5) ထို့နောက် မှိုရုံအတွင်း အလင်းရောင် လုံလောက်စွာရရှိစေရန် ဖန်တီးပေးပါ။ - အပူချိန်နှင့် စိုထိုင်းစအတွက် တိုင်းတာရန်ကိရိယာရှိသော်လည်း အလင်းရောင် လုံလောက်မှု ရ/မရ တိုင်းတာရန် ဖုန်းကင်မရာကို အသုံးပြု၍ ရပါသည်။ စိုက်ဘောင်တစ်ဖက်မှ ဖုန်းကင်မရာဖြင့် ဖလက်မီးမဖွင့်ပဲ ရိုက်ကြည့်လိုက်ပါ အခြားတစ်ဖက်အစွန်းမှ မှိုငုံများကို ထင်သာမြင်သာရှိနေသည့် အနေအထားဆိုလျှင် စိုက်တဲအတွင်း အလင်းရောင်လုံလောက်ပါသည်။ - (6) နောက်ပိုင်းကာလများတွင် တစ်နေ့ ၅ကြိမ် ၆ကြိမ် လေသွင်း/ထုတ် လုပ်ပေးပါ။ - ရေနွေးငွေ့သုံး စိုက်ပျိုးခြင်းသည် လောင်စာစရိတ် အတွက် ပိုမိုကုန်ကျမည်ဖြစ်သဖြင့် မှိုထွက်နှုန်း တွက်ချေကိုက်ရန် အထူးလိုအပ်ပါသည်။ - စိုက်တဲအတွင်း အပူချိန် စိုထိုင်းစ လေသွင်း ထုတ် အလင်းရောင် စသည့် အခြေခံအချက်များကို သတိထားပြီး လုပ်ဆောင်ပေးမည်ဆိုလျှင် ကုန်ကြမ်းလည်း အကုန်သက်သာ မှိုအထွက်နှုန်းလည်း ပိုမိုလာမည့် စနစ်တစ်ခုဖြစ်ပါသဖြင့် စီးပွားဖြစ် စိုက်ပျိုးလိုသော မိတ်ဆွေများ မဖြစ်မနေလုပ်ဆောင်ရမည့် စနစ်တစ်ခု ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ပါသည်။ - Crd to original writer - Lu Gyan Gyi - 22-10-2018 - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
