အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်သည့် တန်ဖိုးမြှင့်ဂျုံရိုးဦးထုပ်လုပ်ငန်း
မြန်မာနိုင်ငံသည် မည်သည့်သီးနှံမျိုးကိုမဆို စိုက်ပျိုးနိုင်သည့် ရေမြေကောင်းမွန်မှုနှင့် သဘာဝ အရင်းအမြစ်များပေါများမှုတို့ကြောင့် စီးပွားဖြစ်လုပ်ကိုင်နိုင်သော အလုပ်အကိုင် ပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးနိုင်ပါသည်။ ထိုကြောင့် မိမိ ဒေသထွက်အရင်းအမြစ်ကို အခြေခံ၍ နည်းပညာကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products)များ ကို ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့တန်ဖိုးမြှင့် ထုတ် ကုန်များကို ထုတ်လုပ်နိုင်ခြင်းအားဖြင့် အလုပ်အကိုင် အခွင့် အလမ်းများ ရရှိခြင်း၊ မိသားစုဝင်ငွေများ တိုးပွားလာခြင်း၊ ဝင်ငွေတိုးပွား လာသည့်နှင့် တစ်ပြိုင်နက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ ကျေးလက်ဒေသလူမှု စီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးသည် အငယ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင် အရေးပါသည့်အတွက် ကျေးရွာတစ်ရွာထုတ်ကုန် တစ်မျိုးအဖြစ် ကုန်ကြမ်းမှ သည်တန်ဖိုးမြှင့် ထုတ်ကုန် အထိ ထုတ်လုပ်ပြီး ဈေးကွက် အရောက် တင်ပို့ထုတ်လုပ်နိုင်ရန် လိုအပ်ပါသည်။
ဂျူံသီးနှံမှထွက်ရှိသော ဂျုံရိုးများကို အခြားဒေသများတွင် တိရစ္ဆာန်အစာ အဖြစ် ပြုလုပ်အသုံးပြုလျက်ရှိသော် လည်း အချို့ဒေသများတွင် ဂျူံရိုးများကို ဂျူံရိုးဦးထုပ်အဖြစ် ထုတ်လုပ်ဖြန့်ချိရောင်းချလျက်ရှိပါသည်။ ဂျုံရိုးဦးထုပ်လေးများ အပူပိုင်းဒေသများ၌ အလုပ်လုပ်ရာတွင် ဖြစ်စေ၊ အနှေးယာဉ်စီးရာတွင်ဖြစ်စေ အပူဒဏ်ခံနိုင်ရန်အတွက်လည်းကောင်း၊ အအေးပိုင်း ဒေသများတွင်လည်း လယ်ယာလုပ်ငန်းခွင်ဝင်ရာ၌ အအေးဒဏ်၊ ရာသီဥတုဒဏ် ခံနိုင်စေရန် လည်းကောင်း၊ ပေါ့ပေါ့ပါးပါး ဆောင်းကြသကဲ့သို့ လက်မှုပညာနှင့် ပေါင်းစပ် ချုပ်လုပ်ထားသော ဂျုံရိုးဦးထုပ်လေးများအား အမှတ်တရ ပစ္စည်းအဖြစ်လည်း လက်ဆောင်ပေး လေ့ရှိကြပါသည်။ ဂျုံရိုး ဖြင့် ချုပ်လုပ်ထားသော ဦးထုပ်လေးများသည်ရိုးရှင်းလှပ၍ ပေါ့ပါးကာ အများဝယ်ယူနိုင်သော ဈေးနှုန်း ဖြစ်သည့်အတွက် လူသုံးများသည့်ဈေးကွက်ဝင် ထုတ်ကုန်တစ်စုမျိုးလည်းဖြစ်ပါသည်။ ဘုရား၊ ပုထိုး၊ စေတီများအနီးတွင်လည်းကောင်း၊ ဘုရား ပွဲဈေးများတွင်လည်းကောင်း ဒေသထွက်ကုန်အမှတ်တရ ပစ္စည်းအဖြစ်လည်း ရောင်းချလေ့ရှိကြပါသည်။
ကုန်ကြမ်းရရှိမှု
ဂျုံရိုးဦးထုပ်များထုတ်လုပ်ရန်အတွက် အဓိကလိုအပ်သည့် ကုန်ကြမ်းမှာ စွန့်ပစ်ပစ္စည်းဖြစ်သော ဂျုံရိုးသာလိုအပ်ပြီး ကုန်ကျမှုအနည်းဆုံးနှင့် လွယ်ကူရိုးရှင်းသည့်လုပ်ငန်းဖြစ်ပါသည်။ ဂျုံသီးနှံမှာ ဆောင်းရာသီစိုက်သီးနှံဖြစ်၍အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် သီးနှံထွက်ပေါ်လာပါသည်။ ဖေဖော် ဝါရီလနှင့်မတ်လများတွင် ဂျုံရိတ်သိမ်း ကြပြီးနောက် ဈေး ကွက်ဝင်လှိုင်လှိုင်ပေါ်သည့်အချိန်ဖြစ်ပါသည်။ ဂျုံတစ်ဧကပျမ်းမျှ အထွက် ၁၃ တင်းခန့် ဖြစ်ပြီး ဂျုံသီးနှံရိတ်သိမ်းချိန်ဖြစ်သော ဖေဖော်ဝါရီလနှင့် မတ်လများတွင် ဂျုံရိုးကို ကုန်ကြမ်းအဖြစ် သိမ်းဆည်းဝယ်ယူစုဆောင်းကြပါသည်။ ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုမရှိ စေရန်အတွက် ဂျုံထွက်ပေါ်ချိန်ဂျုံရိုးကိုစုဆောင်းသိမ်းဆည်းပြီး ကျန်လများတွင် ဂျုံရိုးဦးထုပ်အား ထုတ်လုပ်ကြပါသည်။ ထွက်ရှိသောဂျုံခင်းများ အပြင်မြို့နယ်အတွင်း ဂျုံစိုက်တောင်သူများထံသို့လည်း သွား ရောက်ဝယ်ယူရပါသည်။ ဂျုံနှံဖြတ်ပြီး ကျန်ရှိသည့် ဂျုံရိုး တံအနိမ့်၊ အမြင့်အပေါ်မူတည်၍ ဈေးနှုန်းကွဲပြားရာဂျုံရိုးသည် တုတ်၍ရှည်လျှင် ဈေးပိုပေးဝယ်ယူရပါသည်။
ဂျုံရိုးဦးထုပ်ထုတ်လုပ်ခြင်း
ဂျုံရိုးဦးထုပ်ထုတ်လုပ်ရန်အတွက် ဂျုံရိုးအဆစ်ခွဲခြား ခြင်း၊ ဂျုံရိုးအဆစ်ချိုးခြင်း၊ ကြိုးကျစ်ခြင်း ဦးထုပ်အဖြစ်ချုပ်စက် ဖြင့်ချုပ်ခြင်း၊ချုပ်ပြီးဦးထုပ်များကိုပေါင်းခံ၍အရောင်ချွတ်ခြင်း၊ လှပသော ဦးထုပ်များဖြစ်စေရန်နှင့်ဈေးကွက်ဝင်ရန် ဆေး ခြယ်ခြင်း၊ကြိုးတပ်ရန်အတွက် ရိုက်သီးများရိုက်ခြင်း စသည့် လုပ်ငန်းစဉ်များ လုပ်ကိုင်ကြရပါသည်။ ဂျုံရိုးအဆစ်ချိုးခြင်းနှင့် အဆစ်ခွဲခြားခြင်း ကုန်ကြမ်း ဂျုံရိုးများကို အခြောက်လှမ်း၍သန့်စင်ပြီးပါ က ဂျုံရိုးကိုသုံးဆစ်ချိုးယူ၍ အဆင့်အတန်း၃မျိုး ခွဲခြားပါ သည်။ ဂျုံရိုးတစ်ရိုး၏အပေါ်ဆုံးအဆစ်သည် နူးညံ့သည့် အတွက် ဂျုံရိုးဦးထုပ် အချောအတွက် လည်းကောင်း၊ အလယ် ဆစ်မှာဦးထုပ်ကြမ်းချော အတွက်လည်းကောင်း၊ နောက်ဆုံး အဆစ်မှာ ဂျုံရိုးဦးထုပ် အကြမ်းအတွက်လည်းကောင်း၊အဆင့် ခွဲခြား၍ ဦးထုပ်သုံးမျိုး သုံးစားထွက်ရကြောင်း သိရှိရပါသည်။ ဂျုံရိုးအဆစ်များကို ကောင်း၊ သင့်၊ ညံ့ ၃စားခွဲ၍ တစ်ပိသာ စည်းများစည်းထားကြပါသည်။
ကြိုးကျစ်ခြင်း
ဂျုံရိုးဦးထုပ်တစ်လုံးဖြစ်ပေါ်စေရန်အတွက် ပထမအဆင့်အနေဖြင့် ကုန်ကြမ်းဂျုံရိုးကို ကျစ်ပင် စပိုင်းဖြစ်သော အပေါ်နှံရိုးကိုချိုးယူကြရပါသည်။ ချိုးပြီးသောဂျုံရိုးများကိုရေတွင် ဆယ်မိနစ်ခန့် စိမ်ပေးပြီးမှသာလျှင် ဂျုံရိုးများပျော့ပြောင်းသွားသည့်အတွက် ကြိုးကျစ်ရန် အဆင်ပြေမှာ ဖြစ်ပါသည်။ ရေစိမ်ပြီးပါကကြိုးကိုဆက်ကျစ်နိုင်ပြီဖြစ်ပါသည်။ ဂျူံရိုးကျစ်ကြိုးအရှည်သည် အတောင်၄၀ခန့် ရှည်ရမည်ဖြစ်ပြီး ဦးထုပ်တစ်လုံးစာကြိုးကျစ်ပြီးပါက ဆက်ထားသည့်ဂျုံရိုးတွင် ထွက်နေသည့် အစလေးများကို ကပ်ကြေးနှင့်ညှပ်ထုတ်ရမှာဖြစ်ပါသည်။ ဂျုံရိုးကျစ် နေကျလူတစ်ဦးအနေဖြင့် တစ်ရက်လျှင် ဦးထုပ်သုံးလေးလုံးစာခန့်ကျစ်နိုင်ကြောင်း နှင့် ဂျုံရိုးတစ်ပိသာစည်းတစ်စည်းလျှင် ဂျုံရိုး ကျစ်ကြိုး ၁၂ခွေရရှိပြီး၊ ပိုင်ရှင်မှ ၆ခွေ၊ ကြိုးကျစ်သူ၏ လုပ်အားခအဖြစ် ကျစ် ကြိုး၆ခွေခွဲယူကြကြောင်းနှင့်ကြိုးကျစ်ခြင်းသည်သင်ယူရန် လွယ်ကူ သောကြောင့် ကလေးမှအစ လူကြီးအထိကြိုးကျစ်လုပ်ငန်းကိုလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
ဦးထုပ်ချုပ်လုပ်ခြင်း
ဂျုံရိုးများကို ကြိုးကျစ်ပြီးနောက်ရလာသည့်ကျစ်ကြိုးကွေများကို ရေအနည်းငယ်စွတ်ပြီးပါက စက်ဖြင့်ချုပ်လုပ်နိုင်ပြီဖြစ်ပါသည်။ စက်ချုပ်ရာတွင် လှပသေသပ်သည့် ဦးထုပ်များ ရရန် အမျိုးသမီးတစ်ဦး၏ ကျွမ်းကျင်မှုအရ တစ်နေ့ဦးထုပ်လုံးရေ ၃၀ကျော်အထိ ချုပ်လုပ်နိုင်ပြီး ပုံမှန်ဦး ထုပ် တစ်လုံး ချုပ်ခ ကျပ် ၃၀ဝနှုန်းဖြင့် အလုံးရေ ၂၀ အထိ ချုပ်လုပ်နိုင်ပါသည်။ ကြိုးကျစ်သူများမှာတစ်နေ့လျှင် ဦးထုပ်သုံးလုံးစာခန့်သာ ပြီးနိုင်ကြောင်း သိရှိရပါသည်။
ပေါင်းခံခြင်း
ချုပ်ပြီးရလာသည့်ဦးထုပ်များကိုနေတွင်လှမ်းပြီးအခြောက်ခံရပါသည်။ ချုပ်ပြီးရလာသည့် ဦးထုပ်၏ သဘာဝအရောင်မှာ ညိုဝါ ရောင်ဖြစ်ပြီး ရိုးရှင်းသည့်အတွက် ယခင်က ဈေးကောင်းရရှိခြင်းမရှိခဲ့ပေ။ ထိုကြောင့်လှပပြီး ဈေးကွက်ဝင်စေရန်နှင့် ဈေးကောင်း ပိုမိုရရှိရေးတို့အတွက်ကန့်မှုန့်ကို မီးရှို့ပြီး ပေါင်းခံအိုးနှင့်တစ်ညခန့်ပေါင်းခံကာ ဂျုံရိုးဦးထုပ်ကို အရောင်ချွတ်ကြရပါသည်။ ဂျုံရိုးဦးထုပ်များကို ပေါင်းခံပြီးပါက အဖြူရောင်သန်းလာသည့်အတွက် ပိုမိုလူကြိုက်များ လာပါသည်။ ထိုသို့အရောင်ချွတ်ပြီးပါက နေပူတွင် တစ်နေလှမ်းထား ပေးရပါသည်။ နေပူလှန်းပြီးပါက ပိုမိုလှပ၍ စွဲဆောင်မှု ရှိစေရန် ဆေး ရောင်ခြယ်ခြင်း၊ ဦးထုပ်ကြိုးတပ်၍ ရိုက်သီးရိုက်ခြင်းတို့ကိုပြုလုပ်ပေး ပြီးပါက လှပ၍ချစ်စရာကောင်းပြီး အပူဒဏ်ကာကွယ်ပေးနိုင်သည့် ဂျုံရိုးဦးထုပ်လေးများရရှိလာမည်ဖြစ်ပါသည်။စာရေးသူ ခုဆောင်းပါးရေးချိန်မှာ အရောင်ချွတ် ပေါင်းခံခ အနေဖြင့်ဦးထုပ်တစ်လုံး ကျပ် ၁၀ဝ ကျသင့်ပြီး ဆေးရောင်ခြယ်ခြင်း၊ ရိုက်သီးရိုက်ခြင်းနှင့် လက်ခများလည်း အပါအဝင်ဖြစ်ပါသည်။
သဘာဝပစ္စည်းနှင့်ထုတ်လုပ်ထားသော ဂျုံရိုးဦးထုပ်လေးများသည် ရာသီဥတုဒဏ် ကာကွယ်ရန်နှင့်ပေါ့ပါးပြီး ကြာရှည်ခံကာ လူတန်းစားမရွေးနှစ်သက်စွာဝယ်ယူ သုံးစွဲနိုင်သည့်အပြင် လှပခိုင် ခန့်ပြီး ဈေးနှုန်းသင့်တင့်သည့်အတွက် ဈေးကွက်ဝင် ထုတ်ကုန်တစ်မျိုး ဖြစ်ပါသည်။ ထိုအပြင် ဒေသခံပြည်သူများ အတွက်လည်း ဝင်ငွေရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိခြင်းတို့ကြောင့် ကျေးလက်ဒေသလူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်မှုလုပ်ငန်းများ အနေဖြင့် အရင်းအနှီး၊နည်းပညာဈေးကွက်စသည့် အထောက်အပံ့ကောင်းများ ပံ့ပိုးပေးနိုင်ပါက တန်ဖိုးမြင့် ထုတ်ကုန်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာပြီး နိုင်ငံစီးပွားရေးကိုလည်း တစ်ထောင့်တစ်နေရာမှ ထောင်မတ်ပေးနိုင်သည့်ဒေါက်တိုင်တစ်ခုအဖြစ်သို့ရောက်ရှိလာမည် မှာမု ချဧကန်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဆောင်းပါးမှကူးယူဖော်ပြသည်။
------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း