မိမိမွေးမြူရေးခြံကို သန့်ရှင်းရေးနဲ့ပိုးသတ်ခြင်း ပုံမှန်လုပ်ပေးခြင်း
(၁) ခြံသန့်ရှင်းရေး
-ခြံသန့်ရှင်းရေးကိုတော့ နေ့စဥ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ခြံထဲမှာရှိတဲ့ မစင်၊ ဆီး၊ အစာအကြွင်းအကျန်နှင့် အစာခွက်၊ ရေခွက်တွေ အပေါ်/အောက်မှာ ကပ်ညှိနေတဲ့ အဖတ်၊အလွှာများကို နေ့စဥ်သန့်ရှင်းပေးရမှာပါ။ (အဲဒီလိုနေရာတွေမှာ ရောဂါပိုးတွေအများဆုံးရှိနေတတ်သလို ပေါက်ပွားနိုင်ခြေများလို့ပါ။)
-မြေခြံ (ကျွဲ၊နွား၊သိုး၊ဆိတ်)ဆိုရင်တော့ တံမြက်စည်းနဲ့ အညစ်ကြေးတွေမရှိအောင် သေချာလှည်းပြီး ခြောက်သွေ့အောင် ထားပေးရမှာပါ။ အပြင်ထုတ်လို့ရတဲ့ အစာခွက်၊ရေခွက်တွေကို အပြင်ထုတ် ဆပ်ပြာရည်နဲ့သန့်ရှင်းရေးလုပ်ပြီး ပြန်ထားပေးရမှာပါ။
-စင်ခြံ၊ ကွန်ကရစ်ခင်းခြံတွေရဲ့ ကြမ်းခင်းတွေကိုတော့ ရေနိုင်နိုင်သုံးပြီး နေ့စဥ် သန့်ရှင်းရေး ပြုလုပ်ပေးရမှာပါ။ ဆပ်ပြာရည်နဲ့ကတော့ တပတ်ကို (၂) ကြိမ်လောက် သန့်ရှင်းရေးလုပ်ပေးပါ။ (သတိထားရမှာက ဆပ်ပြာရည်ကို တိရစ္ဆာန်တွေ မသောက် မိဖို့ ဂရုစိုက်ပါ။
(၂) ခြံသုံးပိုးသတ်ဆေးကို အသုံးပြုပြီး ပိုးသတ်ပေးခြင်း
-များသောအားဖြင့် တိရစ္ဆာန်တသုတ်မသွင်းခင် ခြံကိုကြိုတင်ပြီး ပိုးသတ်ရာမှာ အသုံးပြုတာဖြစ်ပါတယ်။
-ကျေးလက်ဒေသတွေ တနိုင်တပိုင်မွေးတဲ့ခြံတွေအတွက် အသုတ်လိုက်ထုတ်၊ အသုတ်လိုက်သွင်းတာ အရမ်း နည်းတဲ့အတွက် လက်တွေ့နဲ့သိပ်မကိုက်ညီပါဘူး။ ခြံထဲမှာ တိရစ္ဆာန်တွေက အမြဲရှိနေတတ်တယ်လေ။
-အဲလိုဆိုတော့ တိရစ္ဆာန်ရှိနေတဲ့ ခြံကိုပိုးသတ်လို့မရတော့ဘူးလား ဆိုတော့ မဟုတ်ပါဘူး၊ လုပ်လို့ရပါတယ်၊ ဒါပေမဲ့ သတိထားပြီး လုပ်ဖို့လိုအပ်ပါတယ်။
တိရစ္ဆာန်ရှိနေတဲ့ခြံကို ဘယ်လိုပိုးသတ်ရမှာလဲ?
-ဒီနေရာမှာ မြေစိုက်ခြံတွေအတွက်တော့ မဖြစ်နိုင်တာမို့ စင်ခြံနဲ့ ကွန်ကရစ်ခြံတွေအတွက်ဘဲ ညွှန်းလိုက်ပါတယ်။
-ခြံမှာ အခန်းလွတ်ရှိရင် ပိုးသတ်ချင်တဲ့ခြံထဲက တိရစ္ဆာန်တွေကို ကြိုတင်ပိုးသတ်ထားတဲ့အခန်းလွတ်ထဲ မောင်းသွင်းပြီး ပိုးသတ်ဆေးသုံးပြီး ပိုးသတ်ပါ။ ကြမ်းခင်း၊ ဘေးဘောင်တွေ၊ ရေမြောင်းတွေ အားလုံးကိုထိအောင် ဖြန်းပေးပါ။ (ပိုးသတ်ဆေး တမျိုးနဲ့တမျိုး သုံးရမဲ့အညွန်းမတူတာဖြစ်လို့ အသုံးပြုနည်းနဲ့ပတ်သတ်ပြီး ထွက်တိုးဆော့ဝဲလ်မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်။)
-အကြမ်းအားဖြင့် ပိုးသတ်ဆေးအတော်များများက ဖြန်းပြီး ၁၀ မိနစ်ကနေ ၂၀ မိနစ်ထားရပြီးရင် ရေပြန်ဆေးရပါတယ်။ ပီးရင်ခြောက်သွေ့အောင်ထားပီးမှ ခွဲထားတဲ့တိရစ္ဆာန်ကို ပြန်ထည့်ပါ။ဒါကတော့ အန္တရယ် အနည်းဆုံးဖြစ်အောင်ပြောပြတာပါ။
-ပိုးသတ်ဆေးသုံးတိုင်း ပိုးသတ်ဆေးဖျော်ထားတဲ့ဆေးရည်အကျန်တွေကို ကိုယ့်တိရစ္ဆာန် မသောက်မိစေဖို့တော့ သတိပြုပါ။
-တချို့သော ပိုးသတ်ဆေးတွေက အညွန်းအတိုင်း ဖျော်ရင်တော့ ခြံထဲ တိရစ္ဆာန်ရှိနေရင်လည်း သုံးလို့ရပါတယ်။ (ထွက်တိုးဆော့ဝဲလ်မှာ သေချာမေးပြီးမှသုံးပါ။)
-ဘာဘဲဖြစ်ဖြစ် ပိုးသတ်ဆေးရည်ကျန်တွေကို ကိုယ့်တိရစ္ဆာန်က မသောက်မိဖို့ သတိထားပါ။
(တချို့ပိုးသတ်ဆေးတွေကတော့ ဘယ်လောက်အချိုးနဲ့ဖျော်ရင် ရေထဲဖျော်တိုက်လို့ရတဲ့ ပိုးသတ်ဆေးတွေတောင် ရှိပါတယ်။ နည်းပါတယ်။ ဗဟုသုတ အနေနဲ့ပြောပြတာပါ။)
-သာမန်အခြေအနေမှာ တိရစ္ထာန် တသုတ်ပြန်မထည့်ခင် ခြံပိုးသတ်ဆေးကို သုံးပါ။
-ပတ်ဝန်းကျင်မှာ ရောဂါဖြစ်တယ် အသံကြားလို့ ကိုယ့်ခြံ စိတ်မချလို့ ပိုးသတ်ဆေးဖြန်းမယ်ဆိုရင်တော့ တစ်လကို တစ်ကြိမ်လောက်ဖြန်းနိုင်ပါတယ်။
-ခြံတွင်း၊ ခြံပြင် ဖြန်းပေးပါ။ ခြံပိုးသတ်ဆေးကို တမျိုးထဲပုံသေမသုံးဘဲ လှည့်သုံးပါ။ ပိုထိရောက်ပါတယ်။
ပိုးသတ်ဆေးမသုံးနိုင်ရင် ဘာသုံးလို့ရသေးလဲ?
-ခြံပိုးသတ်ဆေးကို အသုံးပြုဖို့ အခက်အခဲရှိမယ်ဆိုရင်တော့ မဖောက်ထုံးမှုန့်ကို အသုံးပြုပီး ခြံပိုးသတ်လို့ရပါတယ်။ ပိုးသတ်ဆေးလောက် မကောင်းပေမဲ့ ပိုးအတော်များများကို သတ်နိုင်စွမ်းရှိပါတယ်။
-၂ ပတ် တကြိမ်လောက် အသုံးပြုလို့ရပါတယ်။
-ခြံအတွင်းနဲ့ ခြံပတ်ဝန်းကျင်ကို ထုံးမှုန့်ဖြူးပေးလို့ရပါတယ်။
-ခြံထဲအတွက်ကတော့ ခနထားပီး ရေနဲ့ပြန်ဆေးချပါ။ တိရစ္ဆာန် မသောက်မိစေဖို့ သတိပြုပါ။
ထိရောက်တဲ့ခြံပိုးသတ်ခြင်း
- ပိုးသတ်မယ်ဆိုရင် အရင်ဆုံး ဆပ်ပြာရည်နဲ့ ခြံကိုဆေးပြီးမှ ပိုးသတ်ဆေးဖြစ်စေ၊ မဖောက်ထုံးဖြစ်စေ သုံးပါ။ အညစ်ကြေးအုပ်နေတဲ့ပိုးတွေကို ပိုးသတ်ဆေးတွေက မသတ်နိုင်ပါဘူး။ ဆပ်ပြာရည်နဲ့ဆေးပီးမှသာလျှင် အကွယ်ကာမရှိတဲ့ ပိုးတွေကို သတ်နိုင်မှာဖြစ်ပါတယ်။
ပိုးသတ်ဆေးဖြန်းစဥ်သတိပြုရန်
-ပိုးသတ်ဆေးကိုရေနဲ့ဖျော်ပြီး ဒီအတိုင်းမလောင်းရပါဘူး။ စိုက်ပျိုးရေးသုံး ဆေးဖြန်းပုံးမျိုးထဲထည့်ပြီး အပင်ဖြန်း သလို ဖြန်းပေးရမှာပါ။ ဒါမှ အကြားတွေထဲ အကုန်ရောက်မှာဖြစ်ပါတယ်။
-ပိုးသတ်ဆေးကို မသောက်/မရှူ မိဖို့၊ လက်အနာထဲမဝင်ဖို့၊ မျက်စိထဲမဝင်ဖို့ သတိပြုပါ။ အကာအကွယ်အပြည့် ဝတ်ဆင်ပြီးမှ ဖျန်းပါ။ တစ်ခုခုဖြစ်ပါက ရေနိုင်နိုင် ဆေးပါ။ လိုအပ်ရင် ဆေးခန်း/ဆေးရုံကို ချက်ခြင်းသွားပြပါ။
-အချုပ်အားဖြင့် - ကိုယ့်ခြံအတွင်းနဲ့ ခြံပတ်ဝန်းကျင်မှာ ပုံမှန်သန့်ရှင်းရေးနဲ့ ပိုးသတ်ခြင်းတို့ပြုလုပ်ပေးခြင်းဟာ ရောဂါပိုးပေါက်ပွားမှုကို တားဆီးထားတဲ့အတွက် ဇီဝလုံခြုံရေးရဲ့အစိတ်အပိုင်း တခုဖြစ်ပါတယ်။ ကိုယ်လည်းလုပ်သလို တခြားသူတွေကိုလည်းပြောပြပြီး လုပ်စေပါ။
ဇီဝလုံခြုံရေးအတွက်လုပ်ဆောင်ရန်တတိယ အချက်-ဆက်ရန်
----------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း