စိုက်ပျိုးရေးထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ်မြင့်မားနေခြင်းကို စိုက်ပျိုးသူများက လျစ်လှူရှုနေကြပါသလား?
ထမင်းမစားခင် လက်ကို ဆပ်ပြာနဲ့ ဆေးလေ့ရှိပါသလား။
အစာမစားမီ သို့မဟုတ် အိမ်သာတက်ပြီးလျှင် လက်ကိုဆပ်ပြာနဲ့ဆေးဖို့ နှစ်ပေါင်းများစွာ ပညာပေးခဲ့ပေမယ့် သင်ရော လိုက်နာရဲ့လား?
တချို့ဆိုရင် ထမင်းမစားခင် လက်ကိုရေလေးနဲ့ပဲ စွတ်ပြီး၊ ထမင်းစားပြီးမှ မဆလာနံ့၊ မျှစ်ချဥ်ပေါင်နံ့က လက်မှာစွဲနေလို့ဆိုပြီး လက်ကို ဆပ်ပြာနဲ့ သေချာဆေးတတ်ကြပါရဲ့။
ကျွန်တော်က စိုက်ပျိုးရေးထုတ်ကုန်များ၌ ဘေးအန္တရာယ်ကင်းရှင်းရေးကို တစိုက်မတ်မတ်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော့်ရဲ့ ဇာတ်လမ်းတွေထဲမှာတော့ ဓာတုဆေးများသည် ခင်မို့မို့အေးများ၊ အံ့ကျော်များသာ ဖြစ်ကြပါတယ်။
လူသားများကျန်းမာရေးအတွက် ပညာပေးနေကြသလိုပဲ ကျွန်တော်တို့ကလည်း စိုက်ပျိုးရေးလုပ်ငန်းခွင်၊ တောင်သူများနှင့် ထွက်ကုန်များ၌ဘေးကင်းစေရေးကို ပညာပေးလေ့ရှိပါသည်။
စိုက်ပျိုးရေး၌သုံးသော ပိုးသတ်ဆေးအပါအဝင် ဓာတုဆေးအများစုသည် လူကိုသေစေနိုင်ပါတယ်၊ ဒါကြောင့် အသည်းကွဲရင် စိတ်ညစ်ရင် သောက်ကြတာပေါ့ဗျာ။
ဒါကြောင့် တောင်သူများအနေဖြင့် လူကိုသေစေနိုင်တဲ့ အဆိပ်ကို လူတွေစားမယ့် သီးနှံထွက်ကုန်တွေနဲ့ အပင်တွေကို ဖျန်းတဲ့အခါ တာဝန်သိသိနဲ့ တာဝန်ရှိရှိအသုံးပြုဖို့ လိုပါတယ်။
စိုက်ပျိုးရေးထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ်မြင့်မားနေပါက စိုက်ပျိုးသူတောင်သူများကိုပါ အပြစ်ဖွဲ့လေ့ရှိပါတယ်။
ဒီအန္တရာယ်တွေကို မသိတာလား? သိလျှက်နဲ့ အဲ့လောက်တော့ မဖြစ်ပါဘူးလေဆိုပြီး၊ မကြောက်မလန့် သုံးတာလား? ဖြစ်ချင်ရာဖြစ် ဇွတ်သုံးနေတာလား?
အခုဆိုရင် ပညာတတ်၊ လူငယ်အများစုပါ စိုက်ပျိုးရေးလောကထဲ ဝင်ရောက်လာနေကြပါပြီ။ ထို့ပြင် တောင်သူဦးကြီးများကလည်း တိုးချဲ့နည်းပညာပေးဌာနများတင်မက၊ ဖုန်းမှတဆင့် နည်းပညာဗဟုသုတတွေကို လေ့လာတဲ့ခေတ်ကို ရောက်နေပါပြီ။
ဒါပေမယ့် တောင်သူတွေမှာလည်း သူတို့ပဲသိသော အခက်အခဲများစွာရှိပါတယ်။ ကျွန်တော့်ရဲ့မိတ်ဆွေတောင်သူများအနေဖြင့် အောက်ပါအကြောင်းအရာများကြောင့် ပိုးသတ်ဆေးများကို မဖြစ်မနေသုံးစွဲနေရပြီး၊ စိုက်ပျိုးရေးထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ်မြင့်မားစေရန် ဆောင်ရွက်နေသလို ဖြစ်နေရပါတယ်။
တောင်သူများရှုထောင့်မှ ကြည့်ကြရအောင်............
၁။ စီးပွားရေးထိခိုက်မှုနှင့် ရင်ဆိုင်နေရသည့်ဖိအားများ
(က) သီးနှံများမဆုံးရှုံးလိုခြင်း
ပိုးသတ်ဆေးဓာတ်ကြွင်း၏ မမြင်ရသေးသော ရေရှည်အန္တရာယ်ထက် ပိုးမွှားရောဂါကျရောက်၍ သီးနှံဆုံးရှုံးရမှုက တောင်သူအတွက် ပိုအရေးကြီးလေသည်။ အပင်များသေကြေပျက်စီးရခြင်းကို ထိုင်ကြည့်နိုင်စွမ်း တောင်သူများ၌ မရှိချေ။
ထို့ပြင်တောင်သူ့သိက္ခာတရားသည် ထည့်တွက်စရာတစ်ခုဖြစ်သည်။ ကျွန်တော့်မိတ်ဆွေ ဖရဲနှင့် သခွားမွှေးတောင်သူအချို့ရှိပါသည်။ ဒီလောက်ဖရဲ သခွားစိုက်လာတာ နှစ်ပေါင်းဆယ်ချီနေပြီ၊ ခုထိ သီးနှံကို မနိုင်သေးဘူးဟု အခြားတောင်သူများမှ အဝေဖန်ခံရမှာ သေမလောက်ကြောက်လေသည်။ ထို့ကြောင့် ပိုးသတ်ဆေးကို လိုလို မလိုလို အပတ်စဥ်နီးပါး ဖျန်းလေ့ရှိသည်။ (တောင်သူအားလုံးကို မဆိုလိုပါ)
(ခ) စင်းလုံးချောသီးနှံထွက်ကုန်များသည်သာ ဈေးကွက်၌ မျက်နှာပန်းလှခြင်း
ပိုးပေါက်မပါ၊ ပိုးကိုက်ရာမရှိ၊ အရိအပုပ်ကင်းစင်ပြီး လှပသည့် စင်းလုံးချောထုတ်ကုန်များသည်သာ ဈေးကွက်၌ မျက်နှာပန်းလှခြင်းကြောင့် ပိုးသတ်ဆေးကို ရိတ်သိမ်းခါနီးအထိ ဖျန်းကြရပြန်သည်။
(ဂ) ငွေကြေးပြဿနာရှိခြင်း
တောင်သူအများစုသည် ငွေကြေးပြဿနာ အနည်းအများရှိကြသောကြောင့် ဘက်စုံပိုးမွှားကာကွယ်မှုစနစ်နှင့် အော်ဂဲနစ်ပိုးသတ်ဆေးများကို မိမိတို့စိုက်ခင်း၌ အဓိကသုံးစွဲရန် စမ်းသပ်ချိန်မရှိကြသလို၊ မစွန့်စားရဲသောကြောင့် အလွယ်တကူဝယ်ယူရရှိနိုင်ပြီး လက်တလောပိုးမွှားပြဿနာကို ချက်ခြင်းရှင်းပေးနိုင်သည့် ဓာတုပိုးသတ်ဆေးများကိုသာ မချင့်မချိန်သုံးစွဲနေကြရပါသည်။
၂။ နည်းပညာနှင့် ဓာတုပိုးသတ်ဆေးအစားထိုးသုံးစွဲခြင်းဆိုင်ရာဗဟုသုတနည်းခြင်း
(က) နည်းပညာပေးဝန်ထမ်းများနှင့် (အကြောင်းကြောင်းကြောင့်) ထိတွေ့မှုအားနည်းခြင်း၊ လေ့လာမှုမရှိခြင်း၊ အနာနှင့်ဆေးလွဲနေခြင်း၊ အစွမ်းထက်မြက်မှုမရှိ/သက်တမ်းကုန်နေသည့် ဆေးများသာ ဝယ်ယူရရှိခြင်း၊ ဓာတုပိုးသတ်ဆေးများ၏ အန္တရာယ်နှင့် သီးနှံထွက်ကုန်များ၌ ၎င်းတို့၏အကြွင်းအကျန်များဆိုင်ရာ ဗဟုသုတများအား မသိရှိခြင်းနှင့် ယုံကြည်မှုမရှိခြင်း
(ခ) ဘက်စုံပိုးမွှားကာကွယ်ရေးစနစ် (IPM) ကို လိုက်နာရန် ခက်ခဲခြင်း
ဗဟုသုတ အထူးလိုအပ်သည်။ စိုက်ခင်းအား အမြဲထောက်လှမ်းရခြင်း၊ သီးလှည့်စိုက်ခြင်း၊ အကျိုးပြုအင်းဆက်များမွေးမြူခြင်း စသည့်စနစ်များကို လုပ်ဆောင်ရန် နားမလည်ခြင်း၊ အဝါရောင်ထောင်ချောက်များ၊ ကပ်ပါးနဂျီများအား ဝယ်ယူရန် ခက်ခဲခြင်း၊ စီးပွားဖြစ်ရောင်းချနေသည့် သဘာဝပိုးနှင်ဆေးများ အစွမ်းမထက်ခြင်း၊ ဈေးပိုကြီး၍ လက်လှမ်းမမီခြင်း။
(ဂ) ဆေးများများသုံးလေ ပိုးသေလေဟု ယူဆခြင်း
ပိုးသတ်ဆေးပမာဏများများ၊ အကြိမ်ရေများများဖျန်းပေးခြင်းဖြင့် ပိုးမွှားရောဂါများ နလန်မထူနိုင်တော့ဘဲ သီးနှံအထွက်တိုးမည်ဟု ယူဆခြင်းကြောင့် သီးနှံငယ်စဥ်မှသည် ရိတ်သိမ်းခါနီးအထိ Pre-Harvest Interval (PHI) ကို ဂရုမပြုဘဲ ဆေးဖျန်းခြင်း။ တချို့ဟင်းသီးဟင်းရွက်စိုက်တောင်သူများ ကုန်ကားပေါ်တင်ပြီးချိန်အထိ ဆေးလိုက်ဖျန်းခြင်း။
၃။ ပိုးသတ်ဆေး စနစ်တကျသုံးစွဲမှုဆိုင်ရာစည်းမျဥ်းဆိုင်ရာ စိန်ခေါ်မှုများ
🍉ပိုးသတ်ဆေး စနစ်တကျသုံးစွဲမှုဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို တောင်သူများအနေဖြင့် လိုက်နာရပါမည်။
🍇ဈေးကွက်အတွင်းရှိသီးနှံများ၌ ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏစောင့်ကြည့်ခြင်းများကို ဆောင်ရွက်၍ ထိရောက်သည့်အရေးယူမှုများကို ဆောင်ရွက်သင့်သည်။
🍈သက်တမ်းကုန်သွားပြီဖြစ်သော၊ သို့မဟုတ် တားမြစ်ထားသော ပိုးသတ်ဆေးများ ဈေးကွက်၌ ရှိမနေစေရန် တင်းကျပ်စွာတားမြစ်ထားရမည်။
(၄) ပိုးသတ်ဆေးဓာတ်ကြွင်းများ၏ အန္တရာယ်ကို ချက်ချင်းမတွေ့မမြင်ရခြင်းကြောင့် မကြောက်ရွံ့ကြခြင်း
ပိုးသတ်ဆေးဓာတ်ကြွင်းများ၏ အန္တရာယ်ကို ချက်ချင်းမတွေ့မမြင်ရ၍ အထူးသဖြင့် မြန်မာစားသုံးသူများနှင့် တောင်သူများသည် မကြောက်ရွံ့တတ်ကြပါ။ ကင်ဆာ၊ အာရုံကြောထိခိုက်မှုနှင့် အခြားနာတာရှည်ရောဂါများသည် ပိုးသတ်ဆေးဓာတ်ကြွင်းများ၏ နောက်ဆက်တွဲဆိုးကျိုးများဟု မသိရှိကြပါ။
အကျဥ်းချုပ်ဆိုရပါလျှင် ကျွန်တော်တို့လယ်သမားအများစုသည် ပိုးသတ်ဆေးနှင့် ၎င်း၏နောက်ဆက်တွဲအန္တရာယ်များကို ကောင်းမွန်စွာသိရှိကြသော်လည်း အထက်ပါအချက်များကြောင့် ရွေးချယ်စရာမရှိဘဲ ဈေးကြီးမြင့်လှသည့် ပိုးသတ်ဆေးကို မချစ်သော်လည်း အောင့်ကာနမ်းရင်း ဖျန်းနေကြရခြင်းဖြစ်ပါသည်။
ဖြေရှင်းနည်းမှာ လယ်သမားများကို အပြစ်တင်ရန်မဟုတ်ဘဲ၊ ၎င်းတို့ပတ်ဝန်းကျင်ရှိ စနစ်များကို ပြောင်းလဲပေးရန်သာဖြစ်သည်။
(က) ပိုမိုထိရောက်သော ပညာပေးဝန်ဆောင်မှုများ၊ တိုးချဲ့ပညာပေးရေးလုပ်ငန်းများ
(ခ) ပိုးသတ်ဆေးဓာတ်ကြွင်းနည်းပါးသော သီးနှံများအတွက် ပရီမီယံဈေးကွက်၊ GAP နှင့် အော်ဂဲနစ်ထောက်ခံချက်လက်မှတ်များဖြင့် သီးနှံများထုတ်လုပ်၍ ဈေးကောင်းရစေရန် ဆောင်ရွက်ခြင်း
(ဂ) ပိုးသတ်ဆေးရောင်းဝယ်ဖောက်ကားမှုနှင့် သီးနှံများ၌ ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏများ စောင့်ကြည့်ခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို ပိုမိုတင်းကျပ်ခြင်း
(ဃ) စင်းလုံးချောသီးနှံများထက် ဘေးကင်း၍ အာမခံချက်ရှိသည့် သီးနှံများကို ပိုမိုရွေးချယ်ရန် စားသုံးသူများထံ ပညာပေးခြင်း
(င) အော်ဂဲနစ်ပိုးသတ်ဆေးများဆိုင်ရာ သုတေသနများ ပိုမိုဆောင်ရွက်၍၊ အစွမ်းထက်သည့် နည်းပညာနှင့် သွင်းအားစုများကို ဖော်ထုတ်ခြင်း
နိဂုံးချုပ်အနေဖြင့် လယ်သမားများသည် ပိုးသတ်ဆေးအကြွင်းအကျန်အန္တရာယ်ကို မသိမမြင်ကြသောကြောင့် လျစ်လှူရှုနေကြခြင်း မဟုတ်ပါဟု သုံးသပ်ရပါမည်။
ထမင်းမစားမီ လက်ကိုဆပ်ပြာဖြင့်ဆေးရမည်ဖြစ်မှန်း သိကြသော်လည်း ဗိုက်အလွန်ဆာနေခြင်း၊ အချိန်မရှိခြင်း၊ ဆပ်ပြာမရှိခြင်း၊ ရေနည်းနေခြင်းတို့ကြောင့် တခါတလေကျွန်တော်တို့ မဆေးဖြစ်ကြပါ။ သို့သော် ဒါကလည်း လက်ခံနိုင်သည့် အကြောင်းပြချက်မဟုတ်သောကြောင့် ထမင်းမစားမီ မဖြစ်မနေ ဆပ်ပြာဖြင့် လက်ကိုဆေးရမည်သာ။
တောင်သူများအနေဖြင့်လည်း ၎င်းတို့ နေ့စဥ်ရင်ဆိုင်နေရသည့် စီးပွားရေးဆိုင်ရာ ဖိအားများ၊ စိန်ခေါ်မှုများကြောင့် ပိုးသတ်ဆေးများကို မဖြစ်မနေ ဖျန်းနေရဆဲဖြစ်သော်လည်း စားသုံးသူများဘေးကင်း၍၊ နိုင်ငံတကာဈေးကွက်သို့ အာမခံချက်အပြည့်ဖြင့် တင်ပို့နိုင်ရေး၊ စိုက်ပျိုးရေးထုတ်ကုန်များ၌ ပိုးသတ်ဆေးအကြွင်းအကျန်အန္တရာယ်နည်းပါးစေရေးအတွက် စနစ်တကျပြောင်းလဲမှုများကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ဒေါက်တာဝဏ္ဏထွန်း
--------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း