ရွှေဝါငါးကြင်း သဘာဝအရ သားဖောက်ခြင်းစနစ်
ရွှေဝါငါးကြင်းငါးသည် အအေးပိုင်း ငါးမျိုးစိတ်ဖြစ်ပါသည်။ ကန်အောက်ခြေတွင် နေထိုင်ပြီး ကန်အောက် ခြေအညစ်အကြေးများကို စားသောက်တတ်ပါသည်။ ကန်အောက်ခြေရှိ ရေညှိ၊ရေမှော်များ ဘက်တီးရီးယားများ ကို စားသောက်တတ်ပါသည်။ ကန်အောက်ခြေတွင် နေထိုင်ပြီး ကန်ဘောင်ပတ်လည်တွင် တွင်းတူးခြင်းဓလေ့လည်း ရှိပါသည်။ ထို့ကြောင့် ငါးမွေးမြူရေးသမားများသည် ရွှေဝါငါးကြင်းကြောင့် ကန်ဘောင်များ ပြိုကျတတ်သဖြင့် ထည့်သွင်းမွေးမြူခြင်းကို ရှောင်ကျဉ်ကြသည်။
ရွှေဝါငါးကြင်းသည် ကြီးထွားနှုန်းမြန်သော ငါးမျိုးဖြစ်ပါသည်။ တနှစ်သားအရွယ်ရောက်လျှင် မျိုးပွားနိုင် သော အခြေအနေတွင်ရှိပါသည်။ ရွှေဝါငါးကြင်းကို ဆေးထိုး သားဖောက်ပြုလုပ်နိုင်သလို သဘာဝအလျှောက် လည်း မျိုးပွါးနိုင်သည်။ သဘာဝအလျောက် ဥချသားပေါက်နိုင်ရန် ပြုပြင်ဆောင်ရွက်ပေးရပါမည်။ နှစ်စဉ်အေး သော အချိန်လများတွင် ရွှေဝါငါးကြင်းသားပေါက်ခြင်းသည် အကောင်းဆုံဖြစ်ပါသည်။ ထို့ကြောင့် ဒီဇင်ဘာလမှ ဇန်နဝါရီအတွင်း သဘာဝအလျှောက် သားပေါက်ခြင်းသည် အကောင်းဆုံးအချိန်ဖြစ်ပါသည်။
ရွှေဝါငါးကြင်းသာပေါက်ရန်အရွယ်ရောက်သော ရွှေဝါ ငါးကြင်းမတကောင်လျှင် အထီးနှစ်ကောင်နှုန်းဖြင့် သားဖောက်နိုင်ပါသည်။ သားဖောက်ရန် မျိုးငါးရွေးချယ်ရာတွင် အရေးကြီးပါသည်။ အရွယ်ရောက်သော ငါးမ သည် ဥဆောင်ပြီး ဗိုက်ဖောင်းနေရပါမည်။ စအိုပေါက်ကို လက်မဖြင့် ညစ်ကြည့်ပါ အဝါရောင် ဥလေးများထွက် ရှိလာပါလိမ့်မည်။ အထီးနှစ်ကောင်ကို မျိုးအောင်စေရန်အချက်မှာ စအိုပေါက်ကိုညစ်ကြည့်ပါက အဖြူရောင် အရည် မကျဲ မပြစ်များ ထွက်ရှိပါက မျိုးဖောက်ခြင်းကို ဆောင်ရွက်နိုင်ပါသည်။
ငါးထီး ငါးမများ မိတ်လိုက်ဥချရန်အတွက် သီးခြားကန်အသေးတလုံးပြင်ဆင်ပါ။ ထို ကန်အတွင်းမှ ရေကို စုပ်ထုတ်ပြီး ကန်အတွင်း ရေတပေခွဲခန့်ထပ်ဖြည့်ပါ။ ရေဖြည့်ပြီး ကန်အတွင်း ထောင့်တထောင့်တွင် ခြင်ထောင်ကို ပက်လက်လန်ပြီး ရေထဲတွင် ထောင်ထားပေးရပါမည်။ ဗေဒါများကို စုဆောင်းပြီး ဗေဒါမြစ်များကို ပြောင်စင်အောင်ဆေးကြောထားပါ။
ရွေးချယ်ထားသော မျိုးငါးမတကောင်လျှင် အထီးနှစ်ကောင်နှုန်းဖြင့် ညနေ (၆)နာရီတွင် ခြင်ထောင် အတွင်းသို့ ချထားပေးပါ။ ခြင်ထောင်အတွင်း ဗေဒါများကို ခြင်ထောင် မပြည့်တပြည့် ထည့်ထားပေးပါ။ ည(၈) နာရီတွင် ခြင်ထောင်အတွင်းရှိ ဗေဒါပင်များအပေါ် ရေဖြန်း ချထားပေးပါ။ တညလုံး ရေဖြန်းချထားပါက မနက် (၅)နာရီတွင် ငါးမနှင့် ငါးထီးများမိတ်လိုက်ပြီး ဥချပါလိမ့်မည်။ ဥချသောအခါ ဥများသည် ဗေဒါ၏အမြစ်များတွင် ကပ်လျက် ရှိနေပါမည်။ ထိုအချိန်တွင် ကန်အတွင်း မှ ငါးမ နှင့်ငါးထီးများကို ပြန်လည်ဖမ်းယူပြီး အခြားကန် သို့ပြောင်းရွေ့လိုက်ပါ။
ခြင်ထောင်အတွင်းရှိ ဗေဒါများကို ညိမ်သက်စွာရှိနေစေရန် ဆောင်ရွက်ထားပါ။ တညလုံးရေဖြန်းချထား သဖြင့် ကန်ရေသည် အနည်းဆုံး(၂)ပေ ဖြစ်လာပါလိမ့်မည်။ ခြင်ထောင်ကို နေရောင်ကောင်းစွာရရှိသောနေရာ တွင် ထားပေးထားရမည်။ (၃)ရက်မြောက်နေ့တွင် ဗေဒါပင်များကို မကြည့်ပါက ဥများမတွေ့ရှိရဘဲ အကောင်ပေါက်ကလေးများကို တွေ့ရှိရပါမည်။ ထိုအချိန်တွင် ပဲဖတ်ရည်ဖျော်ပြီး တနေ့လျှင် (၃-၄)ကြိမ်ပက်ပေးပါ။ (၁၀)ရက် ပြည်ပါက ဖွဲနုကို စတင်ကျွေးနိုင်ပါသည်။ ပဲဖတ်ရည်လည်း ဆက်လက်ပက်နိုင်ပါသည်။ (၂၅)ရက်ပြည့်ပါက ရွှေ ဝါငါးကြင်း သားပေါက်ကလေးများ ရရှိနိုင်ပါသည်။
ဦးစန်းအောင်
ထွက်တိုး
---------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
ထွက်တိုး Download ရယူရန် - https://bit.ly/htwettoev2
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 https://htwettoe.com/organization/4
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း