ပတ်ဝန်းကျင်လည်းထိန်း၊ ကုန်ကျစရိတ်လည်းလျော့ချ အကျိုးမြတ်များမဲ့လယ်ယာလုပ်ငန်းအစီအစဥ် ရေးဆွဲခြင်းအတွက် စဉ်းစားရမည့် အချက်များ
နိုင်ငံအဝန်း မိုးစက်ကလေးတွေကျလာပြီဆိုတော့ ကျေးဇူးရှင်တောင်သူကြီး တို့လည်း အလုပ်တွေမအားလောက်အောင် ဖြစ်နေကြပြီပေါ့..
ဟိုး......ရပ်ထားပါဦး တောင်သူကြီးတို့ရေ
ဒီနှစ် စိုက်ခင်းအတွက်သင့်တော်တဲ့ အစီမံတွေ ကြိုတင်ပြင်ဆင်ပြီးပြီလားလို့ စာရေးသူမေးချင်တယ်...
တောင်သူကြီးတို့ ဖြေလာမဲ့အဖြေကို စာရေးသူသိပါတယ်.. "ကျွန်တော်၊ကျွန်မတို့ စိုက်ပျိုးရေးအတွေ့ အကြုံနဲ့လုပ်သက်က စာရေးသူအသက်ထက်တောင်များသေးတယ်..ဘာအစီစဥ်မှ ဆွဲမနေပါဘူး" လို့ ပြန်ဖြေကြမှာပါ..ဟုတ်ကြတယ်မလား ..
မှန်ပါတယ် ...စာရေးသူက တောင်သူကြီးတွေနဲ့ဆုံတဲ့အခါတိုင်း တောင်သူဦးကြီးတွေဆီက အများကြီးလေ့လာသင်ယူခဲ့ရသူပါ။ အဲ့လို အကြောင်းအရင်းတွေကြောင့်လည်း တောင်သူဦးကြီးရဲ့ နှစ်စဥ်ကြုံတွေ့နေကျ မမျှော်လင့်တဲ့ ဆုံးရှုံးမှုတွေ သက်သာစေမဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်တာပါ။
အဲ့ဒီနည်းလမ်းကတော့ လယ်ယာလုပ်ငန်းအစီအစဥ်ရေးဆွဲခြင်းပါပဲ...
ဟာ ... စာရေးသူရယ်။
ကျွန်တော်၊ကျွန်မတို့ကအဲ့လိုမျိုး ဘယ်လိုလုပ်တတ်မလဲ။ ဆွဲလည်း မဆွဲချင်ပါဘူး ပြောကြမှာ ကြားယောင်ပါတယ်။
သိုပေမဲ့ ...တောင်သူဦးကြီး ဒေါ်ကြီးတို့ ကိုယ်တိုင်ပဲ နေ့စဥ်၊ အပတ်စဥ်၊ လစဥ် အစီစဥ်တွေရေးဆွဲ မိသားစုကို စီမံခန့်ခွဲနေကြတာဖြစ်လို့ အစကတည်းက ရင်းနှီးပြီးသားဖြစ်ပါတယ်။ အနည်းငယ် စနစ် တကျ ဖြစ်ဖို့ပဲ စာရေးသူ ပြောပြပေးချင်တာပါ။
“ကြိုတင်စီစဉ်ပြင်ဆင်ဖို့ ကျရှုံးတာ၊ ကျရှုံးဖို့ ကြိုတင်ပြင်ဆင်ထားသလို”ဆိုတဲ့အတိုင်း အစီစဥ်မရေးဆွဲပဲ လုပ်တဲ့အလုပ်တိုင်းဟာ အလုပ်ပြီးမြောက်သွားပေမဲ့ ရလာဒ်ကောင်းရရှိဖို့ကတော့ သေချာမှာမဟုတ် ဘူးဆိုတာ သိကြမှာဖြစ်ပါတယ်။
ကဲ ဟုတ်ပါပြီ လယ်ယာလုပ်ငန်းအစီစဥ်တွေရေးဆွဲတာ ဘာအကျိုးကျေးဇူးတွေရမှာလဲ။ ဘယ်လိုတွေ စတင်ရေးဆွဲရမလဲ ??
ယေဘုယျအားဖြင့် အပိုင်း(၃)ပိုင်းခွဲခြားကြည့်မယ်ဆိုရင် စိုက်ချိန်မတိုင်ခင် ၊စိုက်ပျိုးပြီး
နောက်ပိုင်း၊ ရိတ်သိမ်းချိန် အစရှိသဖြင့် ခွဲခြားနိုင်ပါတယ်။
အစီအစဥ်ရေးဆွဲရာမှာလည်း ဆောင်ရွက်မဲ့နည်းလမ်း၊ ငွေကြေးတတ်နိုင်မှု ၊သင့်တော်တဲ့ အရင်းအမြစ် လက်လှမ်းမီနိုင်မှု၊ ရာသီဥတု အစရှိတာတွေကို အခြေခံပြီး အစီစဥ် (၁)၊ အစီအစဥ် (၂)၊ အစီအစဥ် (၃) အစရှိသဖြင့် ပြင်ဆင်ထားရှိရပါမယ်။
စိုက်ချိန်မတိုင်ခင်ပြင်ဆင်ထား/စဥ်းစားထားရမှာတွေကတော့ ဘယ်လိုမျိုးကို ရွေးချယ် စိုက်မလဲ။
ကိုယ့်ဒေသ၊ ကိုယ့်လယ်မြေအမျိုးအစားက အာဟာရပြည့်ဝရဲ့လား၊ မြေချဥ်ငန်ကိန်းက ဘယ်လောက် ရှိမလဲ၊ ရေနက်ကွင်းလား၊ ကုန်းလား၊ ဘယ်လိုပိုးမွှာရောဂါတွေ ကျရောက်လေ့ရှိသလဲ၊ မိုးများလား၊ မိုးနည်းလား၊ နောက်ဆုံးစျေးကွက်မှာ စျေးကောင်းရတဲ့ မျိုးကဘာမျိုးလဲ (ဒါကတော့ပြောစရာလိုမယ် မထင်ပါဘူးနော်)၊ ပြီးတော့ ကိုယ်စိုက်ချင်/လိုချင်တဲ့မျိုးက ဘယ်နေရာမှာရနိုင်မလဲ အစရှိသဖြင့် စာရင်းပြုစုရပါမယ်။
နောက်ထပ် အရေးတကြီး စဥ်းစားရမှာကတော့ လုပ်သားအင်အားပါပဲ။ တချို့နေရာတွေမှာ လယ်ယာသုံး စက်ကိရိယာတွေ တွင်တွင်ကျယ်ကျယ် သုံးကြသလို နေရာအချို့မှာလည်း ကျွဲ၊ နွားအားကို အသုံးပြုနေရဆဲပါပဲ၊ နောက်အခက်အခဲတစ်ခုက လူအင်အားတော်တော်များများက စားဝတ်နေရေးအတွက် ရွှေ့ပြောင်းအလုပ်တွေကို ရွေးချယ်လာကြတာမို့ရယ်နဲ့ အသုံးပြုတဲ့လယ်ယာပစ္စည်းမလုံလောက်မှု အစရှိတာတွေဟာ ကနဦးအစ မြေပြင်တဲ့အခါ ကောက်နုတ်တဲ့အခါ ကောက်စိုက်တဲ့အခါ အခက်တွေ့စေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တိုက်ဆိုင်သွားရင် စိုက်ချိန်နောက်ကျတာကစ နောက်ပိုင်း အပင်သက်တမ်း တစ်လျှောက်မလိုလားအပ်တဲ့ ပြသနာတွေတွေ့ကြုံလာရတာ အကုန်အသိပါနော်။ စိုက်ချိန်လေးနောက်ကျတာကတော့ စာရေးသူရယ် ဘာမှ မပြောပလောက်ပါဘူး လို့ မထင်ပါနဲ့။
သာမန်စိုက်ချိန်နောက်ကျတာကတော့ သိပ်မထူးခြားပေမဲ့ အရမ်းနောက်ကျသွားရင်တော့ ပျိုးထောင်တဲ့ အခါ ငှက်၊ ကြွက် ဖျက်စီးမှုများနိုင်မယ်။ အခုနောက်ပိုင်းမှာဆို ရွှေခရုတွေ ဖျက်လာတာတွေရှိမယ်။ ခဏ ခဏ မျိုးဝယ်လိုက် ပျိုးထောင်လိုက် ပျိုးကြဲလိုက် ဖြစ်နေမယ်ဆိုရင် ငွေကုန်အချိန်ကုန်တဲ့အပြင် လူပါ စိတ်ပင်ပန်းရတာမျိုးဖြစ်စေပါတယ်။ နောက်တစ်ချက်က ပျိုးသက် အရမ်းကြီးသွားရင် ကောက်ပင် လှန်ဖို့ ခက်သလို ပင်ပွားနှုန်းလည်းကျလို့ တစ်နှံပါ အထွက်လည်းကျပါတယ်။ ရလာဒ်ကတော့ တစ်ဧက အထွက်နှုန်းပါ ကျသွားတာပါပဲ။ အပင်ကြီးထွားတဲ့ သက်တမ်းတစ်လျှောက်မှာလည်း အပင်အမြစ်တွေကနေ မြေသြဇာထိထိရောက်ရောက် မစားသုံးနိုင်တာ၊ ရောဂါပိုးမွှားနဲ့ ဖျက်ပိုးများ ပိုမိုကျရောက်တတ်တာ စသည့် အခက်အခဲတွေ ကြုံတွေ့နိုင်တဲ့အပြင် မှို့ကပ်ချိန် ဝတ်မှုံကူးချိန်တွေမှာ အချိန်အခါမဟုတ် မိုးရွာသွင်းခြင်းနဲ့ အပူချိန်လွန်ကဲခြင်းတွေဟာ မျိုးအောင်နိုင်တဲ့ရာခိုင်နှုန်း/ နို့ရည် တည်တဲ့ ရာခိုင်နှုန်း ကျသွားနိုင်စေပါတယ်။ ရိတ်သိမ်းချိန်ရောက်တဲ့အခါမှာလည်း လုပ်သားအင်အားရှားပါးမှုကြောင့် အချိန်မီ မရိတ်သိမ်းနိုင်ခြင်း၊ အချိန်အခါ မဟုတ်မိုးရွာသွန်းခြင်းကြောင့် ကောက်ပင်လဲခြင်း၊ ယိုင်ခြင်းများကြောင့် လေ့လွင့် ဆုံးရှုံးမှုအများအပြားတွေ့ကြုံနေကြတာ တောင်သူ ဦးကြီး၊ဒေါ်ကြီးတို့ သိရှိပြီး ဖြစ်ပါတယ်နော်။
အစီစဥ်ရေးဆွဲရာမှာ တောင်သူဦးကြီးဒေါ်ကြီးတို့ သိထားရမဲ့ အချက်က အပင်သက်တမ်းအလိုက် မြေသြဇာ ထိရောက်အောင် အချိုးကျကျကျွေးခြင်းနဲ့ ပိုးမွှားရောဂါကို အချိန်မီကာကွယ်နိုင်ဖို့ ပြင်ဆင်ကြရမှာပါ။
မြေသြဇာထိရောက်အောင် ကျွေးနိုင်ဖို့က မှန် ၄ မှန် အတိုင်း (မှန်ကန်တဲ့ အမျိူးအစား၊ မှန်ကန်တဲ့ နှုန်းထား၊ မှန်ကန်တဲ့ အချိန်၊ မှန်ကန်တဲ့ နေရာ) ကို လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။ ဒါအပြင် ကိုယ် ရွေးချယ်တဲ့မျိုးက ဘယ်အချိန်မှာ ဘယ်လိုမြေသြဇာ ကျွေးရမလဲဆိုတာ သိထား လေ့လာထား ရပါမယ်။ ဥပမာ-စပါးဆိုလည်း သူ့သက်တမ်းအလိုက် သက်ကြီးလား၊ သက်လတ်လား၊ သက်ငယ်လား ခွဲခြား သိထားရပါတယ်။ နောက်တစ်မျိုးစဥ်းစားရမှာက ကျွေးမယ့်မြေသြဇာက အပင်ကြီးထားမှုအားပေးတာလား၊ အပွင့်အားပေးတာလား၊ အသီးအားပေးတာလား သိထားမှ လေ့လွင့်ဆုံးရှုံးတာတွေ သက်သာမှာ ဖြစ်ပါတယ်။
အခုဆိုရင် ကုန်စျေးနှုန်းတွေ ကြီးမြင့်လာတာမို့ အများအားဖြင့်တောင်သူအငယ်တွေဟာ ဓာတုမြေသြဇာ ဝယ်ယူဖို့ မတတ်နိုင်ကြတော့ပါဘူး။ မြေသြဇာ မကျွေးပဲနေကြမလားဆို မြေထွန်ယက်ပြီဆို ကတည်းက ကုန်ကျငွေကို ပြန်စဥ်းစားဖို့ လိုပါပြီ။ အထွက်ကောင်းအောင် မြေသြဇာ ကျွေးရမှာ ဖြစ်လို့ စခဲ့ပြီဆို အဆုံးထိလျှောက်ရမှာ တာ၀န်ပါ။ အသက်သာဆုံးနည်းလမ်းကို စဥ်းစားကြမယ်ဆို တောင်သူငယ် အချင်းချင်း ကြိုတင်စုပေါင်းဝယ်ကြမလား။ စုပေါင်းဝယ်လို့တော့ရပါပြီ မြေသြဇာက အခုခေတ် အနေနဲ့ လိုသလောက်မရနိုင်ပါဘူး။ ဒါကြောင့် နောက်အစီစဥ်အနေနဲ့ ကိုယ်လယ်က ထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကိုပဲ သဘာဝမြေသြဇာ ပြုလုပ်သုံးကြမလား။
သဘာဝမြေသြဇာသုံးကြမယ်ဆိုရင် တောင်သူဦးကြီးဒေါ်ကြီးတွေဘက်က စိုက်ချိန်မတိုင်ခင် အနည်း ဆုံး ၁ လလောက်ကြိုပြီး ပြုလုပ်ထားသင့်ပါတယ်။ သဘာဝမြေသြဇာတွေက ဆွေးမြေ့မှ အသုံးပြုနိုင် တာမလို့ သေချာဆွေးအောင် ကြိုတင်ပြုလုပ်ရပါတယ်။ များများလုပ်ရပါတယ်။ လယ်မြေပြင်ချိန် ကတည်းက ထည့်သွင်း အသုံးပြု့ရပါတယ်။ အဲ့ဒါကြောင့်မို့ ဒီဆောင်းပါးအစမှာ စာရေးသူက သင့်တော် တဲ့ အရင်းအမြစ် လက်လှမ်းမီနိုင်မှု့ကို အစီစဥ်ရေးဆွဲရာမှာ စဥ်းစားရမယ်လို့ပြောတာပါ။ နောက်တချက် က ကိုယ့်မြေရဲ့ ချဥ်ငန်ကိန်းကို သိနိုင်ဖို့ကြိုးစားပါမယ်။ စာရေးသူဘာလို့ ဒါကို ပြောချင်လဲဆိုတာက အပင်လိုအပ်တဲ့ အာဟာရ အများစုဟာ မြေချဥ်ငံကိန်းပေါ်မူတည်ပြီး အပင်အမြစ်မှ စားသုံးနိုင်မှု ကွဲပြားသွားပါတယ်။ အများအားဖြင့် ချဥ်ငန်ကိန်း ၅.၅ ကနေ ၆.၅ အတွင်းဟာ အပင်အတွက် အကောင်းဆုံး မြေချဥ်ငန် အနေအထားလို့ ယေဘုယျအားဖြင့်ပြော လို့ရပါတယ်။
မြေချဥ်ခြင်းအတွက် ထုံးထည့်ကြသလို မြေငန်တဲ့ အခါ အရိုးမှုန့် ထည့်ပေးကြပါတယ်။ တော်တော်များ များက ထုံးကို မြေပြင်ပြီဆိုကတည်းက ထည့်ပြီးပြင်ကြပါတယ်။ ဒီနေရာမှာ စာရေးသူ အတွေ့အကြုံ အရ တောင်သူအချို့ဟာ “ထုံးထည့်တယ် မထူးပါဘူး” စာရေးသူရယ်လို့ ပြောပါတယ်။ အဲ့တော့ စာရေးသူ မေးကြည့်တော့ “ထုံးထည့်မြေပြင်ပြီး ဘယ်နှစ်ရက်နေ စစိုက်သလဲ” ဆိုတော့ ၃ ရက်စောင့် စိုက်ပါတယ်တဲ့။ အဓိက အဲ့ဒါပါပဲ ထုံးက မဖောက်ထုံးဖြစ်လို့ အလွယ်ပြောရရင် မြေကြီးနဲ့ သဟဇာတဖြစ်ပြီး အပင်အမြစ်က အာဟာရ အသုံးပြုနိုင်ဖို့ အပင်မစိုက်ခင် အနည်းဆုံး ၂ ပတ်လောက် ကြိုတင်မြေပြင်တဲ့ အခါထည့်ရပါမယ်။
ထုံးထည့်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကိုတော့ ထွက်တိုးရဲ့ ဖော်ပြထားတဲ့ link https://htwettoe.com/post/49297 မှာ ဖတ်လို့ ရပါတယ်။
မေ့ရင်သွေး
----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။