အချိုဓာတ်ရှိတဲ့ မိုးရာသီနာနတ်သီးရာသီချိန်ဖြစ်လို့ နာနတ်သီးများ အခင်းပြတ် ဝယ်ယူတာတွေရှိနေ
အချိုဓာတ်ရှိတဲ့ မိုးရာသီနာနတ်သီးများ ထွက်ရှိတဲ့ ရာသီချိန်ဖြစ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါဒေသထွက် နာနတ်သီးများကို ကုန်သည်များမှ အခင်းပြတ်ဝယ်ယူမှုများရှိနေပြီး ပြည်တွင်းဈေးကွက်မှာ အဓိက ဖြန့်ဖြူးရောင်းချနေတယ်လို့ နာနတ်သီးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများထံမှ သိရပါတယ်။
မေလကုန်ပိုင်းမှစတင်၍ ပျားရည်နာနတ်သီးအမျိုးအစားများ ရာသီချိန်ကုန်ဆုံးသွားပြီဖြစ်ပြီး မိုးရာသီတွင် ထွက်ရှိသည့် နာနတ်သီးရာသီ စတင်ပြီဖြစ်ကြောင်းလည်း သိရပါတယ်။
“ပျားရည်နာနတ်သီးထွက်ရှိတဲ့ရာသီက ပြီးခဲ့တဲ့ မေလပိုင်းက ကုန်သွားပြီ၊ အခုကတော့ မိုးရာသီနာနတ်သီး ထွက်ချိန်ဖြစ်ပါတယ်၊ ဒီရာသီချိန်မှာပဲ ကုန်သည်တွေက အခင်းပြတ်ဝယ်ယူကြတာတွေရှိတယ်၊ လာမယ့် ဇူလိုင်လလောက် ဆိုရင်တော့ နာနတ်သီးလှိုင်လှိုင်ထွက်ချိန်ဖြစ်ပါတယ်။ နာနတ်သီးမှာမှ ဆောင်းရာသီမှာထွက်ရှိတဲ့နာနတ်သီးက အချဉ်ဓာတ်များပြီး၊ အခုမိုးရာသီမှာထွက်ရှိတဲ့ နာနတ်သီးကတော့ အချိုဓာတ်များလေ့ရှိပါတယ်” လို့ နာနတ်သီးစိုက်ပျိုးထုတ်လုပ်သူ တစ်ဦးကပြောပါတယ်။
နာနတ်သီးဟာ အပင်စိုက်ပြီး ၁၂ လခန့်အကြာတွင် ပန်းပွင့်၍ ၁၅ လ မှ ၁၈ လ အကြာတွင် အသီးခူးဆွတ်နိုင်သည့် အဆင့်သို့ရရှိနိုင်ပြီး တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်တဲ့အသီးအမျိုးအစားဖြစ်သလို လက်ရှိရာသီချိန်မှာတော့ ပြည်တွင်းဈေးကွက်တွင်သာအဓိက ဖြန့်ဖြူးရောင်းချနေရပြီး လက်လီဈေးကွက်အတွင်း နာနတ်သီး အလုံးကောင်းတစ်လုံးကို ငွေကျပ်၂၀၀၀ ကျော်မှာရှိတယ်လို့လည်း သိရပါတယ်။
ပြည်တွင်းမှာ နာနတ်သီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ သီပေါ၊ လားရှိုး၊ တန့်ယန်း စတဲ့ ဒေသတွေမှာ အဓိက စိုက်ပျိုးလျက်ရှိပြီး တစ်နှစ်ပတ်လုံးအသီးထွက်ရှိရန် အမျိုးအစားမတူသည့် ပျိုးပင်များကို အသုံးပြုစိုက်ပျိုးရခြင်း၊ စိုက်ပျိုးချိန်ပုံမှန်ခြား၍ ဇူလိုင်လမှ ဒီဇင်ဘာလအထိစိုက်ပျိုးခြင်း၊ ပန်းပွင့်ရန်အသုံးပြုသည့် ဓာတုဗေဒဆေးများ အသုံးပြုခြင်း စသည့် နည်းလမ်းများဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။
Myanmar Future News မှ ကူးယူဖော်ပြအပ်ပါသည်။
photo - internet
----
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe