စားမြုံ့ပြန် သတ္တဝါ၏ အဓိက အစာ အစာကြမ်း ပြုလုပ်နည်း
ကျွဲ၊ နွား၊ သိုး၊ ဆိတ် စားမြုံ့ပြန် သတ္တဝါများ၏ အဓိက အစာမှာ အစာကြမ်းဖြစ်ပြီး ရူမင်အစာအိမ် အကန့်၏ လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန် အတွက် အစာကြမ်း လိုအပ်ပါသည်။ အစာကြမ်းများတွင်ပါဝင်သာ အမျှင်ဓာတ်များသည်စားမြုံ့ပြန်ခြင်းကိုဖြစ်ပေါ်စေပြီးစားမြုံ့ပြန်ခြင်းဖြင့် တံတွေးထွက်စေပါသည်။ တံတွေးတွင် ဘိုင်ကာဘွန်နိတ်ပါဝင်သဖြင့် အစာအိမ် အတွင်းဖြင့်ပေါ်သော အက်စစ်ဓာတ်များကို ချေဖျက်စေပါသည်။ ထို့ပြင် စားမြုံ့ပြန်ခြင်းဖြင့် အစာအစိတ်အပိုင်းများမှာ သေးငယ်သွားပြီး ရူမင်အတွင်းရှိ အဏုဇီဝ အစာချေပိုးတို့က ချေဖျက်ခြင်းဖြင့် အဏုဇီဝပိုးများ အတွက် စွမ်းအင်ဓာတ်ကို ရရှိစေပါသည်။ စားမြုံ့ပြန်သတ္တဝါများအား ကျွေးမွေးရန်အတွက် စိုက်ပျိုးနိုင်သော အစာကြမ်းပင် အမျိုးအစားများစွာ ရှိပါသည်။ဥပမာအားဖြင့် နေဗီယာမြက်၊ ပြောင်း၊ ကောက်ရိုး၊ မြက်များကို လွယ်ကူစွာ စိုက်ပျိုး အသုံးပြုနိုင်ပါသည်။
အစာကြမ်းပင်များသည် အသက်ရင့်ရင့်လာလေလေ အပင်တွင် ပါဝင်သော အမျှင်ဓာတ်များမှာ ချေဖျက်ရခက်လေလေ ဖြစ်သည်။ ခြေဖျက်ရ အလွယ်ကူဆုံးမှာ အသက်ငယ်ပြီး အရည်ရွှမ်းသော အပင်များ ဖြစ်ပါသည်။ သို့သော်အလွန်ငယ်လွန်းလျှင်လည်းလိုအပ်သောအာဟာရဓာတ်များ အပြည့်အဝ မပါရှိပါ။ မြက်များ စတင်ပေါက်ရောက်ချိန်တွင် အသားဓာတ် ချေဖျက်နိုင်သော အာဟာရဓာတ်တို့ မြင့်မားပြီး ခြေဖျက်ရန် ခက်ခဲသည့် အမျှင်ဓာတ် တစ်မျိုးဖြစ်သည့် လစ်ဂနင်နည်းပါသဖြင့် အာဟာရဓာတ် အမြင့်ဆုံး ဖြစ်ပါသည်။ မြက်ပင်တွင် အစေ့များ စတင်သီးလာချိန်မှ စတင်၍ အသားဓာတ်မှာ ကျဆင်းလာပြီး လစ်ဂနင်းများ မြင့်မားလာပါသည်။ ထို့ကြောင့် မြက်ပင်များကို ရိတ်သိမ်းကျွေးမွေးရန် အကောင်းဆုံးအချိန်မှာ သက်တမ်း ၃-၄ ပတ်ရှိ မြက်များဖြစ်ပါသည်။ အပူပိုင်းဒေသရှိ မြက်မျိုးများသည် ၃-၄ ပတ်ထက်စော၍ လစ်ဂနင် များလာကြသည်ကိုလည်း သတိပြုသင့်ပါသည်။ မြက်ပင်များအား ရိတ်သိမ်းပြီးအလျင်အမြန် ပြန်လည်ကြီးထွားလာပြီး နောက်တစ်ခါ ပြန်လည်ရိတ်သိမ်းနိုင်ရန်အတွက် မြက်ပင်အား ရိတ်သိမ်းရာတွင် မြေပြင်အထက် ၁၀ စင်တီမီတာ (သုံးလက်မခန့်) မှ ရိတ်သိမ်းရန် လိုအပ်ပါသည်။ မြက်ပင်များသည် ရိတ်သိမ်းပြီးနောက် နောက်ထပ်အပင်နုထွက်ရန် လိုအပ်သည့် အာဟာရဓာတ်များကို ပင်စည်တွင် သိမ်းဆည်းထားပါသည်။
အခြားအပင်များကမူ ၎င်းတို့၏ ရေသောက်မြစ်တွင် အာဟာရများကို သိုလှောင်ထားပါသည်။ ထို့ကြောင့် ပင်စည်ကို ၁၀ စင်တီမီတာခန့် ချန်ထားခဲ့ခြင်းဖြင့် နောက်ထက် အပင်နုထပ်ထွက်ရန်အတွက် အာဟာရလုံလုံလောက်လောက် ထောက်ပံ့နိုင်မည် ဖြစ်ပါသည်။ စားမြုံ့ပြန်သတ္တဝါများအတွက် အစာကြမ်းအဖြစ် အသုံးပြုနိုင်သည့် အခြားအပင် တစ်မျိုးမှာ ပဲနွယ်ဝင်အပင်များ ဖြစ်သည်။ ပဲနွယ်ဝင်အပင်များဟု ဆိုရာတွင် မြေပဲ၊ ပဲစင်းငုံ၊ ကုလားပဲနှင့် အခြား ပဲပင် အမျိုးမျိုးတို့၏ အရွက်များ၊ ပင်စည်များ ပါဝင်သကဲ့သို့ ဘောစကိုင်းပင်၊ အော်ကေးသျှပင် ကဲ့သို့သော ပဲနွယ်ဝင်အပင်ကြီးများ၏ အရွက်များ၊ အသီးများ ပါဝင်ပါသည်။ ပဲနွယ်ပင်များ၏ ထူးခြားချင်မှာလေထဲရှိ နိုက်ထရိုဂျင်ကို ဖမ်းစုပ်ယူ၍ အမြစ်တွင် သိုလှောင်သိမ်းဆည်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အရွက်များ၊ အစေ့များတွင် အသား ဓာတ်ကြွယ်ဝခြင်း ဖြစ်ပါသည်။ ၎င်း အပင်များအား အခြားသော သီးနှံများနှင့် တွဲဖက်စိုက်ပျိုးခြင်းဖြင့်လည်း မြေဩဇာ အသုံးပြုရမှုကို လျှော့ချနိုင်ပါသည်။ တချို့ ပဲနွယ်ဝင် အပင်များသည် နွေကာလအပါအဝင် တစ်နှစ်ပတ်လုံး စိမ်းစိုကြီးထွားနိုင်ပြီးသိုး၊ ဆိတ်များက ကိုက်ဖြတ်စားသောက်ခြင်း၊ ခုတ်ဖြတ်ခြင်းကိုလည်း ခံနိုင်ရည်ရှိပါသည်။ ထိုကဲ့သို့သော အပင်များကို လူတို့အတွက် သီးနှံများ မစိုက်ပျိုးနိုင်သည့် မြေလွတ်၊ မြေရိုင်းများတွင် စိုက်ပျိုးခြင်းဖြင့် သိုး၊ ဆိတ်များအတွက် အစာကို လုံလုံလောက်လောက် ရရှိစေပါသည်။ ၎င်းအပင်များ၏ အရွက်များသည် အသားဓာတ်နှင့် ထုံးဓာတ်ကြွယ်ဝစွာ ပါဝင်ပါသည်။
၎င်းတို့၏ အသီးများ အစေ့များသည်လည်း အာဟာရ အလွန်ပြည့်ဝပါသည်။ စားမြုံ့ပြန်သတ္တဝါများ၏ အခြေခံအစာမှာ အစာကြမ်းဖြစ်ပြီး အစာချေရ လွယ်ကူလေ ပိုကောင်းလေဖြစ်ပါသည်။ အစာကြမ်းပင်များသည် အသက်ရင့်လာလေလေ အပင်တွင်ပါဝင်သော အမျှင်ဓာတ်များမှာ ချေဖျက်ရခက်လေလေဖြစ်သည်။ ချေဖျက်ရအလွယ်ကူဆုံးမှာ အသက်ငယ်ပြီး အရည်ရွှမ်းသော အပင်များဖြစ်ပါသည်။ သို့သော် အလွန်ငယ်လွန်းလျှင်လည်း လိုအပ်သော အာဟာရဓာတ်များ အပြည့်အဝ မပါရှိသေးပါ။ စိုက်ပျိုးရိတ်သိမ်းပြီးနောက် ခြောက်သွေ့ရာသီ ဆက်လက် ဖြစ်ပေါ်မည်ဆိုပါက ရိတ်သိမ်းပြီးချိန်တွင် ရရှိသော အစာကြမ်းများအား သိမ်းဆည်းသိုလှောင်ထားပြီး ခြောက်သွေ့ရာသီ အစာရှားပါးချိန်တွင် ပြန်လည်ကျွေးမွေးနိုင်ပါသည်။ အစာကြမ်းများအား သိုလှောင်ရန် နည်းလမ်းနှစ်သွယ်ရှိပါသည်။ မြက်ခြောက်အဖြစ် အခြောက်ခံ သိမ်းဆည်းခြင်းနှင့် မြက်ချဉ်ဖတ်အဖြစ် ချဉ်ဖတ်သိပ် သိမ်းဆည်းခြင်းတို့ ဖြစ်ကြပါသည်။ နှစ်နည်းစလုံးတွင် ကောင်းကွက်၊ ဆိုးကွက်များ ရှိပါသည်။
မြက်ခြောက်ပြုလုပ်ခြင်း
မြက်ခြောက် ပြုလုပ်ရန်အတွက် အစာကြမ်းများအား ရိတ်သိမ်းပြီး အခြောက်ဓာတ် ၉၀ ရာခိုင်နှုန်းကျော်ရရှိအောင် နေရောင်အောက်တွင် လေးရက်ခန့်ထားရှိရန် လိုအပ်ပါသည်။ အဆိုပါ လေးရက်အတွင်း မိုးရွာပါက အာဟာရဓာတ်များ မိုးရေနှင့် ပျော်သွားပြီး ဆုံးရှုံးသွားနိုင်ပါသည်။ မှိုပေါက်ကာ တိရစ္ဆာန်ကို ကျန်းမာရေး ထိခိုက်စေပါသည်။ ခြောက်သွေ့သွားပါကလည်းမိုးရေမစိုအောင်သိုလှောင်ထားရန် လိုအပ်ပါသည်။ မြက်ခြောက်များကို အထုံးထုံး၍ဖြစ်စေ သိုလှောင်သိမ်းဆည်းနိုင်ပါသည်။ အရည်အသွေးကောင်းမွန်သော မြက်ခြောက်သည် အလွယ်တကူချိုးချေနိုင်ပြီး ရိုးတံထက် အရွက်ပိုများရပါသည်။ သိုလှောင်ထားချိန်တွင် လုံလောက်အောင်မခြောက်သွေ့ပါက ဘက်တီးရီးယားများနှင့် မှိုများ ပေါက်ပွားလာစေနိုင်ပါသည်။
မြက်ချဉ်ဖတ်ပြုလုပ်ခြင်း
မြက်ချဉ်ဖတ်မှာ ပြုလုပ်ရန် အနည်းငယ် ပို၍လက်ဝင်ပြီး အရေးကြီးသော အချက်များစွာ ရှိပါသည်။ အစာကြမ်းကို အခြောက်ဓာတ်၃၅-၄၅ ရာခိုင်နှုန်း ရှိချိန်တွင် ရိတ်သိမ်း၍ သေးငယ်သော အစိတ်အပိုင်းလေးများ ၃-၅ စင်တီမီတာ ဖြစ်အောင် ခုတ်ဖြတ်ရပါမည်။ ထို့နောက် လေမဝင်နိုင်သော အခြေအနေတွင် သိုလှောင် သိမ်းဆည်း ထားရပါမည်။ အစာကြမ်းသည်လိုအပ်သည်ထက် ပိုမို၍ခြောက်သွေ့နေပါက လေခိုနိုင်ပြီး အချဉ်ပေါက်သည့်ဖြစ်စဉ် နှေးကွေးတာ မှိုပေါက်နိုင်ပါသည်။ စိုလွန်လျှင်လည်း မလိုအပ်သောအခြား ဘက်တီးရီးယားများ ပေါက်ပွားလာခြင်း၊ အရည်များ နှင့်အတူ အာဟာရဓာတ်များ ဆုံးရှုံးသွား ခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ ချဉ်ဖန်နှုန်းမမှန်ကန်ဘဲ လုံလောက်သော အက်စစ်ဓာတ်မဖြစ်ပေါ်ပါကလည်း အသားဓာတ်များ ပျက်စီးသွားစေနိုင်ပါသည်။မှန်ကန်စွာ လုပ်ဆောင်ပါက ပထဦးစွာ ဘက်တီးရီးယား အုပ်စုတစ်စုက အစာကြမ်းတွင် ပါဝင်သော ကာဘိုဟိုက်ဒြိတ်ဓာတ်တချို့ကို အသုံးပြုကာ အချဉ်ဖောက်ခြင်းကြောင့် (စံ ၄) အထိ ကျဆင်းလာပါမည်။ ထို့နောက်ဆက်လက်၍ အချဉ်ပေါက်ခြင်း ဖြစ်ပေါ်ကာ လက်တစ်အက်စစ်များ ဖြစ်ပေါ်လာပြီး (စံ၂) အထိ ကျဆင်းသွားပါသည်။ လေမဝင်နိုင်အောင် သိုလှောင်ထားသဖြင့်အောက်စီဂျင် မရှိဘဲ ထိုကဲ့သို့ (စံ) ကျဆင်းသွားသော အခြေအနေတွင် ဘက်တီးရီးယားအားလုံး သေဆုံးပြီး တစ်နှစ် (သို့မဟုတ်)တစ်နှစ်ကျော်ကြားအောင် မြက်ချဉ်ဖက်ကို သိုလှောင်သိမ်းဆည်း ထားနိုင်ပါသည်။ အချဉ်ဖောက်သည့်ဖြစ်စဉ်သည် ကာဘိုဟိုက်ဒြိတ် ဓာတ်ကို အခြောက်ခံရသဖြင့် ကာဘိုဟိုက်ဒြိတ်ဓာတ်နည်းသော မြက်ဖြင့် ချဉ်ဖတ်ပြုလုပ်ခြင်းထက် ပြောင်းနှင့် နှံစားပြောင်းတို့ဖြင့် ချဉ်ဖတ်ပြုလုပ်ပါက ပိုမိုကောင်းမွန်ပါသည်။
တိရစ္ဆာန်များကို ကျွေးမွေးသည့်အခါ silage အပုံကြီး အတွင်းမှ ထုတ်ယူ ကျွေးမွေးခြင်း ဖြစ်ပါက တစ်ရက် စာလုံလောက်သည့်ပမာဏကို ထုတ်ယူ၍ တစ်ပြိုင်တည်း အကုန်ကျွေးမွေးရပါမည်။ သို့မှသာ silage အပုံ၏ မျက်နှာပြင်သည် တစ်ရက်ထက်ပို၍လေနှင့်မထိတွေ့နိုင်တော့ပါ။ အကယ်၍ လေနှင့်ထိတွေ့ချိန်များသွားပါက မှိုများပေါက်ပွားလာပြီး silage ၏ အရသာ ပျက်စီးသွားကာ အဆိပ်အတောက် ဖြစ်စေပါသည်။
ကောက်ရိုးအား ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်း
silage ပြုလုပ်ခြင်း ကဲ့သို့ပင် ခြေဖျက်ရန် ခက်ခဲပြီး အာဟာရ တန်ဖိုးနည်းပါးသော ကောက်ရိုးကို ပို၍ချေဖျက်လွယ်ပြီး အာဟာရတန်ဖိုး ပိုမိုကောင်းမွန်လာစေသည့် အခြားနည်းလမ်းတစ်ခုလည်း ရှိပါသည်။ ၎င်းနည်းလမ်းတွင် အမိုးနီးယားကို ကောက်ရိုးတွင်ပါဝင်သည့် ချေဖျက်ရန်ခက်ခဲသည့် အမျှင်ကြမ်း တစ်မျိုးဖြစ်သည့် လစ်ဂနင်နှင့် ဓာတုနည်းအရ ပေါင်းစပ်စေပြီး ချေဖျက်ရန်လွယ်ကူအောင် လုပ်ပေးသည့်အပြင် rumen အတွင်းရှိ အဏုဇီဝအစာချေပိုးများ အမိုင်နိုအက်စစ်ထုတ်လုပ်ရာတွင် လိုအပ်မည့် နိုက်ထရိုဂျင်ကို ရရှိစေသည့် နည်းလမ်းဖြစ်ပါသည်။ ယူရီးယား ပြုပြင်ကောက်ရိုး ပြုလုပ်ရန် အတွက် ကောက်ရိုးများကို သေးငယ်အောင် ဖြတ်တောက်ရပါမည်။ ထို့နောက် ယူရီးယားဖျော်ထားသည့်ရေကို ကောက်ရိုးများပေါ်တွင် သမမျှတအောင် ဖျန်းပေးရပါမည်။အသုံးပြုရမည့် ယူရီးယားပမာဏမှာ ကောက်ရိုးအလေးချိန်၏ ၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ ရေပမာဏမှာ ကောက်ရိုး ၁၀ဝ ကီလိုဂရမ်လျှင် ရေ ၃၀ လီတာခန့် ဖြစ်ပါသည်။ ယူရီးယားဖျော်ရည် ဖြန်းထားသော ကောက်ရိုးများကို silage ကဲ့သို့ပင် လေလုံအောင် သိုလှောင် ထုပ်ပိုး သိမ်းဆည်း ရပါမည်။ ထိုသို့သိမ်းဆည်းခြင်းအားဖြင့် ဘက်တီးရီးယားများသည် ယူရီးယားကို အမိုနီးယား အဖြစ်သို့ပြောင်းလဲပေးပါသည်။ ထိုအမိုနီးယားသည် ကောက်ရိုးတွင် ပေါင်းစပ်သွားကာ အစာချေဖျက်ရလွယ်ကူသွားစေပါသည်။
လေလုံအောင် သိမ်းထုတ်စေခြင်းမှာ အမိုးနီးယားဓာတ်ငွေ့များ ပြင်ပသို့ မထွက်သွားစေရန် မှိုမပေါက်စေရန် ဖြစ်ပါသည်။ ယူရီးယားပြုပြင်ကောက်ရိုး ပြုလုပ်ပြီးနောက် သုံးပတ်ခန့်သိုလှောင်ထားမှသာ တိရစ္ဆာန်ကို ကျွေးမွေးနိုင်သည့်အဆင့်ကို ရောက်ရှိပါသည်။ ထို့ကြောင့် သိုလှောင်ထားသည့် အအုပ်အဆိုင်းများတွင် တစ်လခန့်ကြာပြီးမှ ဖွင့်လျှင် အကောင်းဆုံး ဖြစ်ပါသည်။ Silage (မြက်ချဉ်ဖတ်) ကဲ့သို့ပင် တစ်နှစ်ခန့်ထား၍ ကျွေးမွေးနိုင်ပါသည်။ အစာကြမ်းများကို သိုလှောင်ထားခြင်း မဟုတ်ဘဲ လတ်လတ်ဆတ်ဆတ်ကျွေးမည် ဆိုပါကလည်း သိုး၊ ဆိတ်များကို ကျွေးမွေးမည် ဆိုပါက အနည်းငယ် သေးငယ်သွားအောင်စင်း၍ ကျွေးမွေးသင့်ပါသည်။ထိုသို့စင်း၍ ကျွေးမွေးခြင်းဖြင့် သိုး၊ ဆိတ်များ စားသောက်ရာတွင် လွယ်ကူယုံသာမကဘဲ ရူမင်အတွင်းရှိ အဏုဇီဝအစာချေပိုးများ အတွက်ပါ ပိုမိုလွယ်ကူစေမည် ဖြစ်ပါသည်။ မြက်များအား သိုး၊ ဆိတ် အစာအဖြစ် စိုက်ပျိုးပါက မရင့်မီ (အမျှင်ဓာတ်အလွန်မများမီ)ရိတ်သိမ်း ကျွေးမွေးရန် လိုအပ်ပါသည်။ အစာကြမ်း အခြောက်များကို ကျွေးမွေးပါက မကျွေးမွေးမီ ရေစိမ်ပေးပါက ပိုမိုကောင်းမွန်ပါသည်။
ထိုသို့ ရေစိမ်လိုက်ပါက အစာကြမ်းများအတွင်း ရေကို စုပ်ယူထားပြီး အဏုဇီဝ အစာချေပိုးများက ချေဖျက်အသုံးပြုရန် ပိုမိုလွယ်ကူစေပါသည်။ နွားစာကြမ်းများသည် အမျှင်ဓာတ် ပါဝင်မှု ၃၀-၃၇ ရာခိုင်နှုန်းရှိပြီး ပရိုတိန်း အကြမ်း ၄-၇ ရာခိုင်နှုန်းသာ ပါဝင်ကြပါသည်။ သို့ဖြစ်၍ ဖော်ပြပါနည်းများဖြင့် မြက်ချဉ်ဖတ်၊ ကောက်ရိုးများကို ကျွေးခြင်းဖြင့် အာဟာရပိုမိုရရှိပါသည်။ ထို့ပြင်အမျှင်ဓာတ်များသည် အစာကြမ်းများကို အရသာကောင်းမွန်စေရန် ကြံ၊ ကြံသကာရည်၊ ထန်လျက်ရည်၊ တင်လဲရည်များ ရောနှောကျွေးခြင်းဖြင့်ပိုမိုနှစ်ခြိုက်စွာ စားသုံးပြီး စားမြုံ့ပြန်သတ္တဝါများ အာဟာရပိုမို ဖြစ်ထွန်းနိုင်ပါကြောင်း ဖော်ပြလိုက်ရပါသည်။
- ထွန်းလှိုင်(မြိုင်)
မြန်မာတောင်သူကြီးများ ဂျာနယ်
ကျွဲ၊ နွား၊ သိုး၊ ဆိတ် (သို့မဟုတ်)
စားမြုံ့ပြန် သတ္တဝါ၏ အဓိက အစာ အစာကြမ်း ပြုလုပ်နည်း
မြက်ခြောက်ပြုလုပ်ခြင်း
အစာကြမ်းများအား ရိတ်သိမ်းပြီး အခြောက်ဓာတ် ၉၀ ရာခိုင်နှုန်းကျော်ရရှိအောင် နေရောင်အောက်တွင် လေးရက်ခန့်ထားရှိရန် လိုအပ်ပါသည်။ ခြောက်သွေ့သွားပါကလည်းမိုးရေမစိုအောင်သိုလှောင်ထားရန် လိုအပ်ပါသည်။ မြက်ခြောက်များကို အထုံးထုံး၍ဖြစ်စေ သိုလှောင်သိမ်းဆည်းနိုင်ပါသည်။
မြက်ချဉ်ဖတ်ပြုလုပ်ခြင်း
အစာကြမ်းကို အခြောက်ဓာတ်၃၅-၄၅ ရာခိုင်နှုန်း ရှိချိန်တွင် ရိတ်သိမ်း၍ သေးငယ်သော အစိတ်အပိုင်းလေးများ ၃-၅ စင်တီမီတာ ဖြစ်အောင် ခုတ်ဖြတ်ရပါမည်။ ထို့နောက် လေမဝင်နိုင်သော အခြေအနေတွင် သိုလှောင် သိမ်းဆည်း ထားရပါမည်။ လေမဝင်နိုင်အောင် သိုလှောင်ထားသဖြင့်အောက်စီဂျင် မရှိဘဲ ထိုကဲ့သို့ (စံ) ကျဆင်းသွားသော အခြေအနေတွင် ဘက်တီးရီးယားအားလုံး သေဆုံးပြီး တစ်နှစ် (သို့မဟုတ်)တစ်နှစ်ကျော်ကြားအောင် မြက်ချဉ်ဖက်ကို သိုလှောင်သိမ်းဆည်း ထားနိုင်ပါသည်။ အချဉ်ဖောက်သည့်ဖြစ်စဉ်သည် ကာဘိုဟိုက်ဒြိတ် ဓာတ်ကို အခြောက်ခံရသဖြင့် ကာဘိုဟိုက်ဒြိတ်ဓာတ်နည်းသော မြက်ဖြင့် ချဉ်ဖတ်ပြုလုပ်ခြင်းထက် ပြောင်းနှင့် နှံစားပြောင်းတို့ဖြင့် ချဉ်ဖတ်ပြုလုပ်ပါက ပိုမိုကောင်းမွန်ပါသည်။
ကောက်ရိုးအား ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်း
ကောက်ရိုးများကို သေးငယ်အောင် ဖြတ်တောက်ရပါမည်။ ယူရီးယားဖျော်ထားသည့်ရေကို ကောက်ရိုးများပေါ်တွင် သမမျှတအောင် ဖျန်းပေးရပါမည်။အသုံးပြုရမည့် ယူရီးယားပမာဏမှာ ကောက်ရိုးအလေးချိန်၏ ၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ ရေပမာဏမှာ ကောက်ရိုး ၁၀ဝ ကီလိုဂရမ်လျှင် ရေ ၃၀ လီတာခန့် ဖြစ်ပါသည်။ လေလုံအောင် သိုလှောင် ထုပ်ပိုး သိမ်းဆည်း ရပါမည်။ သုံးပတ်ခန့်သိုလှောင်ထားမှသာ တိရစ္ဆာန်ကို ကျွေးမွေးနိုင်သည့်အဆင့်ကို ရောက်ရှိပါသည်။