ရုံးပတီစိုက်ပျိုးနည်း
မြန်မာအမည် - ရုံးပတီ
အင်္ဂလိပ်အမည် - Okra, Lady's Fingure,
ရုက္ခဗေဒအမည် - Abelmoschusesculentus
မျိုးရင်းအမည် - Malvaceae
ရုံးပတီမျိုးများ
အသီးအရောင်အစိမ်းနှင့်အနီမျိုးဟူ၍ရှိပြီးအနံ့အရသာအဟာရကွဲပြားမှုမရှိပဲအရောင်အားဖြင့်သာကွဲပြားသည်။ဟင်းချက်သည့်အခါအနီရောင်သည်အစိမ်းရောင်သီးတောင့်အဖြစ်အရောင်ပြောင်းသွားသည်။
ရေမြေရာသီဥတု
ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်ပြီးဆောင်းရာသီတွင်အပင်ဖြစ်ထွန်းမှုမကောင်းပါ။မြေမျိုးမရွေးစိုက်ပျိုးနိုင်သော်လည်းရေစိမ့်ဆင်းမှုကောင်းသောမြေမျိုးဖြစ်ရမည်။မြေချဉ်ငန်ဓါတ်(၅.၈)မှ(၇.၀၀) သည်ရုံးပတီနှင့်သင့်တော်သော(Soil pH) ဖြစ်ပါသည်။
မျိုးစေ့နှုန်းထား
တစ်ဧကလျှင်မျိုးစေ့နှုန်း( ၆)ကီလိုဂရမ်အသုံးပြုပါ။
မြေဩဇာနှုန်းထား
နွားချေး (၁၀)တန်
ယူရီးယား (၅၀)ကီလို (၂) အိတ်
တီစူပါ (၅၀)ကီလို (၁) အိတ်
ပိုတက်ရှ် (၅၀)ကီလို (၁)အိတ်
မြေပြင်စဉ်ယူရီးယားမြေသြဇာတဝက်၊တီစူပါမြေသြဇာနှင့်ပိုတက်ရှ်မြေသြဇာများကိုစိုက်ခင်းအတွင်းထည့်သွင်းပါ။စိုက်ပြီး(၃၀)ရက်သားဘောင်ထပ်ချိန်တွင်ကျန်ယူရီးယားမြေသြဇာတဝက်ကိုထည့်သွင်းပါ။မြေပြုပြင်ခြင်းမြေပြင်ချိန်တွင်နွားချေးချပြီးထယ်ထိုးထွန်မွှေပေးရမည်။၎င်းနောက်စိုက်ကြောင်းဖော်ပေးပါ။
စိုက်ပျိုးခြင်း
နွေရာသီတွင်စိုက်ပျိုးပါကရုံးပတီမျိုးစေ့အား(၄)နာရီရေစိမ်ပေးပါ။ထို့နောက်မျိုးစေ့ကိုရေသန့်ဖြင့်ဆေး၍တစ်ကျင်းလျှင်(၃)စေ့ခန့်ချ၍တိုက်ရိုက်စိုက်ပျိုးပါ။မိုးရာသီတွင်ရေစိမ်ရန်မလိုအပ်ပါ။အစေ့မှအပင်ပေါက်ရန်အတွက်စိုက်ဘောင်၏ အပူဓာတ်သည် အရေးကြီးပါသည်။ တန်းကြား (၃)ပေ၊ပင်ကြား(၁-၁.၅)ပေထား၍စိုက်ပျိုးနိုင်သည်။
ပိုးမွှားရောဂါကာကွယ်ခြင်း
ရုံးပတီတွင်အဓိကကျရောက်သောပိုးမွှားရောဂါများမှာVercillium wilt, Yellow Mosaic Virus,Fusarium Wilt, ယင်ဖြူ, ပျ, သီးလုံးဖောက်ပိုး တို့ဖြစ်ပါသည်။ Virus ရောဂါကာကွယ်ရန်အတွက်ယင်ဖြူ၊ပျတို့ကိုနှိမ်နင်းပါ။ ပိုးမွှားရောဂါကျရောက်လျှင် ဘက်စုံပိုး မွှားရောဂါကာကွယ်နည်းစနစ်(IPM)ဖြင့်ကာကွယ်နှိမ်နင်းပါ။ကျရောက်ပျက်စီးမှုများပါကစိုက်ပျိုးရေးဦးစီးဌာနမှထောက်ခံထားသည့်ဆေးများကိုညွှန်ကြားချက်အတိုင်းအသုံးပြုပါ။ မိတ်ဖက်အပင်များ(Campan.ion-planting)စိုက်ပျိုးခြင်းကို ဆောင်ရွက်ပါ။အကျိုးပြု အင်းဆက်များကိုစိုက်ခင်းသို့ဆွဲဆောင်နိုင်ရန် (Farm- scaping) အဖြစ်အကျိုးပြု အင်းဆက်များ နှစ်သက်သော အပင်များစိုက်ပျိုးထားရှိပါ။
ခူးဆွတ်ခြင်း
စိုက်ပျိုးပြီး(၂)လခန့်အကြာတွင်ပထမဦးဆုံးအကြိမ်စတင်ခူးဆွတ်နိုင်ပါသည်။အဟာရဓာတ်အပြည့်ရရှိရန်အသီးတောင့်(၂‒၄)လက်မအရွယ်တွင်ခူးဆွတ်ရမည်။ရုံးပတီသီးကို(၁)ရက်ခြားခူးဆွတ်ပါ။ပထမဆုံးအသီးတောင့်ခူးဆွတ်ပြီးချိန်တွင်အောက်ခြေရှိအရွက်များအားဖယ်ရှား ပေးရမည်။
မျိုးစေ့ထုတ်လုပ်ခြင်း
ရုံးပတီမျိုးစေ့ထုတ်လုပ်ရန် တန်းကြား (၃)ပေ၊ ပင်ကြား(၁.၅)ပေ ထားရန်လိုအပ်ပါသည်။တစ် ကျင်းလျှင်တစ်ပင်ထားစနစ်ကို အသုံးပြုရမည်။ မျိုးစေ့ အရည်အသွေးကောင်းရန်အတွက် ပိုတက်ဆီယမ် မြေသြဇာကိုပိုမိုထည့်ပေးရန်လိုအပ်ပါသည်။မျိုးစေ့ထုတ်ရာတွင်အစေ့၊အဆံအောင်မြင်ရန်အတွက်အောက်သီးမှစသီးသော အောက်ခြေ အတောင့်(၂)တောင့်အားခူးဆွတ် ပေးရမည်။အောက်ခြေအတောင့်နံပါတ်(၃) မှစ၍(၁၀) တောင့် အားမျိုးသီးအ ဖြစ်ယူပါ။(၁၀)တောင့်အထက်မှ စ၍ထိပ်ပိုင်းဖြတ်ပေးမည်။ အသီးတောင့် အခြောက်ခူး ပြီး တိုင်း သီးတောင့်နှင့်ကပ်လျှက်အရွက်အားဖယ်ရှားပေးပါ။အသီးတောင့်များအားလုံးမကွဲအက်မီခူးဆွတ်သင့်သည်။ မျိုးစေ့များအားသိုလှောင် မီအနည်းဆုံးအစိုဓာတ်(၈)%အထိအခြောက်ခံသင့်ပါသည်။
ရုံးပတီသီး(၁၀၀)ဂရမ်တွင် ပါဝင်သောအာဟာရဓါတ်များ
ကယ်လိုရီ - ၃၃ ဂရမ်
အဆီဓာတ် - ၀.၂ ဂရမ်
ဆိုဒီယမ် - ၇ မီလီဂရမ်
ပိုတက်ဆီယမ် - ၂၉၉ မီလီဂရမ်
ကာဘိုဟိုက်ဒရိတ် - ၇ဂ ရမ်
အမျှင်ဓာတ် - ၃.၂ ဂရမ်
ပရိုတိန်း - ၁.၉ ဂရမ်
ဗီတာမင်-စီ - ၂၃ မီလီဂရမ်
ကယ်လဆီယမ် - ၈၂ မီလီဂရမ်
သံ - ၀.၆ မီလီဂရမ်
ဗီတာမင်ဘီ -၆ - ၀.၂ မီလီဂရမ်
မဂ္ဂနီစီယမ် - ၅၇ မီလီဂရမ်
Source:DOA
----
ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်