အိမ်သုံးပစ္စည်းတွေနဲ့ပေါင်းဘယ်လိုနှိမ်နင်းမလဲ??
ခြံထဲ၊ စိုက်ခင်းထဲမှာပေါင်းတွေ များနေလို့ စိတ်ညစ်နေပါသလား??
ဓာတုဆေးသုံးစရာမလိုဘဲ အိမ်သုံးပစ္စည်းတွေနဲ့ နှိမ်နင်းလို့ရနေပြီနော် ..........
စိုက်ပျိုးရေးလောကတွင် သီးနှံများ၏ အရည်အသွေး၊ အထွက်နှုန်းများကို ထိခိုက်ပျက်စီးစေနိုင်သော ပေါင်းသည် တောင်သူလယ်သမားဦးကြီးများ၏ ရန်သူတစ်ဦးဖြစ်ပါသည်။
လက်ရှိတွင်အသုံးပြုနေသောပေါင်းသတ်ဆေး (ဥပမာ-ဂလိုင်ဖိုဆိတ် glyphosate) ကဲ့သို့ ပေါင်းသတ်ဆေးများ၏ ဓာတ်ကြွင်းဓာတ်ကျန်များသည် ကျွန်ပ်တို့နေထိုင်ရာဝန်းကျင် ကမ္ဘာမြေကြီးကို အဆိပ်သင့်စေခြင်း၊ ကင်ဆာကဲ့သို့ရောဂါများနှင့် တခြားရောဂါများ၏ လူသတ်လက်နက်တစ်ခုအဖြစ် ခြောက်လှန့်လာပါသည်။
ထို့ကြောင့်ပေါင်းသတ်ဆေးကို တက်နိုင်သမျှလျှော့ချ အသုံးပြုရန် လိုအပ်လာပြီ ဖြစ်သည်။
ကျွန်ုပ်တို့လူအတော်တော်များသည် သဘာဝဝန်းကျင်ရှိ သဘာဝအရာများကိုမေ့နေကြသည်။ သဘာဝမှပေးသော သဘာဝပစ္စည်းများသည် ဓာတုကဲ့သို့အစွမ်းမထက်သော်လည်း ကျွန်ုပ်တို့လိုအပ်သော အရာတစ်ခုအဖြစ် ဖန်တီးပေးနိုင်ပါသည်။
ဤနည်းလမ်းဖြင့် ခြံထဲရှိ အလိုအလျောက်ပေါက်သော ပေါင်းမြက်များလဲ နှိမ်နင်းနိုင်ပါသည်။
၁။ Borax(လက်ချား) လက်ချား ၂၀ အောင်စကို ရေ ၅ ဂါလံဖြင့် ရောစပ်၍ ဆေးဖျန်းပုံးဖြင့်ထည့်၍ ပက်ဖျန်းနိုင်ပါသည်။
၂။ ရှာလကာရည်(သို့) Vinegar အဖြူရောင် ရှာလကာရည်ကို ဈေးဆိုင်များ၊ စတိုးဆိုင်များတွင် အလွယ်တကူရရှိနိုင်သည်။ ရှာလကာရည်တွင် ၅ရာခိုင်နှုန်း ပါဝင်သော အက်စစ်တစ်မျိုးဖြစ်သည့် အက်စီးတစ်အက်စစ်(acetic acid) သည် ပေါင်းအများစုကို သေစေရန် လုံလောက်ပါသည်။ မရောစပ်ခြင်းဖြင့်လည်း ပက်ဖျန်းနိုင်ပါသည်။ အဝတ်လျှော်ဆပ်ပြာရည် နှစ်စက်ဖြင့် ရောစပ်၍ပက်ဖျန်းခြင်းသည် ပို၍ သက်ရောက်မှု ကောင်းစေပါသည်။ ပေါင်းများသေသည်အထိ ထပ်ခါထပ်ခါ ပက်ဖျန်းပါ။ ပက်ဖျန်းရာ၌ ၎င်းရေငွေ့ကို မရှုမိစေရန်အတွက် မြေကြီးနှင့်ကပ်၍ ပက်ဖျန်းပါ။ နံနက်အစောပိုင်းပက်ဖျန်းပါ။ တခြားသောအပင်များကို မထိတွေ့စေရန် ဂရုစိုက်ပါ။
၃။ ပင်လယ်ဆားကြမ်းနှင့်ရှာလကာရည် ပင်လယ်ဆားကြမ်းနှင့်ရှာလကာရည်ကို ရောစပ်ဖြစ်၍လည်း ပေါင်းများကို သေစေနိုင်ပါသည်။ ရှာလကာရည် ၁ဂါလံကို ဆား ၁ခွက်ဖြင့် ရောစပ်၍ ပေါင်းများသေသည်အထိပက်ဖျန်းနိုင်ပါသည်။ အဝတ်လျှော် ဆပ်ပြာရည်အနည်းငယ်ဖြင့် ရောစပ်၍ ပက်ဖျန်းခြင်းသည် ပို၍ သက်ရောက်မှုအား ကောင်းစေပါသည်။တခြားသောအပင်များကို မထိတွေ့စေရန် ဂရုစိုက်ပါ။
၄။ မြေဖုံးပေးခြင်း ပလပ်စတစ်၊ ကောက်ရိုးဆွေး၊ သစ်ရွက်ဆွေး များဖြင့် ဖုံးအုပ်၍ စိုက်ပျိုးခြင်းသည် နေရောင်ခြည်နှင့် ပေါင်းစေ့များကို တိုက်ရိုက်မထိတွေ့စေသဖြင့် ပေါင်းပင်ပေါက်ရောက်မှုကို လျော့ကျစေသည်။ မြေဖုံး၍ စိုက်ပျိုးခြင်းသည် မြေဆီသြဇာကြွယ်ဝရန် ချေဖျက်ပေးခြင်းနှင့် အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးနိုင်သည်။
Credit – original uploader