တစ်ပတ်စာစျေးကွက်သုံးသပ်ချက် (၂၈ . ၁၀ . ၂၀၂၄ မှ ၁. ၁၁ . ၂၀၂၄ )
- မတ်ပဲ - အရင်အပတ်က စျေးတက်လာတဲ့ မတ်ပဲက ဒီတစ်ပတ်မှာ ဈေးပြန်ကျဆင်းသွားပါတယ်။ အိန္ဒိယက ဒီပါဝလီပွဲတော် ကျင်းပနေခြင်းကြောင့် ပဲအဝယ်လိုအားနည်းနေတဲ့အတွက် အရောင်းအဝယ် အေးပြီး စျေးတန်းပြန်ကျတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း လက်ကျန်က နည်းလာနေပါတယ်။ - အိန္ဒိယနိုင်ငံတွင်းမှာလည်း လက်ရှိ မတ်ပဲက ဈေးငြိမ်နေပေမယ့် ပွဲတော်ကာလ အပြီးမှာတော့ ဈေးက ပြန်ကျဆင်းနိုင်တယ်လို့ အိန္ဒိယ သတင်းတွေအရ သိရပါတယ်။ - ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ) တစ်တန်ကို ကုန်စည်ဒိုင်တွေဖွင့်တဲ့ တနင်္လာနေ့မှာ ၃၇၅၇၀၀၀၊ အင်္ဂါနေ့က ၃၇၅၅၀၀၀၊ ဗုဒ္ဓဟူး ၃၇၃၀၀၀၀၊ ကြာသပတေး ၃၆၉၉၀၀၀ ကျပ်ရှိပါတယ်။ အရင်အပတ်ကထက် တစ်တန်ကို ၁ သိန်းကျော်လောက်အထိ စျေးပြန်ကျပါတယ်။ FOB ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၉၃၀ ကနေ ၉၄၀ ရှိပြီး ဈေးငြိမ်ပါတယ်။ မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၃၀၀၀၀၀ မှ ၃၅၀၀၀၀ ကျပ် ရှိပါတယ်။ - ပဲစင်းငုံ - ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့အပတ်က ဈေးပြန်တက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးပြန်ကျဆင်းလာပါတယ်။ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၉.၅ သန်းကျော်ကို အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ရောင်းပေးခဲ့တဲ့အတွက် ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးတွေ ကျဆင်းပြီး ဈေးလည်း ကျဆင်းသွားတာ ဖြစ်ပါတယ်။ FOB ဈေးက ပြန်ပြီး မြင့်တက်လာပေမယ့် ငွေလဲလှယ်နှုန်းကြောင့် ဈေးက ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။ - ပြည်တွင်းမှာတော့ ပဲက ဝယ်လက် မရှိသလောက်ဖြစ်နေပြီး အရောင်းအဝယ်အေးကာ ပြည်ပဝယ်လိုအားလည်း ပုံမှန်လောက်သာ ရှိတယ်လို့သိရပါတယ်။ - ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်တန်ကို တနင်္လာနေ့က ၄၂၁၂၀၀၀၊ အင်္ဂါနေ့က ၄၂၀၀၀၀၀၊ ဗုဒ္ဓဟူး ၄၁၆၂၀၀၀၊ ကြာသပတေးမှာ ၄၀၇၅၀၀၀ ကျပ်ရှိလို့ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၃ သိန်းဝန်းကျင်လောက် စျေးကျပါတယ်။ FOB ဈေးကတော့ တစ်တန်ကို ၁၀၃၀ မှ ၁၀၄၀ ရှိပြီး တစ်တန်ကို ဒေါ်လာ ၄၀ လောက် ဈေးပြန်မြင့်တက်ပါတယ်။ - မန္တလေးစျေးကွက်မှာတော့လေး ခုတပတ်လည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။ - ပဲတီစိမ်း - ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပေမယ့် နယ်ဈေးကွက်တွေမှာတော့ အတက်အကျ အနည်းငယ်ရှိပါတယ်။ တရုတ်တင်သွင်းမှု နည်းတဲ့အတွက် ပြည်တွင်းဝယ်လက်သာ ရှိတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၁၆၅ ကျပ်၊ (ပဲခူးရွှေဝါ)က ၅၀၀၀ ကျပ်နဲ့ ဝါးခယ်မ FAQ က တစ်ပိဿာကို ၄၃၃၀ ကနေ ၄၃၅၀ ကြားရှိပြီး ဝါးခယ်မ SQ က၆၁၆၅ မှ ၆၁၈၅ ကျပ်ရှိလာပါတယ်။ ပဲတီစိမ်းအညာက ၄၃၃၀မှ ၄၃၅၀ ကျပ်ရှိပါတယ်။ မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို ၂၀၀၀၀၀ မှ ၂၅၀၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၅၀၀၀ လောက် အတက်အကျရှိပါတယ်။ - ပြောင်း - ပြောင်းဆံဈေးကတော့ ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အသစ်တွေပေါ် နေပြီး ပြည်ပကလည်း ဝယ်လိုအားရှိနေပါတယ်။ ပြည်တွင်း အစာစပ် စက်ရုံတွေကလည်း ဝယ်ယူမှု ရှိနေတဲ့အတွက် ဈေးမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ - ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကတော့ မြန်မာ့ပြောင်းဆံတွေကို တင်သွင်းမှု ပြုလုပ်နေတဲ့ ထိုင်းကုမ္ပဏီတွေက တောင်ယာမီးရှို့ခြင်း နဲ့ သစ်တော ပြုန်းတီးမှု ဒဏ်ခံရတဲ့ ဒေသတွေကနေ ပြောင်းဆံတွေကို ဝယ်ယူမှု မပြုလုပ်ဘူးဆိုပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၅၂၀ မှ ၁၅၄၀ ကျပ်သာရှိပြီး ၄၀ ကျပ်တက်ပါတယ်။ မန္တလေးကုန်စည်ဒိုင် စျေးကွက်မှာတော့ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၇၅၅၀၀ မှ ၇၆၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၇၇၀၀၀ မှ ၇၈၀၀၀ ကျပ် စျေးရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်ကထက် တစ်အိတ်ကို ၂၀၀၀ မှ ၃၀၀၀ ကြား ဈေးမြင့်တက်လာပါတယ်။ - ကြက်သွန်နီ - ကြက်သွန်နီကတော့ ဆက်တိုက် ဈေးမြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးမြင့်တက်နေတာ ဖြစ်ပြီးတော့ နေ့စဉ် ကုန်အဝင် ပိဿာချိန် တစ်သိန်း အောက်သာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဈေးကွက်အတွင်း ဈေးမြင့်တက်လာတဲ့အတွက် ရောင်းချမှု ပြန်များလာပြီး ရန်ကုန်ဈေးကွက်ကို ပိဿာချိန် ၂ သိန်းနီးပါး အဝင်ရှိလာပါတယ်။ ကြက်သွန်နီက တစ်ပတ်အတွင်း တစ်ပိဿာကို ငွေကျပ် ၁၀၀၀ ကျော်ဈေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူက တစ်ပိဿာကို ၂၅၀၀ မှ ၄၄၀၀ ရှိပြီး တစ်ပိဿာကို ၉၀၀ ကျပ်ဈေးတက်ပါတယ်။ တစ်ပိဿာကို ၄၆၀၀ အထိ မြင့်တက်ခဲ့ရာမှ အဝင်များတဲ့အတွက် ဈေးက ပြန်ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ မြင်းခြံ၊ ပခုက္ကူ၊ မုံရွာ၊ တောင်သာ တို့ကလည်း တစ်ပိဿာကို ၁၀၀၀ ကျော် အထိ ဈေးမြင့်တက်လာခဲ့ပါတယ်။ - (AMIA) 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
