ဂေါ်ဖီထုပ်အငယ်လေးများ (Brussels Sprouts )စိုက်ပျိုးနည်း
- brussels sprouts ဟာ အအေးကြိုက်သီးနှံဖြစ်ပြီး (၂)နှစ်သက်တမ်းရှိပေမယ့် နှစ်ချင်းစိုက်ပျိုးစားသုံး နိုင်ပါတယ်။ ပင်စည်တစ်လျှောက် အရွက်ကြားမှ ထွက်လာတဲ့ မုန်လာထုပ်အသေးလေးတွေကို စားရပါတယ်။ အပင်ဟာ အမြင့် (၂-၃)ပေရှိပြီး (၁-၂)ပေကျယ်ပါတယ်။ တစ်ပင်မှာ (၅၀-၁၀၀)ခန့်အထိ ဂေါ်ဖီထုပ်အသေး လေးတွေကို ရနိုင်ပါတယ်။ အထုပ်လေးရဲ့အရွယ်အစားဟာ (၁-၂)လက်မခန့်သာရှိပါတယ်။ အပင်ဖြစ် နှေးပြီး အေးပြီးစွတ်စိုတဲ့ဒေသကို ကြိုက်ပါတယ်။ နှင်းခါးဒဏ်ခံနိုင်ပါတယ်။ အေးခဲတဲ့ရာသီမှာ ဆွတ်ခူးပြီး (၂)ရက်အတွင်းစားသုံးရင် အရသာပိုပြီး ချိုပါတယ်။ အကောင်းဆုံး ကြီးထွားစေရန် လိုအပ်သည့် အပူချိန်ကတော့ ( ၁၅-၁၈ ) ဒီဂရီ စင်တီ ဂရိတ် အတွင်းဖြစ်ပြီး အပူချိန် ၂၁ ကျော်ပါက ကောင်းစွာကြီးထွားနိုင်မည် မဟုတ်ပါ။ - - သင့်တော်သောမြေချဉ်ငန်ဓာတ် - pH ၆.၅ - ၆.၈၊ - ရွှံ့စေးမြေ နှင့် အငန်ဓာတ်များသောမြေ မသင့်တော်ပါ။ - - တန်းကြား ပင်ကြား - ၃ပေ × ၂ပေ ၊ တစ်ဧကအပင်ဦးရေ - ၇၂၀၀-၇၅၀၀ ပင် - - တစ်ဧကမျိုးစေ့နှုန်းထား - ၁၀ဂရမ် × ၅ = ၅၀ဂရမ် - - စိုက်ပျိုးနိုင်သည့်ဒေသများ နှင့် စိုက်ပျိုးနိုင်သည့်ရာသီဥတု - တောင်ပေါ်ဒေသ ( မိုးကြို၊ မိုးလယ်၊ မိုးနှောင်း၊ ဆောင်း ) ၊ မြေပြန့်ဒေသ ( မိုးနှောင်း၊ ဆောင်း ) - မြေပြန့်ဒေသ စက်တင်ဘာလတွင် စတင် ပျိုးထောင်သင့်သည်။ အထုပ်ထုပ်ချိန် အအေးဓာတ် ရရှိရန်လိုအပ်သည်။ ရာသီဥတုပူပြင်းလျှင် အထုပ်ထုပ်မှု လျော့နည်းနိုင်သည်။ စတင်မျိုးစေ့ချပြီး စတင်ခူးဆွတ်ရန် ၁၁၅ရက်ကြာသည်။ မြေသြဇာထက်သန်ပြီး ရာသီဥတု ကောင်းမွန်လျှင် စတင်မျိူးစေ့ချိန်မှစ ရက်ပေါင်း ၂၁၀ရက်အထိ ခူးဆွတ်နိုင်သည်။ ပုံမှန် ဂေါ်ဖီထုပ်ထက် အရသာပိုမို နုညံ့မှုရှိသည်။ ပိုးကျရောက်မှုလည်း များတတ်သည်။ အထုပ်ငယ်များ၏ ရင့်မှည့်ချိန်သည် ပုံမှန် ဂေါ်ဖီထုပ်များထက် သက်တမ်းပိုကြာတတ်သည်။ Super Market ကဲ့သို့သော နေရာများတွင် ရောင်းချခြင်းကို တွေ့ရသည်။ - စိုက်ပျိုးချိန် - - မျိုးစေ့များကို မြေဆွေး ၊ စပ်ဖွဲပြာ နှင့် နှုန်းမြေစပ်ထားသော ၃ပေအကျယ်၊ ၁၂ပေအရှည် ပျိုးဘောင်တွင် ထွန်ခြစ်ကြောင်းပေးပြီး မျိုးစေ့များကို ပါးပါးဖြူး၍ ပျိုးပါ။ ( အချို့ဒေသများတွင် ပျိုးအိတ် သို့မဟုတ် ပျိုးခွက်ဖြင့် ပျိုးကြပါသည်။ ) - - ပျိုးဘောင်ထဲသို့ ထည့်သော စပ်မြေတွင် မြေသြဇာအာဟာရ လုံလောက်စွာထည့်ပေးပါ။ ထို့နောက် မြေဆွေးပါးပါးပြန်ဖုံးပေးပါ။ ရေပါးပါးလောင်းပြီး သစ်ရွက်ခြောက်၊ ကောက်ရိုးခြောက်တို့ဖြင့် ရာသီအခြေအနေပေါ်မူတည်ပြီး ၂-၃ရက် ဖုံးပေးထားပါ။ ၈ - ၉ရက်ကြာပြီးနောက် အညှောင့်ပေါက်သောအခါ ရေပါးပါးလောင်းပေးပါ။ - - ပျိုးပင်ငယ်အဆင့်တွင် ရေလောင်းခြင်းကို တစ်ရက် ( ၁ -၂ ) ကြိမ် ပြုလုပ်ပေးပါ။ ပျိုးပင်ငယ်အဆင့်တွင် ပိုးသတ်ဆေး ၊ ရောဂါသတ်ဆေး လိုအပ်ပါက အသုံးပြုပါ။ ရွှေ့မစိုက်မီ ၁-၂ရက်အလိုတွင် ပင်လုံးပျံ့ပိုးသတ်ဆေး ( ဥပမာ > Acephate,Thiamethoxam 25% WDG ) နှင့် ထိတွေ့မှိုသတ်ဆေး ( ဥပမာ > Mancozeb 80% WP ) ကို ဖျန်းထားပေးပါ။ မျိုးစေ့ချပြီး ၂၅-၃၀ရက်အကြာ ရွှေ့စိုက်ပါ။ (ညနေပိုင်း) - - စိုက်ဘောင်များကို ၃ပေအကျယ် အကွာအဝေးဖြင့် ရေသွင်းမြောင်းများပြုလုပ်၍ ပြင်ဆင်ပါ။ - - ရွှေ့စိုက်ပြီးသောအခါ ရေကို လုံလောက်သည်အထိ သွင်းပေးပါ။ - ရေကိုပုံမှန်ပေးနေမှ အပင်ဖြစ်ထွန်းတာဖြစ်ပါတယ်။ ခြောက်သွေ့တဲ့ရာသီမှ အထူးဂရုပြု ပေးရပါတယ်။ အပေါ်ယံအမြစ်တွေကို မထိခိုက်စေဖို့ ပေါင်းမြက်ကို လက်နဲ့သုတ်သင်သင့်ပါတယ်။ ပြီးရင် အကွက်ကို ကောက်ရိုး ဒါမှမဟုတ် မြက်ခြောက်စတာတွေနဲ့ (၂-၄)လက်မအထူထိဖုံးပေးရပါတယ်။ ဒီလိုလုပ် ပေးခြင်းအားဖြင့် မြေဆီလွှာအစိုဓာတ်ကို ထိန်းပေးခြင်း၊ ပေါင်းမြက်ကို နှိမ်နင်းပေးခြင်း၊ မြေဆီလွှာအေးခြင်း စတဲ့အကျိုးကျေးဇူးတွေကြောင့် အပင်ပိုပြီးဖြစ်ထွန်းပါတယ်။ အပင်မြင့်လာတဲ့အခါ လေတိုက်ရင် မယိုင်လဲစေဖို့ တိုင်ထောင်ပြီး ချည်နှောင်ပေးရပါတယ်။ - ပင်ပိုင်းကြီးထွားချိန် (Vegetative Stage) - - ပေါင်းမြက်ရှင်းလင်းပါ။ မြေတောင်မြှောက်ပေးပါ။ အစာကျွေးပါ။ ( ဥပမာ - ၁၅:၁၅:၁၅ ကွန်ပေါင်းဓာတ်မြေသြဇာ )။ ရေပေးသွင်းပါ။ လိုအပ်လျှင် ပိုးသတ်ဆေးများ၊ ရောဂါသတ်ဆေးများကို အညွှန်းအတိုင်း အသုံးပြုပါ။ အထုပ်ငယ်များစတင်ချိန် ( Head Formation Stage ) - - အစာကျွေးပါ။ ( ဥပမာ - ၁၅:၁၅:၁၅ ကွန်ပေါင်းဓာတ်မြေသြဇာ ) - - ကယ်လ်ဆီယမ် ၊ ဘိုရွန် ရွက်ဖြန်းမြေသြဇာ အသုံးပြုပါ။ - - အနည်းလိုအာဟာရရွက်ဖြန်းမြေသြဇာ အသုံးပြုပါ။ - - လိုအပ်လျှင် ပိုးသတ်ဆေးများ၊ ရောဂါသတ်ဆေးများကို အညွှန်းအတိုင်း အသုံးပြုပါ။ - အထုပ်ငယ်များဖွံ့ဖြိုးချိန် ( Head Development ) - - အစာကျွေးပါ။ ( ဥပမာ - ၁၃:၁၃:၂၁ ဓာတ်မြေသြဇာ )၊ ရေပေးသွင်းပါ။ ကယ်လ်ဆီယမ်၊ ဘိုရွန် ရွက်ဖြန်းမြေသြဇာ အသုံးပြုပါ။ အနည်းလိုအာဟာရရွက်ဖြန်း မြေသြဇာများ အသုံးပြုပါ။ လိုအပ်လျှင် ပိုးသတ်ဆေးများ၊ ရောဂါသတ်ဆေးများကို အညွှန်းအတိုင်း အသုံးပြုပါ။ - ခုတ်သိမ်းချိန် (Harvesting) - - ရွှေ့စိုက်ပြီး ၈၀-၈၅ရက်မှ စတင်၍ အောက်ခြေအထုပ်ငယ်များ ၁လက်မအရွယ်အစားများကို စတင်ခူးဆွတ်ပါ။ ခူးဆွတ်ချိန်တွင် အောက်အရွက်များကို ဖယ်ရှားပေးပါ။ သို့မှသာ အပေါ်တွင်ရှိသော အထုပ်ငယ်များ ဖွံ့ဖြိုးလာမည် ဖြစ်သည်။ ဂေါ်ဖီထုပ်လေးတွေ (၁)လက်မ (၁)လက်မခွဲအရွယ်ရောက်လာရင် ရိတ်သိမ်းနိုင်ပြီဖြစ်ပါတယ်။ ရိတ်သိမ်းတဲ့ အခါ ပင်စည်ရိုးတံအောက်ပိုင်းမှ စတင်ပြီး ဓားပြတ်ပြတ်နဲ့ ဖြတ်ယူရပါတယ်။ အောက်ပိုင်းမှာရှိတဲ့ အထုပ်ကလေး တွေ လက်မဝက်အရွယ်ခန့်ရှိလာရင် အပင်ကြီးရဲ့ ကြီးထွားဆဲခေါင်းဖျားကို ဖြတ်ပေးရပါတယ်။ နောက် (၂) ပတ်ခန့်ကြာတဲ့အခါ ပင်စည်အဖျားအထိ အထုပ်ကလေးတွေ ရင့်မှည့်လာပါတယ်။ ခေါင်းဖျားမဖြတ်ရင် ရင့်မှည့် မှုနှေးကွေးပါတယ်။ - ကျရောက်တတ်သော ပိုးမွှားရောဂါများ - မုန်လာလောက်ကောင်နဲ့ မုန်လာခူကောင်တွေဟာ အဓိကပိုးတွေဖြစ်ပါတယ်။ အစိမ်းရောင်ခူကောင်အသေး စားဟာ အရွက်ကို အဝိုင်းပေါက်တွေဖြစ်အောင် စားသောက်ဖျက်ဆီးပါတယ်။ အထုပ်ကလေးတွေအတွင်းထဲကို ဝင်ပြီး ပုန်းအောင်းနေတတ်ပါတယ်။ ပျပိုးနဲ့ဖြတ်ပိုးလောက်ကောင်တွေဟာ အပင်ပေါက်ကို ဖျက်ဆီးတတ်ပါ တယ်။ ရှဉ့်သေးတစ်မျိုးနဲ့ ယုန်တွေလည်း အပင်ပေါက်ကို စားတတ်ပါတယ်။ - မျိုးများ - ဒိုင်ယာဘလို (Diablo Hybrid) စပ်မျိုးဟာ အသက်ရက် (၁၁၀)ရှိပြီး နောက်ကျပြီး ရင့်တဲ့မျိုးဖြစ်ပါတယ်။ အထုပ်ကလေးတွေ ရင့်ပြီးသွားရင်တော့ အပင်ပေါ်မှာ တာရှည်အထားခံပါတယ်။ ဂျိတ်အီခရောင့်စ် (Jade E Cross) စပ်မျိုးဟာ အသက်ရက် (၉၀)ရှိပြီး တစ်ပင်လုံး အရင်းအဖျားရှိ အထုပ်ကလေးတွေ အရွယ်ညီညာ ပါတယ်။ အိုလီဗာ (Oliver Hybrid) စပ်မျိုးဟာလည်း အသက်ရက် (၉၀)ရှိပြီး နေရာဒေသအများစုမှာ စိုက်ပျိုး ဖြစ်ထွန်းတဲ့ အသက်ငယ်မျိုးဖြစ်ပါတယ်။ ရက်ရူဘငါး (Red Rubin) မျိုးဟာ အသက် (၉၅)ရက်ရှိတဲ့ မိရိုးဖလာ မျိုးဖြစ်ပါတယ်။ ခရမ်းရောင်ရှိပြီး ချက်ပြုတ်ပြီးတဲ့အထိ အရောင်မြဲပါတယ်။ - အာဟာရဓာတ် - ဒီမုန်လာထဲမှာ ရေငွေ့ ၈၄.၆%၊ အဆီ ဝ.၅%၊ သတ္တု ၁.ဝ%၊ ကာဘိုဟိုက်းရိုက် ၉.၂%၊ ထုံး ဝ.၀၅%၊ မီးစုန်း ဖော့စဖရပ်စ် ဝ.၀၈%ပါဝင်ပါတယ်။ သံဓာတ် ၁၀၀ဂရမ်မှာ ကယ်လိုရီဓာတ် ၆၀၊ ဗီတာမင်အေ ၂၁၀ အိုင်ယူ၊ ဗီတာမင် စီ ၇၂ မီလီဂရမ်ဖြစ်ပါတယ်။ - References - - https://harvesttotable.com/how_to_grow_brussels_sprouts/ - - https://www.almanac.com/plant/brussels-sprouts - Credit - Min_Ye_Htun (ဖော်ပြပါ စိုက်စနစ်သည် မုံရွာမြို့နယ်တွင် ၂၀၁၄ခုနှစ်အချိန်က မိမိ၏ Key Farmer နှင့်အတူ စမ်းသပ်စိုက်ပျိုးခဲ့ခြင်းကို အခြေခံထားခြင်း ဖြစ်သည်။ ) - ---- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
