တောင်သူ့စိုက်ခင်းထဲက ပြဿနာတွေကို လေ့လာကြမယ် 🪴🐛🪴
- ယခုဖော်ပြပေးထားတဲ့အကြောင်းအရာများကတော့ တောင်သူဘက်ကမေးထားတဲ့ က - စိုက်ခင်းတွေမှာ ရောဂါ၊ ပိုးမွှားကျနေတဲ့ ပြဿနာတွေကို ထွက်တိုးစိုက်ပျိုးရေးပညာရှင်များက ပြန်လည်ဖြေကြားပေးထားတာဖြစ်ပါတယ်။ - တောင်သူများလည်း မိမိစိုက်ခင်းမှာ ဖော်ပြပါပုံအတိုင်းကျရောက်မှုရှိမရှိ ကင်းထောက်စစ်ဆေးကြည့်နိုင်ပါတယ်။ - စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ထွက်တိုးစိုက်ပျိုးရေးပညာရှင်များနဲ့ဆွေးနွေးလိုတယ်ဆိုရင်တော့ ထွက်တိုးဆော့ဝဲလ်ရဲ့ အမေးအဖြေကဏ္ဍမှာ စိုက်ခင်းဓာတ်ပုံနှင့်တကွ သိရှိလိုသောအကြောင်းအရာများကို မေးမြန်းနိုင်ပါတယ်။ - *************** - ၁. အဲဒါဘာရောဂါလဲ၊ ဘယ်လိုနှိမ်နင်းရမလဲထွက်တိုးခင်ဗျာ။ - ပျတွေကျနေတာပါ၊ အရင်ဆုံး ပျအစုလိုက်ကျနေတဲ့ ကိုင်းတွေကိုဖြတ်ပစ်ပြီး မီးရှို့ဖျက်ဆီးပစ်ပါ။ အပင်ခြေ အစိုဓာတ်ကိုထိန်းပေးပါ၊ စိုထိုင်းဆများအောင်မလုပ်ပါနဲ့၊ ကိုင်းတွေကိုဖြတ်ပစ်ပြီးမှ ဖျန်းပါ။ ဓာတုပိုးသတ်ဆေးသုံးချင်ရင်တော့ Fenoxycarb, Dinotefuran, Ethiprole, Spirotetramatလိုဆေးမျိုးကိုဖျန်းနိုင်ပါတယ်။ - *************** - ၂. နှမ်းကအဖိုတွေများလို့ ဘယ်အချိန်က စပြီး ဆေးဖျန်းမှ မဖိုတာလဲ။ - နှမ်းဖိုရောဂါက အဓိကဖြုတ်ညိုကနေတစ်ဆင့်ကူးစက်ပြန့်နှံ့တဲ့ရောဂါဖြစ်ပါတယ်။ နှမ်းဖိုလက္ခဏာတွေ့မှ ဆေးဖျန်းရင်နောက်ကျပါပြီ၊ ပုံမှန်နှမ်းဖိုလက္ခဏာစပြတာကတော့ နှမ်းပင် ၅၅-၆၀ ရက်သားမှာစပြပါတယ်။ ဒါကြောင့် အပင်ငယ်စဥ်ကတည်းက ဖြုတ်ညိုကျရောက်မှုရှိ၊မရှိ သေချာစစ်ဆေးပြီး ကာကွယ်နှိမ်နင်းခဲ့ဖို့လိုပါတယ်။ ဖြုတ်ညိုတွေ့တာနဲ့ဆေးဖျန်းပါ၊ ကြိုတင်ကာကွယ်တဲ့အနေနဲ့ဆို နှမ်းပင် ၂၀ ရက်သားကနေစပြီး Acetamiprid, Thiacloprid, Pymetrozine+ Nintepyram, Dinotefuran အဆင်ပြေရာကိုရွေးချယ်ဖျန်းနိုင်ပါတယ်။ - *************** - ၃. စပါးပင် ၁၂ရက်သားရှိပါပြီ။ အခုပုံမှာလိုဖြစ်တာ ဘာလို့ပါလဲခင်ဗျာ။ ရွက်လိပ်ရွက်ကပ်ပိုးကျနေတာဖြစ်ပါတယ်။ ရေထုတ်ပေးပါ၊ နိုက်ထရိုဂျင်ယူရီးယားမြေသြဇာထည့်တာကို မဖြစ်မနေရပ်ထားပါ၊ အဲ့ဒီအစား ပိုတက်ရှ် (K) နဲ့ဆီလီကာ(Si) မြေသြဇာလေးထည့်ပေးပါ။ ရွက်လိပ်ရွက်ကပ်ပိုးက မိုးများပြီးရာသီဥတုအေးတာကိုကြိုက်နှစ်သက်ပါတယ်။ ရေထုတ်ပြီးမှ Cartap hydrochloride (သို့မဟုတ်) Chlorantraniliprole, Monosultap အဆင်ပြေရာကိုရွေးချယ်ဖျန်းပါ။ - *************** - ၄. ခရမ်းပင် ခုလိုမျိုးတွေ ဖြစ်နေလို့ပါ ပြထားတဲ့ မှိုဆေးဖျန်းလို့ရလားဗျ၊ ဖြေပေးပါနော်၊ ထိရောက်စွာ ကာကွယ်နိုင်လားဗျ။ - ပုံမှာပြထားတဲ့ Copper oxychloride သုံးလို့ရပါတယ်။ ပင်ညှိုးကျနေတဲ့အပင်ကို ကပ်ကြေးနဲ့ညှပ်ပြီး ကျန်းမာတဲ့အပင်မှာ သွားညှပ်တာမျိုးမလုပ်ပါနဲ့၊ ဘက်တီးရီးယားအများစုက ဒဏ်ရာကနေ တစ်ပင်နဲ့တစ်ပင်ကူးစက်တာဖြစ်ပါတယ်။ အဓိက ပင်ခြေကိုရေမဝပ်အောင်လုပ်ပါ၊ မြေအစိုဓာတ်များရင် ပွားများနှုန်းမြန်ပါတယ်၊ လေဝင်လေထွက်ကောင်းအောင် ပေါင်းမြက်တွေရှင်းပေးပါ။ ဆေးဖျန်းပြီး ရောဂါပြန့်ပွားမှုအခြေအနေကိုစောင့်ကြည့်ပါ၊ နောက်တစ်ကြိမ် ဆေးဖျန်းဖို့လိုအပ်ပါက Bismerthiazol သုံးနိုင်ပါတယ်။ နောက်ရာသီမှာ မျိုးရင်းတူ (ခရမ်း၊ ငရုတ်၊ အာလူး စတာမျိုး)တွေမစိုက်ပါနဲ့ ၊ သီးလှည့်စိုက်ပေးဖို့လိုပါတယ်။ နောက်တစ်ခုပိုသေချာအောင် ပင်စည်ကနေ အဖျားထိ အပင်ကိုဒေါင်လိုက်ခွဲပြီးပို့ထားပေးပါ။ - ၅. ရှောက်သီးလေးတွေ ခုလိုဖြစ်ပြီးကြွေကြွေကျနေတာ ဘာကြောင့်လဲ။ ဘယ်လိုလုပ်ပေးရမလဲ၊ ကူညီပါဦးဗျ။ - ရှောက်သံပုရာ ကင်ကာရောဂါ (Canker) ရောဂါဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဓာတုဆေးသုံးချင်ရင် Copper ပါတဲ့ဆေးတွေဖြစ်တဲ့ Copper oxychloride, Copper tri-basic sulphate လို အဆင်ပြေရာကိုရွေးချယ်နိုင်ပါတယ်။ အခုကမိုးရာသီဖြစ်တဲ့အတွက် မိုးပြတ်လို့ ဆောင်းကူးတဲ့အချိန် ခြောက်သွေ့တဲ့ရာသီကျရင် ကိုင်းဖြတ်ပေးတာမျိုးကိုလုပ်ပေးပါ။ - ✦✦✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
