cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“သစ်အစားထိုးနိုင်သည့်ရွှေစိမ်း” ဟုတင်စားထိုက်သော “ဝါး” အကြောင်း

. စိုက်ပျိုးနည်းစနစ်များ
ခြောက်သွေ့ခြင်းဒဏ်ကိုခံနိုင်သော မျှင်ဝါး၊ သင်းဝါး စသည်တို့ကိုစိုက်ပျိုးမည်ဆိုပါက မိုးနည်းသော ဒေသတွင် မြေနေရာရှာဖွေစိုက်ပျိုးရမည်။ အစိုဓာတ်များများကြိုက်သည့် ဝါဘိုး၊ ဝါးဘိုးမျက်ဆံ ကျယ်၊ တပင်တိုင်ဝါး စသည့်ဝါးမျိုးများအတွက် မိုးများသည့်ဒေသတွင် စိုက်ပျိုးရမည်။
  • မြန်မာနိုင်ငံသည် ဝါးပေါက်ရောက်ရာ တိုင်းပြည်များအနက် တတိယအများဆုံး ပေါက်ရောက် သည့် နိုင်ငံလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝါးမျိုးစုံပေါက်ရောက်သည့်အတွက် ဝါးမျိုးနွယ်ပေါင်း (၂၅)မျိုးနှင့် ဝါးမျိုးစိတ်ပေါင်း (၁၀၂)မျိုးခန့်ရှိသည်။ ထင်ရှားသောဝါးမျိုးများမှာ - ကရင်ဝါး (ဘရောင်းဝါး) ၊ ကြခတ်ဝါး (ငကြက်ဝါး - ဝါးကြက်)၊ ကြသောင်းဝါး၊ ဂျဝါး၊ တစ်ပင်တိုင်ဝါး၊ တမြင်ဝါး၊ တင်းဝါး၊ ထီးရိုးဝါး၊ ပလောပီနံဝါး၊ မျှင်ဝါး၊ ရေဝါး၊ လစ်ဝါး၊ ဝါးကုပ် (ဝါးနွယ်၊ ဝါးဖြူကလေး၊ ငနက်ရှော၊ မဲနယ်၊ ဝါးဖြူကြီး၊ ဝါးကောက်)၊ ဝါးကြီး၊ ဝါးထွန်း၊ ဝါးယား၊ ဝါးဖြူ၊ သိုက်တံတားဝါး၊ ကျလို့ဝါး၊ ဝါးဘိုးကြီး၊ ဝါးဘိုး၊ ချက်ဆန်ကျယ်၊ ဝါးဘိုးအေ၊ သိုက်ဝါး (ဝါးပြောက်)၊ ဝါးပြောက် (တနင်္သာရီ)၊ ဝါးသပွတ်၊ သနပ်ခါး၊ သိုက်ဝါး (ကြက်ဝါး) စသည်တို့ဖြစ်ကြသည်။ လူသိများသောဝါးမျိုးမှာ ဝါးပိုး၊ ဝါးနက်၊ ဝါးဖြူ၊ ဝါးယား၊ သိုက်ဝါး၊ မျက်ဆန်ကျယ်၊ တင်းလယ်မဲ၊ တင်းဝါး၊ တပင်တိုင်ဝါး၊ ဝါးကောက်၊ ဝါးဖယောင်း၊ ကြသောင်းဝါး၊ မြင်ဝါး၊ ထီးရိုးဝါး၊ ကြခတ်ဖို၊ ကြက်ခတ်မ၊ ဝါးမင်း၊ ခဲလံဝါး စသည်တို့ဖြစ်ကြသည်။ 

    ဝါးပင်စိုက်ပျိုးနည်း 

    ခြောက်သွေ့ခြင်းဒဏ်ကိုခံနိုင်သော မျှင်ဝါး၊ သင်းဝါး စသည်တို့ကိုစိုက်ပျိုးမည်ဆိုပါက မိုးနည်းသော ဒေသတွင် မြေနေရာရှာဖွေစိုက်ပျိုးရမည်။ အစိုဓာတ်များများကြိုက်သည့် ဝါဘိုး၊ ဝါးဘိုးမျက်ဆံ ကျယ်၊ တပင်တိုင်ဝါး စသည့်ဝါးမျိုးများအတွက် မိုးများသည့်ဒေသတွင် စိုက်ပျိုးရမည်။ ဒေသခံဝါးမျိုး စိုက်ပျိုးခြင်းသည် အောင်မြင်ရန် အသေခြာဆုံးဖြစ်သည်။ ဝါးစိုက်ခင်းတည်ထောင်မည့်နေရာအတွက် အနိမ့်၊ အမြင့် အသင့်အတင့်ရှိသောမြေမျက်နှာပြင်ရှိသည့် နေရာများကိုရွေးချယ်ရမည်။ တောင်ကုန်း၊ တောင်စောင်း၊ တောင်အောက်နေရာများကိုရွေးချယ်သင့်ပါသည်။ ရေဝပ်သည့်မြေပြန့်နေရာများကို ရှောင်ကြဉ်ရပါမည်။ နုန်းမြေမျိုးကိုရွေးချယ်စိုက်ပျိုးပါက အထူးကောင်းမွန်ပါသည်။ ဝါးစိုက်ပျိုးရာတွင် လက်တွေ့အသုံးပြုနိုင်သော ဝါးမျိုးပွားခြင်းငါးမျိုးရှိပါသည်။ ၎င်းတို့မှာ အစေ့ဖြင့်မျိုးပွားခြင်း၊ ဝါးအမြစ်ဆုံကိုအသုံးပြု၍ မျိုးပွားခြင်း၊ ဝါးကိုင်းတက်ဖြင့် မျိုးပွားခြင်း၊ ဝါးအဆစ်များမှ မျိုးပွားခြင်းနှင့် ဝါးကိုင်းတက်မြေထုပ်စည်းမျိုးပွားခြင်းတို့ဖြစ်သည်။ 

    ဝါးကိုဘယ်နေရာတွေမှာ အသုံးပြုကြသလဲ..... 

    ဝါးပေါက်ရောက်ရာဒေသရှိ လူအများသည် ဝါးကိုအမျိုးမျိုးအသုံးပြုကြသည်။ ဝါးကို အိမ်တိုင်များ အဖြစ်အသုံးပြု၍ ၎င်းဝါးကိုပင် ခြမ်းပြီးလျှင် အခင်းအဖြစ်လည်းအသုံးပြုကြသည်။ ထို့ပြင် အိမ်၏ အမိုးနှင့်အကာများအဖြစ်လည်း ဝါးကိုရက်၍အသုံးပြုလေ့ရှိကြသည်။ တချို့ဝါးကြီးများ၏ အဆစ်ပိုင်းများကို ချက်ပြုတ်ရန်အိုးအဖြစ် အသုံးပြုလေ့ရှိကြသည်။ လေးနှင့်မျှားများကိုလည်း ဝါးဖြင့်ပင်ပြုလုပ်ကြသည်။ လိုက်ကာများ၊ ကစားစရာများ၊ ကိရိယာတန်ဆာပလာများနှင့် တခြား လူ့အသုံးအဆောင်များကိုလည်း ဝါးဖြင့်ပင်ပြုလုပ်ကြလေသည်။ ယပ်တောင်များ၊ လမ်းလျှောက် တုတ်များ နှင့် ငါးမျှားတံများအဖြစ်လည်း ဝါးကိုအသုံးပြုကြသည်။ ရေတန်လျှောက်အဖြစ်လည်း ဝါးကို ခြမ်း၍အသုံးပြုလေ့ရှိကြသည်။ တံတားများပြုလုပ်ရာတွင်လည်း ဝါးကိုအသုံးပြုလေ့ရှိကြသည်။ ငှက်လှောင်အိမ်၊ ဖျာ၊ ကုလားထိုင်၊ အိပ်ရာနှင့် ပုခက်များကို ဝါးဖြင့်ပင်ပြုလုပ်လေ့ရှိကြသည်။ ဝါး၏ အတွင်းသားကိုထုပြီးလျှင် စက္ကူအမျိုးမျိုးပြုလုပ်နိုင်ရန် ပျော့ဖတ်အဖြစ် အသုံးပြုကြသည်။ 

    မြန်မာနိုင်ငံတွင် အိမ်တစ်ဆောင်လုံးကို ဝါးဖြင့်ဆောက်လုပ်နိုင်သည့်အပြင် ထမင်းအိုးမွှေသည့် ယောက်မကိုလည်း ဝါးဖြင့်ပင်ပြုလုပ်လေ့ရှိကြသည်။ ထမင်းအိုး၊ ဟင်းအိုးများတင်ရန် ကရွတ်များကို လည်း ဝါးဖြင့်ပင်ပြုလုပ်ကြလေသည်။ ဆန်ထည့်စရာနှင့် ဆန်ပြာစရာ ဗန်း၊ ထမင်းထည့်စရာ ပလုံး၊ အမဲခြောက်လှန်းသောတံစို့၊ မီးမှုတ်သည့်မီးပြောင်းနှင့် ဈေးဝယ်ရန်လက်ဆွဲခြင်းတို့ကိုလည်း ဝါးဖြင့်ပင် ပြုလုပ်လေ့ရှိကြသည်။ ကောက်ညှင်းထုပ်များကို ဝါးပိုးရွက်များဖြင့်ထုပ်လေ့ရှိကြသည်။ အိမ်သုံး ပစ္စည်းများဖြစ်သော ကွမ်းအစ်၊ ရေခွက်၊ ယွန်းချိုင့်၊ ကျောက်ကာနှင့် တခြားယွန်းထည် ပစ္စည်းများကိုလည်း ဝါးဖြင့်ပင်ပြုလုပ်ကြလေသည်။ ခြံစည်းရိုးကာရာတွင်လည်း ဝါးကိုအသုံးပြုနိုင် လေသည်။ အလှကိုင်တုတ်၊ ဝါးဆေးတံ၊ ဝါးဦးထုပ်၊ ဝါးခမောက်၊ ဝါးရေကျည်တောက်နှင့် ကြိုးတို့ကိုလည်း ဝါးဖြင့်ပြုလုပ်နိုင်လေသည်။ လှည်းပေါင်းမိုးပြုလုပ်ရာတွင်လည်း ဝါးကိုပင် အသုံးချလေ့ရှိကြသည်။ လှေများတွင် လှေထိုးသားများအသုံးပြုလေ့ရှိကြသော လှေထိုးဝါးများသည် ဝါးများပင်ဖြစ်လေသည်။ နှစ်ဖက်ချွန်ဝါး၊ လေးနှင့်မြား၊ လောက်စာလုံးနှင့်ပစ်ရသော တစ်ပင်တိုင်နှင့် နှစ်ပင်တိုင်ကိုင်းလေးမှာလည်း ဝါးနှင့်ပင်ပြုလုပ်ထားခြင်းဖြစ်သည်။ မီးသတ်ရန် မီးကပ်၊ ဝါးရင်းတုတ် နှင့် ရွာစည်းရိုးပတ်လည်တွင် ထောင်လိုက်စိုက်လေ့ရှိကြသော ဝါးစူးကြီးများသည်လည်း ဝါးများပင် ဖြစ်သည်။ တံငါ၊ အင်းသမားနှင့် ပိုက်သမားများအသုံးပြုကြသော မြှုံး၊ ယင်းတန်း၊ ငါးအုပ်ဆောင်းနှင့် မုန့်ဟင်းခါးသည်၊ အညာဆီသည်၊ မုန့်လက်ဆောင်သည်၊ ရေထမ်းသမားနှင့် တခြားအထမ်းသမားများ အတွက် ပခုံးသက်သာစေသောထမ်းပိုးမှာလည်း ဝါးဖြစ်ပြုလုပ်သောပစ္စည်းများ ဖြစ်သည်။ ဂီတဘက် တွင် အသုံးပြုသော ပုလွေ၊ ပတ္တလားနှင့် ဝါးလက်ခုပ်တို့သည် ဝါးနှင့်မကင်းကြချေ။ တောင်ဝှေးနှင့် ချိုင်းထောက်တို့ကိုလည်း ဝါးဖြင့်ပြုလုပ်ခြင်းပင်ဖြစ်သည်။ 

    အလှူမဏ္ဍပ်၊ မင်္ဂလာဆောင် မဏ္ဍပ်၊ အစည်းအဝေးညီလာခံမဏ္ဍပ်၊ ပွဲရုံ၊ ဇာတ်ရုံ၊ ပြပွဲရုံ စသည့် ယာယီအဆောက်အအုံများကိုလည်း ဝါးဖြင့်ဆောက်လုပ်ကြသည်။ ဘုရားပုထိုး တိုက်တာ၊ အုတ် အင်္ဂတေတို့ဖြင့် ဆောက်လုပ်သော အဆောက်အအုံများတည်ဆောက်ရေးနှင့် ဘုရားကို ရွှေသင်္ကန်း ကပ်လှူသည့်ကိစ္စများအတွက် ငြမ်းဆင်ကြရာတွင်လည်း ဝါးကိုပင်အသုံးပြုကြလေသည်။ 

    ဖရဲ၊ ဖရုံ၊ ဘူး၊ သခွား၊ ပဲ စသောအပင်မျိုးတို့စိုက်ပျိုးသည့်စင်များသည် ဝါးတိုင်များကိုစိုက်ထူပြီးလျှင် ဝါးခြမ်းများဖြင့် ကွက်ကျားရက်ထားသော ဝါးကပ်များတင်ထားသည့်စင်များဖြစ်ကြသည်။ စပါးများကို လှေ့ကြရာတွင်လည်း ဝါးစင်များဖြင့်ပင်လှေ့လေ့ရှိကြလေသည်။ တောင်သူလယ်သမားသုံး ပလိုင်း၊ ရိုင်ပတ်၊ ပုတ် စသည်တို့ကို ဝါးဖြင့်ပြုလုပ်ထားကြသည်။ လယ်တောများတွင် ဆောက်လုပ်ထားလေ့ ရှိကြသော နွားတင်းကုပ်နှင့် ကနားဖျင်းတို့ကိုလည်း ဝါးဖြင့်ပင်ဆောက်လုပ်ထားကြလေသည်။ ဝါးကွပ်ပြစ်များကိုလည်း မြန်မာများလွန်စွာကြိုက်နှစ်သက်ကြလေသည်။ ရေတွင်း၊ ရေကန်များမှ ရေများကိုခပ်ယူသုံးစွဲရာတွင် ဝါးမောင်းတက်များကိုအသုံးပြုလေ့ရှိကြသည်။ အိမ်တော် ရာထီး၊ ပုသိမ်ထီး နှင့် ငါးမျှားတံများကို ဝါးဖြင့်ပြုလုပ်ကြသည်။ ရဟန်းသံဃာများအတွက် ကနုတံကိုလည်း ဝါးဖြင့်ပြုလုပ်ကြလေသည်။ 

    လက်မှုပစ္စည်းများပြုလုပ်ရန်အတွက် ဝါးများတာရှည်ခံရန် နည်းစနစ်များ 

    ဝါးများတာရှည်ခံရန်အတွက် မိရိုးဖလာနည်း(၃)နည်းရှိပါသည်။ ကြပ်ခိုးတိုက်ခြင်း၊ ရေစိမ်ခြင်း၊ ပြုတ်ခြင်းတို့ဖြစ်ပါသည်။ ယခုအခါ ဝါးဖြင့်ပြုလုပ်ထားသောလက်မှုထည်များ မြန်ဆန်စွာ ထုတ်လုပ်နိုင်ရန်အတွက် ဝါးတစ်ပိဿာ၊ ကျောက်ချဉ်(၁)ကျပ်သား၊ ဆား(၃)ကျပ်သားထည့်၍ ရေပွက်ပွက်ဆူတွင် ထည့်၍ပြုတ်ကြပါသည်။ အဆောက်အဦဆောက်လုပ်ရန်နှင့် လုပ်ငန်းသုံးရန် အတွက် ဝါးများခုတ်ယူရာတွင်လပြည့်နေ့နှင့် ဒီရေတက်ချိန်တို့၌ခုတ်ယူသုံးစွဲ ပါက လ၏ဆွဲအားကြောင့် မြေကြီးအတွင်းမှ ရေများအထက်သို့ မြင့်တက်လာကြပါသည်။ ဝါးအတွင်းရှိ ကစီဓာတ် (ခေါ်) အချိုဓာတ်များ အပေါ်သို့မြင့်တက်လာမှုကြောင့် မှိုနှင့်ဝါးပိုးတို့၏အန္တရာယ်မှာအများဆုံးဖြစ်ပါသည်။ မိုး အကုန်၊ ဆောင်းအကူး တန်ဆောင်မုန်းလတွင် ဝါးများခုတ်ပါက မှိုနှင့်ဝါးပိုးများကင်းစင်နိုင်ကြောင်း သိရပါသည်။ ထို့ပြင် နေမထွက်ခင် နံနက်စောစော ခုတ်သောဝါးများသည် ဝါးပိုးလွတ်ကင်းနိုင်ပါသည်။ 

    ဝါးနှင့်ပတ်သက်၍ ထွက်ရှိသည့်နိုင်ငံများမှလည်း အိန္ဒိယနိုင်ငံကမူ ဝါးကို ဆင်းရဲသားများအတွက် သစ်ဟုလည်းကောင်း၊ တရုတ်နိုင်ငံမှ လူသားများအတွက် မိတ်ဆွေဟုလည်းကောင်း၊ ဗီယက်နမ် နိုင်ငံကမူ မိတ်ဆွေဟုလည်းကောင်း၊ ထိုင်းနိုင်ငံကမူ ပြုလွယ်၊ ပြင်လွယ်ပြီး ခိုင်ခံမှုရှိသောအရာဟု လည်းကောင်း တင်စားခေါ်ဝေါ်ကြပြီး နှစ်စဉ် စက်တင်ဘာလ (၁၈)ရက်နေ့ကို ကမ္ဘာ့ဝါးပင်များနေ့အဖြစ် သတ်မှတ်ကြပြီး ဝါးမှထွက်ရှိသော ထုတ်လုပ်ထားသည့်လက်မှုပစ္စည်းများကို ထို့နေ့တွင် တခမ်းတနား ဖော်ပြရောင်းချလေ့ရှိကြောင်း ဗဟုသုတအနေဖြင့်ဖော်ပြလိုက်ရပါသည်။ 

    အောင်ဇော်မိုး(သုတေသနပညာရှင်)- သစ်အစားထိုးနိုင်သည့်ရွှေစိမ်း ဆောင်းပါးမှ ကူးယူဖော်ပြသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
6
comments
0
views
3281
cover
cover
cover
cover
cover