ဒေသမျိုးရင်းဖြစ်သည့် ဘားအံကြွေပန်းမျိုးစိတ်သစ်ကို မြန်မာနိုင်ငံတွင် ထပ်မံတွေ့ရှိ
- အဆိုပါ ကြွေပန်းမျိုးစိတ်သစ်ကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ်ရှိ အပင်မျိုးစုံမျိုးကွဲများကိုလေ့လာသူ ကိုချစ်စိုးပိုင်ထံမှ အပင်မျိုးစိတ်သစ်၏အချက်အလက်များကို စုဆောင်းရရှိခဲ့ ကြောင်း သုတေသနစာတမ်း ရေးသားခဲ့သူတစ်ဦးဖြစ်သည့် NSCI အဖွဲ့မှ မမြဘုန်းမော်က ပြောသည်။ - " ထုံးကျောက်တောင်တွေမှာသာ တွေ့ရှိနိုင်တဲ့ အမျိုးအစားဖြစ်တာကြောင့် ယခုလောလောဆယ် ကရင်ပြည်နယ်မှာပဲ တွေ့နိုင်ဦးမယ့် မြန်မာ့မျိုးရင်တစ်မျိုးဖြစ်ပါတယ်၊ နယ်နိမိတ်နီးစပ်ပြီး ပတ်ဝန်းကျင် သဘာဝအနေအထား ဆင်တူတဲ့ ထိုင်းနိုင်ငံဘက် အခြမ်းက နေရာတချို့မှာလည်း တွေ့ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ် " ဟု မမြဘုန်းမော်က ပြောသည်။ - အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များကို အမည်ပေးရာ၌ အခြားမျိုးစိတ်များနှင့် ကွဲပြားသည့် သရုပ်လက္ခဏာကို အစွဲပြုပြီးပေးခြင်း၊ တွေ့ရှိရာဒေသကို အစွဲပြုပြီးပေးခြင်းတို့ကို အများဆုံးပြု လုပ်လေ့ရှိပြီး ယခုတွေ့ရှိခဲ့သည့် ကြွေပန်းမျိုးစိတ်သစ်ကိုလည်း စတင်တွေ့ရှိခဲ့သည့် ဘားအံဒေသကို အစွဲပြုကာ ဘားအံ ကြွေပန်း (Begonia hpaanensis M.B.Maw & Paing )ဟု အမည်ပေးခဲ့ကြောင်း မမြဘုန်းမော် က ဆက်လက်ရှင်းပြသည်။ - ဘားအံကြွေပန်းမျိုးစိတ်သည် ကရင်ပြည်နယ်ရှိ အခြား ကြွေပန်းမျိုးစိတ်များနှင့်မတူဘဲ ကျောက်ကြို ကျောက်ကြားများတွင် ထောင်မတ်၍ အပင်ပေါက်လေ့ရှိပြီး အမြစ်တွင် ဥပါဝင်သည့် အမျိုးအစားဖြစ် ကာ ရွက်လွှဲထွက်သည့် အရွက်လေးများသည် ၎င်း၏ ထူးခြားချက်ဖြစ်ကြောင်းသိရသည်။ - ၂၀၂၄ခုနှစ်တွင် စတင်တွေ့ရှိပြီးနောက် လိုအပ်သည့် ဓာတ်ပုံမှတ်တမ်း၊ နမူနာများကို စုဆောင်းခဲ့ပြီး မျိုးစိတ်သစ်ဖြစ်ကြောင်းအတည်ပြုခဲ့ကာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘားအံ ကြွေပန်းမျိုးစိတ် အကြောင်းစာတမ်းကို စတင်ရေးသားခဲ့ပြီး စာတမ်းထွက်ရှိနိုင်ရန်အတွက် ၆လကျော်ကြာမြင့် ခဲ့ကြောင်း လည်း သိရသည်။ - ယင်းစာတမ်းတွင် ဘားအံကြွေပန်းမျိုးစိတ်သစ်နှင့် ထိုင်းနိုင်ငံတွင် စတင်တွေ့ရှိမှတ်တမ်းတင်ခဲ့သည့် B. saxifragifolia Craib (sect. Diploclinium (Lindl.) A.DC.) နှင့် B. phutthaii M.Hughes (sect. Apterobegonia Warb.)မျိုးစိတ်နှစ်မျိုးကို မြန်မာနိုင်ငံရှိ ကရင်ပြည်နယ်တွင်လည်း တွေ့ရှိရကြောင်း မှတ်တမ်းသစ်အနေဖြင့် ဖော်ပြထားသည်။ - " မျိုးစိတ်အသစ်တွေ ရှာဖွေတွေ့ရှိ မှတ်တမ်းတင်ခြင်းက မြန်မာ့ဇီဝမျိုးစုံမိုးကွဲတွေအတွက် ကနဦးအရေးတကြီးလိုအပ်နေတဲ့ လုပ်ဆောင်ရမယ့် အခြေခံလုပ်ငန်းစဉ်ဖြစ်ပါတယ်၊ ဘားအံကြွေပန်းက ခရီးသွားလာရောက်မှုများတဲ့ တောင်ဝိုင်းတောင်၊ ဘုရင့်ညီဂူတို့လို နေရာတွေမှာ တွေ့ရှိရတဲ့အတွက် ခရီးသွားတွေအနေနဲ့လည်း ပတ်ဝန်းကျင်မှာရှိတဲ့ အပင်မျိုးစိတ်လေးတွေကို မထိခိုက် စေအောင် သတိထားကြတာမျိုးတွေနဲ့လည်း ကာကွယ်ပေးလို့ရပါတယ် " ဟု မမြဘုန်းမော်က ဆိုသည်။ - မျိုးစိတ်သစ်များ တွေ့ရှိသည့် မှတ်တမ်းများသည် အရေးကြီးပြီး အကြောင်းအမျိုးမျိုးကြောင့် မဖော်ထုတ်နိုင်ဘဲ သဘာဝထဲ၌သာ ပျောက်ကွယ်သွားပါက မျိုးစိတ်သစ်များကိုမှီခိုနေရသည့် သဘာဝပတ်ဝန်းကျင်ရှိ အပင်နှင့်တိရစ္ဆာန်မျိုးစိတ်များသည် သဘာဝပတ်ဝန်းကျင်၌ ဟန်ချက်မညီခြင်းပြဿနာများ ကြုံတွေ့နိုင်ကြောင်း NSCI အဖွဲ့မှ ကိုဝင်းပိုင်ဦးက ပြောသည်။ - " လက်ရှိမှာ ရှိနေဆဲဖြစ်တဲ့ အပင်နဲ့တိရစ္ဆာန်မျိုးစိတ်တွေကို သေချာလေးဖော်ထုတ်ဖို့လိုအပ်တယ်၊။ ကိုယ့်နိုင်ငံမှာပဲ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတယ်။ မျိုးသုဥ်းသွားတယ်ဆိုတဲ့အဖြစ်တွေ မရောက်ရအောင် မျိုးစိတ်အသစ်တွေကိုလည်းရှာဖို့လိုတယ်၊ ပြီးတော့ မျိုးစိတ်အသစ်မဟုတ်တဲ့ ရှိပြီးသားမျိုးစိတ်တွေကိုလည်း ထိန်းသိမ်းဖို့လိုတယ် " ဟု ၎င်းက ပြောသည်။ - မျိုးစိတ်သစ်များကို ရှာဖွေမှတ်တမ်းတင်ရာ၌ ဒေသခံပြည်သူလူထုများမှ တက်ကြွစွာ ပူးပေါင်းပါဝင် ကြပြီး သက်ဆိုင်ရာနယ်ပယ်မှ ပညာရှင်များနှင့်ပူးပေါင်းကာ ဒေသအခြေပြု သိပ္ပံနည်းကျသုတေသန ပြုမှုများသည် အလွန်အရေးပါကြောင်းလည်း သိရသည်။ - ထို့ကြောင့် မိမိပတ်ဝန်းကျင်တွင်ရှိသည့်ဇီဝမျိုးစုံမျိုးကွဲများကို သတိထားမှတ်တမ်းယူပြီးနောက် Native Species Conversation and Identification, Myanmar (NSCI) Facebook Group တွင် လာရောက်တင် ပေးခြင်းအားဖြင့် မြန်မာ့ဇီဝမျိုးစုံမျိုးကွဲများ မှတ်တမ်းတင်ခြင်း၊ စာရင်းပြုသူခြင်းများတွင် ပါဝင်ကူညီနိုင်ကြောင်း NSCIအဖွဲ့ဝင်များက တိုက်တွန်းထားသည်။ - Begonia Resource Center ၏ အချက်အလက်မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ကြွေပန်းမျိုးစိတ် စုစုပေါင်း ၉၅မျိုးအထိ ရှိနေပြီး လက်ရှိတွင် ကွင်းဆင်းလေ့လာနိုင်မှုများ အားနည်းနေသည့်အတွက် အဆိုပါစာရင်းထက် မျိုးစိတ်အရေအတွက်များ ပိုမိုများပြားနိုင်ကြောင်းလည်း သိရသည်။ - ဓာတ်ပုံ - Chit Soe Paing - ပုံစာ - အသစ်ထပ်မံတွေ့ရှိခဲ့သည့် ဒေသရင်းမျိုးစိတ် ဘားအံကြွေပန်းမျိုးစိတ်အားတွေ့ရစဉ် - စာတည်း-ကိုဆန်း - --------- - စိုက်ပျိုးရေးနှင့် ပတ်သတ်တဲ့ အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
