ရှမ်းပြည်နယ် စက်တင်ဘာလ ၁၈ ရက် မှ အောက်တိုဘာ ၂၄ ရက်အထိ မိုးလေဝသအခြေအနေ
- ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ - · အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်တောင်ဘက်အစွန် COMORIN အငူ ပေါ်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် Less-marked LPA အဖြစ်အားလျော့သွားပြီး၊ လေဖိအားနည်းရပ်ဝန်းအသစ်တခုသည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် အောက်တိုဘာလ ၂၄ ရက်နေ့၌ ဖြစ်ပေါ်လာနိုင်ပါတယ်။ (IMD Forecast) - · ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းလေဖိအားနည်းရပ်ဝန်း(ဖိလစ်ပိုင်နိုင်ငံမှပေးသည့်အမည် Phillipine’s Local Name: Tropical Depression RAMIL - နိုင်ငံတကာအမည် TS 29W) သည်၊ ယခုစာရေးချိန်မှ ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်းဖြစ်လာနိုင်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ပြီး တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာနိုင်ပါတယ်။ - · TS-29W သည် တောင်တရုတ်ပင်လယ်အတွင်း အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အောက်တိုဘာလ ၂၃ ရက်နေ့ည တွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ECMWF model မှ ခန့်မှန်းထားပါတယ်။ 29W ၏ မုန်တိုင်းအရှိန်သက်ရောက်မှုသည် အောက်တိုဘာ ၂၇-၂၈ ရက်နေ့များတွင် ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံတို့တွင် ပိုများနိုင်ပြီး မြန်မာနိုင်ငံဘက်သို့ သက်ရောက်မှုနည်းနိုင်ပါမယ်။ - · ဘင်္ဂလားပင်လယ်အော်တွင် အသစ်ဖြစ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းနှင့် ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်နိုင်သည့် မုန်တိုင်းတို့၏ သက်ရောက်မှုကြောင့် အောက်တိုဘာ ၂၇-၂၈ ရက်နေ့များ၌ ဧရာဝတီ-မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများနှင့် ဧရာဝတီအနောက်ဘက်ကမ်းရိုးတန်းဒေသများမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသများမှာ မိုးအနည်းငယ်မှ အသင့်အတင့် နေရာ ကွက်ကြားရွာနိုင်ပါတယ်။ - ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ - · ရှမ်းပြည်နယ်မြောက်ပိုင်းမှ မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်မြို့နယ်/ခရိုင်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုံး မြို့နယ်/ခရိုင်တွေမှာ ၇ ရက် အတွင်းမိုးရွာသွန်းမှုအများဆုံး (၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက် ၄ လက်မအောက်) ရွာသွန်းရရှိနိုင်ပြီး၊ - · ရှမ်းပြည်နယ်တခုလုံးအတွက် ပျမ်းမျှမိုးရွာသွန်းနိုင်ချေ မများပါ၊ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအောက် မိုးအနည်းငယ်မှ အသင့်အတင့်သာ ရွာသွန်းရရှိနိုင်ပါတယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - · ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တခုလုံးမှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၅°C ခန့် ရှိနိုင်ပါတယ်။ အောက်တိုဘာ ၂၄ ရက်နေ့မှာ ညအပူချိန် ကျဆင်းတာ စတင်ဖြစ်လာနိုင်ပါတယ်၊ နေ့အပူချိန်ကတော့ ၂၄ ရက်နေ့အထိ ၃၀°C ဝန်းကျင်မှာ ဆက်ပြီး ရှိနေနိုင်ပါသေးတယ်။ - · ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၅ မိုင်မှ ၁၀ မိုင်ခန့်ရှိနိုင်ပါတယ်။ - · ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၅၀% ဝန်းကျင် ရှိနိုင်ပြီး၊ ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၉၀% မှ ၁၀၀% အထိ ရှိနိုင်ပါတယ်။ - · ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာတော့ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၆၀% မှ ၈၀% ခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၉၀% နဲ့ ၁၀၀% ကြားမှာ ရှိနေနိုင်ပါမယ်။ - · နေ့လည်ပိုင်းလေထုစိုထိုင်းဆမြင့်မားတဲ ဒေသတွေမှာ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၃၅°C ခန့်ရှိနေနိုင်ပါမယ်။ - ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေ ပြီးခဲ့တဲ့ တပါတ်ထက်ပြန်လည်ကျဆင်းလာပြီး ရှမ်းပြည်နယ်တခုလုံးမှာ ယခုတပတ်အတွင်း လေထုညစ်ညမ်းမှုအန္တရာယ် မရှိပါ။ - Win Naing - Administration Team, - MMWEATHER, - ရှမ်းပြည်နယ်အတွင်း မုန်ညင်း/မုန်လာစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - ရှမ်းပြည်နယ်အတွင်း မုန်ညင်း/မုန်လာစိုက်ပျိုးတောင်သူများအနေဖြင့် ဘက်တီးရီးယား ရွက်ပြောက် ရောဂါကျရောက်မှု ကြိုတင်ကာကွယ်ပါ။ ရောဂါလက္ခဏာမှာ အရွက်များပေါ်တွင် သေးငယ်သော အစက် အပျောက်လေးမှ စတင်ကာ တဖြေးဖြေးကြီးလာပြီး ပုံသဏ္ဍန်မမှန်သော အကွက်များဖြစ်လာပြီး ဒေါင်းနီးရွက်ပြောက်ရောဂါနှင့် ဆင်တူပါသည်။ အရွက်များပေါ်တွင် ဆိုးဝါးစွာကျရောက်ပါက အရွက်များကြွေကျသွားတတ်သည်။ - ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - - ရောဂါကင်းသောမျိုးစေ့ရွေးချယ်စိုက်ပျိုးပါ။
- မစိုက်ခင် မျိုးစေ့ကို ရေနွေးစိမ်ပေးပါ။
- မျိုးရင်းမတူညီသောသီးနှံဖြင့် အနည်းဆုံး ၁နှစ် သီးလှည့်စိုက်ပေးပါ။
- ရေဝပ်ခြင်းမှရှောင်ကြဥ်ပါ။
- ပင်ကြွင်းပင်ကျန်များနှင့် ပေါင်မြက်များအားရှင်းလင်းဖယ်ရှားပေးပါ။
 - ဓာတုဆေးသုံးလိုပါက ကော့ပါးပါဝင်သောဆေးများဖြစ်သည့် Copper hydroxide၊ Tri-basic Copper sulphate၊ Copper oxychloride တို့ကို Bismerthiazol နှင့် Kasugamycin တို့ဖြင့် ရောစပ်၍ ပက်ဖျန်းပေးပါ။ - ငါးကန်ရေ အပူချိန်စစ်ဆေးရန် အကြံပြုချက် - ကန်ရေ၏အပူချိန်သည် ရုပ်သွင်ပြောင်းလဲခြင်း၊ အစာစားခြင်း နှင့်မျိုးပွားခြင်းတို့အတွက် အရေးပါသော လုပ်ငန်းစဉ်ဖြစ်ပါသည်။ - ငါးကန်တခု၏ရေအပူချိန်သည် လိုအပ်သောအပူချိန်ထက်လျှော့နည်းနေပါက၊ငါးများ အစားနှုန်းကျဆင်းတတ်ပါသည်။ ပုံမှန်အားဖြင့် ကန်ရေအပူချိန်သည် ၂၄ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ် အတွင်းတွင် အစာစားနှုန်း ကောင်းပါသည်။ သို့သော် ငါးမျိုးစိတ်အလိုက် အစားနှုန်း၏ ကန်ရေအပူချိန်သည် မတူ ညီနိုင်ကြောင်းတွေ့ရှိရပါသည်။ ငါးကြင်း၊ ငါးသိုင်းနှင့် ငါးမြစ်ချင်းငါးများသည် အပူချိန် 13℃မှ 36℃ အတွင်း၊ ရွှေဝါ ငါးကြင်း သည် 0 ℃ မှ 39 ℃ အတွင်းနှင့် တီလားပီးယားငါးသည် 13℃ မှ 39℃ အတွင်းတွင် အကောင်းဆုံးဖြစ်ပါသည်။ - အပူချိန်ကျဆင်းပါက ပျော်ဝင်အောက်စီဂျင်ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ကန်ရေ အပူချိန် မြင့်တက်ပါက ရေမောင်းခြင်း၊ ရေပြန်ချခြင်း နှင့်ရေသွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ - --------- - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
