cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေခဲသေတ္တာထဲတွင် ထည့်မထားသင့်သည့် သီးနှံများနှင့် အစားအစာများ

. စိုက်ပျိုးအသိပညာ
သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များကို လတ်ဆတ်စွာ ခူးဆွတ်ပြီးချက်ပြုတ် စားသုံးခြင်းဟာ သီးနှံများမှာပါဝင်တဲ့ အာဟာရဓာတ်များ ပျက်စီးဆုံးရှုံးမှု နည်းပါးစေကာ ကျန်းမာရေးအတွက် ကောင်းစွာ အထောက်အကူ ပြုနိုင်ကြောင်းကို သိရှိထားကြပြီး ဖြစ်ပါတယ်။
  • သို့သော် လတ်ဆတ်စွာခူးဆွတ်ထားတဲ့ သီးနှံများကို ချက်ချင်းစားသုံးမှု မပြုနိုင်သေးသော် ပျက်စီးဆုံးရှုံးမှုနည်းနိုင်သမျှ နည်းပါးစေရန်သိုလှောင်ထိန်းသိမ်း ထားပြီးမှ စားသုံးနေမှုများလည်း များပြားပါတယ်။ ယနေ့တိုးတက်လာတဲ့ လူနေမှုစနစ်တွင် အစားအစာများကိုလွယ်ယူစွာ ထိန်းသိမ်းထားနိုင်လာပါတယ်။ သီးနှံများ အပါအဝင် အစားအစာများကို ကြာရှည်အထားခံနိုင်စေရန် အပူချိန်နိမ့်နိမ့်မှာသိုလှောင်ထားလေ့ ရှိပါတယ်။ ရေခဲသေတ္တာရဲ့ အအေးခန်းထဲမှာ အသီးအနှံများနဲ့ တချို့သော အစားအစာများကို သိုလှောင်ထားကြသကဲ့သို့ ရေခဲခန်းထဲတွင်လည်း အသား၊ ငါးများကို အဓိက သိုလှောင်ထားလေ့ ရှိပါတယ်။

    တချို့သော ပြုပြင်ချက်ပြုတ်ပြီး အစားအစာများကိုလည်း ထည့်သွင်း သိမ်းဆည်းထားလေ့ ရှိကြပါတယ်။ ရေခဲသေတ္တာဟာ အစားအစာများ ကြာရှည်သိမ်းဆည်းသိုလှောင်ရန်များစွာ အသုံးကြ၊ အားထားနေကြတာကိုလည်း တွေ့ရပါတယ်။ အိမ်ရှင်မအများစုဟာ သား၊ ငါးနဲ့ သီးနှံများအပါအဝင် အစားအစာများကိုငါးရက်မှ တစ်ပတ်စာအတွက် စားသုံးနိုင်မယ့်ပမာဏကို ဝယ်ယူပြီးနောက် သန့်စင်ပြုပြင်ပေးကာ ရေခဲသေတ္တာထဲမှာ သိုလှောင်သိမ်းဆည်းထားလေ့ ရှိကြပါတယ်။ သို့အတွက် အရွယ်ကြီးမားတဲ့ ရေခဲသေတ္တာများကို လူကြိုက်များလာကြောင်း တွေ့ရပါတယ်။ သို့သော်သီးနှံအားလုံးနဲ့ အစားအစာအားလုံးကို ရေခဲသေတ္တာထဲ မထားသင့်ပါ။

    တချို့သော အစားအစာများကို ရေခဲသေတ္တာတွင် ထည့်သွင်းသိုလှောင် ထားခြင်းဖြင့် အနံ့အရသာများ ပြောင်းလဲသွားတတ်ပါတယ်။အစားအစာများရဲ့ အရည်အသွေးများလည်း ကျဆင်းလာနိုင်သကဲ့သို့ တချို့အစားအစာများမှာ လျင်မြန်စွာ မှိုတက်ပျက်စီးသွားစေမှုများကိုလည်း ဖြစ်စေနိုင်ပါတယ်။ ရေခဲသေတ္တာထဲ သိုလှောင်ထားခြင်းဖြင့် အစားအစာများ ကြာရှည်ခံမှာ ဖြစ်သော်လည်း၊ အောက်ပါသီးနှံများနဲ့ အစားအစာများကိုမူ ကြာရှည်စွာ ထည့်သွင်းမထားသင့်ကြောင်း သုတေသီများမှ သုံးသပ်ထားပါတယ်။

    ၁။ ခရမ်းချဉ်သီး

    ခရမ်းချဉ်သီးများကို စိမ်းရင့် အဆင့်မှာ စိုက်ခင်းများမှ ခူးဆွတ်သယ်ပို့ သိုလှောင် ရောင်းချနေကြပါတယ်။ လက်လီဈေးကွက်ကို ရောက်လာတဲ့ ခရမ်းချဉ်သီးများမှာ အများအားဖြင့် မှည့်လာနေပြီဖြစ်တဲ့ အသီးများ ဖြစ်ကြပါတယ်။ မြန်မာ အိမ်ရှင်မများဟာ ဝယ်ယူလာတဲ့ခရမ်းချဉ်သီးများကို ကြာရှည်အထားခံစေရန် ရေခဲသေတ္တာထဲ သိုလှောင်သိမ်းဆည်းထားလေ့ ရှိကြပါတယ်။ မြန်မာအများစုဟာ ခရမ်းချဉ်သီးကို အစိမ်းစားသုံးခြင်းထက် မြန်မာဟင်းလျာများမှာ ထည့်သွင်းချက်ပြုတ် စားသုံးကြပါတယ်။ မူလခရမ်းချဉ်သီးရဲ့ မျိုးအလိုက်အနံ့နဲ့ အရသာကို ခံစားမှုမရှိကြတဲ့အတွက် ရေခဲသေတ္တာထဲ ထည့်ထားသည့်တိုင် မြန်မာ အစားအစာများကို စားသုံးသူများအတွက်ထူးခြားမှုမရှိပါ။ သို့သော် ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ ထည့်ထားခြင်းဖြင့် ကြာရှည်အထားခံသော်လည်း အနံ့၊ အရသာ ပျက်စီးသွားစေပါတယ်။ အေးနေတဲ့လေနဲ့ ထိတွေ့မှုကြောင့် ခရမ်းချဉ်သီးရဲ့ အသားနူးညံ့စေမှုကို ထိခိုက်စေပါတယ်။ အသီး အတွင်းသားရဲ့ အမြှေးပါးများကို ထိခိုက် ပျက်စီးစေကာ ပျော့လာစေပါတယ်။ ထို့ကြောင့် ခရမ်းချဉ်သီးရဲ့ အနံ့နဲ့ အရသာ ပျက်စီးမှုနည်းစေရန် သမားရိုးကျနည်းဖြစ်တဲ့ ဆံခါခြင်းများထဲတွင် ထည့်သွင်းသိမ်းဆည်း ထားသင့်ပါတယ်။          

    ၂။ ပင်စိမ်းရွက်

    ပင်စိမ်းပင် (ပင်စိမ်းရွက်) များကို ရေခဲသေတ္တာထဲတွင် ထားခြင်းဖြင့် ပတ်ဝန်းကျင်ရှိ အစားအစာများရဲ့ အနံ့များကို ပင်စိမ်းရွက်များက စုပ်ယူကြပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ ပြည်တွင်းရှိ ရနံ့စူးရှတဲ့ မြန်မာပင်စိမ်းမျိုးများအပြင် ပြည်ပမှတင်သွင်းတဲ့ ရနံ့မွှေးတဲ့ ပင်စိမ်းချိုများကိုလည်း အသုံးပြုနေကြပါပြီ။ ပင်စိမ်းပင်များကို ရက်အနည်းငယ် ကြာရှည်အထား ခံနိုင်စေရန်အတွက် ပင်စိမ်းပင်များရဲ့ အမြစ်၊ ပင်စည်ပိုင်းကို ရေခွက်ထဲမှာ ထည့်ထောင်ထားသင့်ပါတယ်။

    ၃။ အာလူး

    အားလူးဥများကို အေးမြတဲ့နေရာမှာ ထားရန်ဖြစ်သော်လည်း လွဲမှားစွာ အပူချိန်နိမ့်ပြီး အေးနေတဲ့နေရာမှာ ထားနေကြပါတယ်။ အာလူးဥများကို အပူချိန်နိမ့်နေတဲ့ အေးနေတဲ့နေရာမှာ ထားခြင်းဖြင့် ကစီဓာတ်မှ သကြားဓာတ်သို့ လျင်မြန်စွာ ပြောင်းသွားစေပါတယ်။ အာလူးဥများကို ရေခဲသေတ္တာထဲမထားဘဲ စက္ကူအိတ်တွင်ထည့်ကာ အေးမြပြီး မှောင်နေတဲ့နေရာမှာ ထားပေးရန်ဖြစ်ပါတယ်။ ပလတ်စတစ်အိတ်တွင် မထည့်ထားသင့်ပါ။ စက္ကူအိတ်ကို သုံးခြင်းဖြင့် လေဝင်ထွက်မှု ကောင်းမွန်စေကာ အာလူးဥများပျက်စီးစေမှုကို နှေးကွေးစေပါတယ်။

    ၄။ ကြက်သွန်ဖြူ

    မြန်မာ အိမ်ရှင်မများဟာ ကြက်သွန်ဖြူဥများကိုမူ ရေခဲသေတ္တာတွင် မထည့်ထားကြပါ။ ကြက်သွန်ဖြူဥကို ရေခဲသေတ္တာထဲထားပါက အပင်ငယ်ပေါက် (အညှောက်) လာစေကာ၊ မှိုများလည်း ကျရောက်လာစေနိုင်ပါတယ်။ ကြက်သွန်ဖြူကိုလည်း အေးမြပြီး အမှောင်ကျတဲ့နေရာမှာထားပေးရန် ဖြစ်ပါတယ်။

    ၅။ ကြက်သွန်နီ

    ကြက်သွန်နီ ဥများကိုလည်း ရေခဲသေတ္တာထဲ မထားကြပါ။ သမားရိုးကျနည်းဖြစ်တဲ့ အေးမြခြောက်သွေ့ပြီး အမှောင်ကျတဲ့နေရာ၊ လေဝင်ထွက်မှုကောင်းစေနိုင်တဲ့ နေရာမှာ ထားရန်ဖြစ်ပါတယ်။ ကြက်သွန်နီ ဥများကို ရေခဲသေတ္တာထဲထားပါက ပျော့လာကာ မှိုများကျရောက်စေပါတယ်။ သို့သော် ကြက်သွန်နီဥများကို အာလူးဥများနဲ့ အတူ မထားသင့်ပါ။ အတူထားပါက ကြက်သွန်နီရော အာလူးများပါ လျင်မြန်စွာပုပ်သွားစေတတ်ပါတယ်။

    ၆။ ထောပတ်သီး

    ထောပတ်သီးများကိုလည်း ရေခဲသေတ္တာထဲ မထားသင့်ပါ။ ထောပတ်သီးများဟာ အပင်ပေါ်မှာရှိနေစဉ် မှည့်မသွားကြပါ။ အသီးရင့်များကိုအပင်မှ ခူးဆွတ်ပြီး နောက်မှသာ မှည့်လာလေ့ရှိကြပါတယ်။ ဈေးမှဝယ်ယူထားတဲ့ ထောပတ်သီးဟာ မမှည့်သေးပါက ရေခဲသေတ္တာထဲထားသော် မှည့်မလာနိုင်ဘဲ ကြာရှည်အထားခံစေမှာ ဖြစ်ပါတယ်။ သို့သော် မှည့်နေပြီးဖြစ်တဲ့ ထောပတ်သီးများကို ချက်ခြင်းစားသုံးခြင်းမပြုသေးပါက ရေခဲသေတ္တာထဲ ထားပေးခြင်းဖြင့် ကြာရှည်ခံနိုင်မှာ ဖြစ်ပါတယ်။

    ၇။ လိမ္မော်၊ သံပရာနဲ့ သံပုရိုသီးများ

    လိမ္မော်သီး၊ သံပရာသီးနဲ့ သံပရိုသီးများကိုလည်း ရေခဲသေတ္တာထဲ မထားသင့်ပါ။ အေးမြတဲ့လေက အသီးများရဲ့အရည်အသွေးကိုကျဆင်းသွားစေနိုင်ပါတယ်။ ထိုအသီးများကို သာမန်အခန်းအပူချိန်ထဲမှာသာ ထားသင့်ပါတယ်။ အသီးများကိုထားရာတွင် အသီးများ ထိကပ်မနေစေရန် အိတ်များတွင် ချောင်ချိစွာ ထည့်သွင်းပေးထားရန် လိုပါတယ်။ အသီးများ ပူးကပ်နေပါက မှိုကျရောက်ပျက်စီးစေနိုင်ပါတယ်။     

    ၈။ သံလွင်ဆီ

    သံလွင်ဆီကိုလည်း ရေခဲသေတ္တာတွင် မထားသင့်ပါ။ ရေခဲသေတ္တာတွင် ထည့်ထားပါက ဆီခဲသွားစေကာ ထောပတ်ကဲ့သို့ မာသွားစေပါတယ်။ သို့အတွက် သံလွင်ဆီများကို အေးမြပြီး အမှောင်ကျတဲ့ နေရာမှာသာ ထားပေးရန်ဖြစ်ပါတယ်။   

     ၉။ ပေါင်မုန့်

    ပလတ်စတစ်နဲ့ ထုပ်ထားတဲ့ ပေါင်မုန့်များကို ရေခဲသေတ္တာထဲမှာ ထည့်ထားလေ့ ရှိကြပါတယ်။ ပလတ်စတစ် မပါပါက ပေါင်မုန့်များကို ရေခဲသေတ္တာထဲမထားသင့်ပါ။ပေါင်မုန့်များလျင်မြန်စွာခြောက်သွေ့သွားစေနိုင်ပါတယ်။ ရက်ကြာထားရန် လိုအပ်ပါက ပေါင်မုန့်မှာရှိနေတဲ့အစိုဓာတ်ကို ထိန်းထားစေနိုင်ရန် ပလတ်စတစ်စများနဲ့ လုံခြုံစွာထုပ်ပိုးကာ ရေခဲခန်းတွင် ထည့်သွင်းပေးထားသင့်ပါတယ်။ စားသုံးရန် ပြန်လည်ထုတ်ယူပြီးနောက် ရေခဲများပျော်လာသည် ထိထားပေးရန် လိုမှာဖြစ်ပါတယ်။

    ၁၀။ ကော်ဖီ

    ကော်ဖီမှုန့် များကိုလည်း ရေခဲသေတ္တာတွင် ထည့်မထားသင့်ပါ။ ကော်ဖီရဲ့ အနံ့အရသာ ဆုံးရှုံးသွားစေနိုင်ပါတယ်။ ပင်စိမ်းပင်ကဲ့သို့ပင်ကော်ဖီမှုန့်များမှ အနည်းပတ်ဝန်းကျင်ရှိ အစားအစာများရဲ့အနံ့များကို စုပ်ယူမှာဖြစ်ပါတယ်။ ကော်ဖီမှုန့် ပုလင်းများ၊ ဘူးများကို ကောင်းစွာလုံခြုံနေစေရန် တင်းကျပ်စွာပိတ်ပေးပြီး သာမန်အခန်းတွင်း အပူချိန်မှာ ထားပေးနိုင်ပါတယ်။

    ၁၁။ ပျားရည်

    ပျားရည်ကိုလည်း ရေခဲသေတ္တာထဲ မထားသင့်ပါ။ ထားခဲ့ပါက အခဲငယ်များ ဖြစ်သွားစေပါတယ်။ ပျားရည်ဟာ သာမန် အခန်းအပူချိန်မှာထားသော်လည်း ကြာရှည်အထားခံပါတယ်။

    ၁၂။ အချဉ်တည်ထားတဲ့ အစားအစာများ(ချဉ်ဖတ်များ)

    အချဉ်တည်ထားတဲ့ အစားအစာများတွင် အများအားဖြင့် ရှာလကာရည်ကို ထည့်သွင်းအသုံးပြုထားကြပါတယ်။ ရေခဲသေတ္တာထဲမထားသင့်ပါ။ သာမန်အခန်းတွင်း အပူချိန်မှာထားပြီး စားသုံးပါက ကြွပ်ဆတ်တဲ့အရသာ ပိုရရှိစေနိုင်ပါတယ်။ သို့သော် အချဉ်များကို အေးနေစေလိုပါက ရေခဲသေတ္တာ တံခါးရှိ နေရာများမှာသာ ထားသင့်ပါတယ်။   

    ၁၃။ ဟင်းခတ် အမွှေးအကြိုင် အပင်များ

    ဟင်းခတ် အမွှေးအကြိုင် အပင်များ၊ အရွက်များကိုလည်း ရေခဲသေတ္တာတွင် ထည့်မထားသင့်ပါ။ ရေခဲသေတ္တာတွင် ထားပါက အအေးဓာတ်ကြောင့် အပင်များမှာ ပါဝင်တဲ့ အမွှေးရနံ့များ လျော့နည်းပျောက်ဆုံး သွားစေနိုင်ပါတယ်။ သာမန်အခန်း အပူချိန်မှာ ရေတွင်အကိုင်းများကို နှစ်ပေးထားခြင်း၊ ရေထည့်ထားတဲ့ ခွက်များပေါ်တွင် တန်းဖြင့် တင်ထားခြင်းများ ပြုလုပ်ပေးထားနိုင်ပါတယ်။

    ၁၄။ အသီးအရွက်များတွင် ရောနှောပေးသည့် အစားအစာများ

    အသီး၊ အရွက်များကို လတ်ဆတ်စွာ အစိမ်းစားသုံးရာတွင် အနံ့၊ အရသာများ ထူးခြားကောင်းမွန်စေရန် ရောနှောပေးတဲ့ အစားအစာများတွင် ရှာလကာရည် မပါပါက ရေခဲသေတ္တာတွင် ထည့်သွင်းထားနိုင်ပါတယ်။ ရှာလကာရှည်ပါဝင်နေပါက အခန်းတွင်း အပူချိန်မှာသာထားသင့်ပါတယ်။ သို့သော် နို့၊ မယ်ရိုနေ့၊ ဒိန်ချဉ် စသည်တို့ ပါဝင်နေသော် ရေခဲသေတ္တာတွင် ထည့်ထားနိုင်ပါတယ်။

    ဒေါက်တာစိန်လှဗိုလ်

    မြန်မာတောင်သူကြီးများဂျာနယ်

    ----------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
6
comments
0
views
1433
cover
cover
cover
cover
cover