cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ထောပတ်သီး နေလောင်ဒဏ်ရာရခြင်းမှ ကာကွယ်ခြင်း

. စိုက်ပျိုးအသိပညာ
ထောပတ်သီးများ နေရောင်ခြည်ပြင်းပြင်းထိခံရလျှင်၊ အပူချိန်မြင့်မားလျှင် ဖြစ်ပေါ်လေ့ရှိသည်၊ အထူးသဖြင့် အပင်၏ အနောက်ဖက် သို့မဟုတ် အနောက်တောင်ဖက်ရှိ အသီးများ၌ ဖြစ်လေ့ရှိပါသည်။
  • မိတ်ဆွေထောပတ်သမားတစ်ဦး၏ စိုက်ခင်း၌ အသီးနေလောင်ခြင်းပြဿနာရှိနေသည်။

    ကျွန်တော်ကလည်း ထိုအကြောင်းအရာကို အလွန်စိတ်ဝင်စားသည်။

    သို့သော် ဒီရက်ပိုင်းအတွင်း ကျွန်တော်လည်း စိတ်ရော ကိုယ်ပါ မအားလပ်သောကြောင့် ယနေ့မှ ဒီအကြောင်းအရာကို ရေးဖြစ်ပါသည်။

    အခုတလော ကျွန်တော့်စိတ်ဝင်စားနေသည်က ထောပတ်သီး၌ နေလောင်ဒဏ်ရာဖြစ်ခြင်း။ ထိုမှတဆင့် အသီးအရည်အသွေးနှင့် အထွက်နှုန်းကျဆင်းခြင်း၊ အသီးများကြွေကျခြင်း။

    ထောပတ်သီးနေလောင်ရသည့်အကြောင်းရင်း

    ----------------------------------------------------------

    အသစ်အဆန်းမဟုတ်၊ ကမ္ဘာ ကမ္ဘေကပင် ဖြစ်လေ့ရှိသည့် ပြဿနာတစ်ခုဖြစ်ပါသည်။

    ထောပတ်သီးများ နေရောင်ခြည်ပြင်းပြင်းထိခံရလျှင်၊ အပူချိန်မြင့်မားလျှင် ဖြစ်ပေါ်လေ့ရှိသည်၊ အထူးသဖြင့် အပင်၏ အနောက်ဖက် သို့မဟုတ် အနောက်တောင်ဖက်ရှိ အသီးများ၌ ဖြစ်လေ့ရှိပါသည်။

    အပင်အုံ့ဆိုင်းမှုအားနည်းခြင်း၊ နေရောင်ပြင်းထန်ခြင်းနှင့် အပူချိန်မြင့်မားခြင်း၊ အသီးနုများ၌ အပေါ်ယံ ဖယောင်းလွှာမရှိခြင်း၊ အရောင်ရင့်သောထောပတ်မျိုးများ၌ အပူစုပ်ယူမှုမြင့်မားသောကြောင့် နေလောင်တတ်ပါသည်။

    ထောပတ်သီးမျက်နှာပြင်၌အပူချိန် ၄၀-၄၅ ဒီကရီဆဲစီးယက်ထိ အပူချိန်တက်လာပါက အသီးလောင်ခြင်း ဖြစ်ပေါ်တော့မည်ဖြစ်သည်။

    နေရောင်ခြည်သည် အသီးမျက်နှာပြင်၏ အပူကို တက်စေပြီး၊ အသီးခွံရှိဆဲလ်များနှင့် တစ်သျှူးများကို သေစေသည်/ မီးပြင်းတိုက်ပစ်လိုက်သကဲ့သို့ ဖြစ်သည်။

    အသီးခွံ၌ အဝါရောင်၊ ဝါညိုရောင် သို့မဟုတ် ကြေးနီရောင် စတင်ဖြစ်ပေါ်သည်။ ထိုမှတဆင့် ပိုမိုဆိုးရွားပါက သားရည်သားလို မာလာ၍ ညိုမည်းလာပြီး၊ အက်ကွဲလာသည်။ အထူးသဖြင့် နေရောင်ခြည်တိုက်ရိုက်ထိသည့် အသီးပခုံးသားတွင် ဖြစ်ပေါ်လေ့ရှိပါသည်။

    တချို့အသီးများ၌ နေပြင်းပြင်းဒဏ်မှ ကာကွယ်ရန် Anthocyanin အနီရောင်/ခရမ်းရောင်များ မျက်နှာပြင်၌ထွက်လာသည်။ အပူချိန်ပြင်းလွန်းပါက နေလောင်ဒဏ် ဆက်ဖြစ်သည်။

    ထောပတ်စိုက်ပျိုးသောဒေသများသည် ပျမ်းမျှအပူချိန်(၁၀-၂၅)ဒီကရီ စင်တီဂရိတ်သာရှိသော တောင်ပေါ်ဒေသများဖြစ်သောကြောင့် အေးမြသော်လည်း အသီးနေလောင်ဒဏ်ဖြစ်ရခြင်းမှာ မေးစရာတစ်ခုဖြစ်သည်။

    သိထားသင့်သည့်အချက်မှာ ပြင်ပအပူချိန်နှင့် အသီးမျက်နှာပြင်အပူချိန်မှာ မတူညီခြင်း ဖြစ်သည်။

    ကျွန်တော်တို့ သက်တောင့်သက်သာဖြစ်သည့် နေ့တစ်နေ့၌ ထောပတ်သီးအဖို့ အပူများနေနိုင်သည့်နေ့ဖြစ်နိုင်ပါသည်။

    ဥပမာ ထောပတ်သီးကို နေရောင်အောက်ရပ်ထားသည့် ကားတစ်စီးကဲ့သို့ ယူဆကြည့်ပါ။

    ထို့နေ့၌ အပူချိန် ၂၄°C ရှိသော်လည်း၊ ကားထဲ၌ အပူချိန် ၄၉ °C ရှိနေမည်ဖြစ်သည်။ အကြောင်းမှာ နေ၏အလင်းတန်းများသည် ပြင်ပလေထုကိုအပူမတက်စေနိုင်သော်လည်း၊ ကားနှင့် ထောပတ်သီးကဲ့သို့ ရုပ်ဝတ္ထုများမှာမူ အလင်းတန်းများကို စုပ်ယူပြီးနောက် အပူချိန်တက်လာမည်ဖြစ်သည်။

    ထောပတ်သီးသည် မျက်နှာပြင်ကြီးမား၍ ကြမ်းသည်၊ အစိမ်းရောင်/ခရမ်းရောင်အသီးဖြစ်သည်၊ အသီးနု၌ ဖယောင်းလွှာမပါဝင်သေးပါ၊ ထောပတ်သီးသည် ကျောက်တုံးအမည်းများကဲ့သို့ နေရောင်ခြည်ကို အငမ်းမရစုပ်ယူနိုင်သည်။

    ထို့ကြောင့် ထောပတ်သီးမျက်နှာပြင်အပူချိန်သည် ပြင်ပလေထုအပူချိန်ထက် (၁၁-၁၇) °C ခန့် ပိုများနိုင်ကြောင်း တွေ့ရှိရပါသည်။

    ပြင်ပအပူချိန် (၂၈-၃၀) °C ရှိချိန်တွင် ထောပတ်သီးမျက်နှာပြင်အပူချိန်မှာ (၄၅-၅၅) °C အထိရောက်ရှိ၍ အသီးနေလောင်နိုင်ပါသည်။ ထိုအပူချိန်၌ ထောပတ်သီးနေလောင်ခြင်း စတင်ဖြစ်ပေါ်သည်။

    အေးမြသောနေ့တစ်နေ့၏ နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအချိန်များ၌ပင် အလွန်ပူပြင်းသည်။

    ထို့ကြောင့် ပြင်ဦးလွင်၊ တောင်ကြီးကဲ့သို့ အေးမြသောဒေသများ၌ပင် အသီးနေလောင်ဒဏ်ခံရနိုင်ပါသည်။

    နေလောင်ဒဏ်ဖြစ်ရသည့် တခြားအကြောင်းရင်း သို့မဟုတ် Photo-oxidative bleaching

    --------------------------------------------------------------------------------------------------------------

    တောင်ပေါ်ဒေသဖြစ်၍ နေနှင်ပိုနီးသောကြောင့် နေရောင်ခြည်စွမ်းအား ပိုမိုပြင်းထန်သည်။

    ပတ်ဝန်းကျင်လေကလည်း အရှိန်ပြင်း၍၊ ခြောက်သွေ့သည်။

    ခြောက်သွေ့သောလေသည် အပူချိန်တက်ခြင်းကို အားပေးပြီး၊ အသီး၌ သဘာဝအလျှောက် အေးမြရန် ပြုလုပ်ခြင်းကို အရှိန်ကျစေပါသည်။

    အေးမြနေသော်လည်း ခြောက်သွေ့သောလေများသည် အသီးမျက်နှာပြင်မှ ရေဓာတ်ဆုံးရှုံးမှုကို ပိုစေသော်လည်း ပြန်လည်၍ အစားမဖြည့်တင်းနိုင်သောကြောင့် အသီးအပူချိန်ကို တိုးစေသည်။

    ပြင်ပ၌ အေးမြနေသော်လည်း မြေသားခြောက်သွေ့နေပါက သို့မဟုတ် အမြစ်များမကောင်းပါက ရေစုပ်ယူနိုင်စွမ်း နိမ့်ကျ၍ အသီးမှပင်ရည်ပျံခြင်းကို ပြန်လည်၍ အစားမထိုးပေးနိုင်သောကြောင့် အသီးအပူချိန်တိုးစေသည်။

    တိမ်ကင်းစင်သည့်နေ၌ နေရောင်ခြည်စွမ်းအား အလွန်မြင့်၍ အသီး၏အစိမ်းရောင် Chlorophyll များ၌ အစာချက်ခြင်း (Photosynthesis) ကို အရှိန်တက်စေပါသည်။ ထိုဖြစ်စဥ်သည် မတန်တဆဖြစ်လာခြင်းကြောင့် free radical ကဲ့သို့ တက်ကြွသည့်အောက်ဆီဂျင်မျိုးနွယ်စုဝင်- စွမ်းအားအလွန်ပြင်းသည့် မော်လီကျူးများဖြစ်ပေါ်လာတတ်သည်။

    အသီး၌ အဆိုပါမော်လီကျူးများကို ချေဖျက်နိုင်မည့် နည်းလမ်းမရှိသောကြောင့်၊ ၎င်းမော်လီကျူးတို့သည် အစိမ်းရောင်ကလိုရိုဖီးများအား ချေဖျက်ပြီး၊ ဆဲလ်နံရံများကို ပျက်စီးစေသည်။

    ဤဖြစ်စဥ်ကြောင့် ထောပတ်သီး၌ အညိုရောင်ပြောင်းမည့်အစား၊ အသီးခွံ၌ အရောင်ဖျော့ လာခြင်း၊ အဝါရောင်/ အရောင်မှိုင်းများ ဖြစ်ပေါ်လာပြီး အရောင်ချွတ်ထားသကဲ့သို့ တွေ့မြင်ရတတ်ပါသည်။ အဝတ်များ နေစားပြီး အရောင်လွင့်လာသကဲ့သို့ ဖြစ်ပါသည်။

    ထောပတ်သီးနေလောင်ဒဏ်မရစေရန် ဆောင်ရွက်ရမည့်အချက်များ

    ---------------------------------------------------------------------------------

    (က) ထောပတ်သီးများ နေရောင်ဖြင့်ထိတွေ့မှုနည်းစေရန်အတွက်၊ အပင်၌အရွက်အုံ့ဆိုင်းမှုကို မထိခိုက်စေရန် ကိုင်းဖြတ်ပုံသွင်းခြင်းကို ဂရုတစိုက် ဆောင်ရွက်ပါ။ တစ်ကြိမ်ထဲဖြင့် ကိုင်းများများချိုင်ခြင်းထက်၊ တစ်နှစ်လျှင် ကိုင်းအနည်းငယ်သာ ဖြတ်ပေးပါ။ အသီးသီးချိန်တွင် ကိုင်းမဖြတ်ရပါ။ အပင်ပုံစံဝိုင်းဝိုင်းရှိစေရပါမည်။

    (ခ) လေပြင်းတိုက်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းဖြစ်ပြီးနောက် အရွက်များကြွေကျခြင်းကြောင့် အသီးများနေလောင်ဒဏ်ခံရနိုင်သည်ကို သတိပြုပါ။ အပင်ငယ်စဥ် အုံ့ဆိုင်းမှု သေးသောကြောင့်လည်း နေလောင်နိုင်သည်။

    (ဂ) နိုက်ထရိုဂျင်၊ ဇင့်နှင့် ဘိုရွန်ချို့တဲ့လျှင် အပင်အားနည်း၍ အရွက်အ​ရေအတွက်နည်းသောကြောင့် အဆိုပါအာဟာရများကို အချိန်မီ အချိုးကျထည့်သွင်းပေးထားပါ။ ကယ်လဆီယမ်ထည့်သွင်းပေးခြင်းဖြင့် နေလောင်ခြင်းဒဏ်ကို သက်သာစေပါသည်။

    (ဃ) Hass ထောပတ်၏ အရောင်ရင့်ရင့်ကြောင့် အပူဓာတ်ကိုပိုမိုစုပ်ယူပြီး နေလောင်ဒဏ်ခံရမှု မြင့်မားသည်။

    (င) ထောပတ်ပင်ရေငတ်ခြင်းကြောင့် အရွက်များငိုက်၍၊ အသီးများ နေရောင်ထိနိုင်သည်။ ခြောက်သွေ့ချိန်တွင် ရေပုံမှန်သွင်းပေးပါ။ တနည်းအားဖြင့် အစိုဓာတ်အလွန်များ၍ ရေဝပ်နေသောမြေ၌ အမြစ်များသေနိုင်ပြီး၊ မကျန်းမာ၍ ရေမစုပ်ယူနိုင်သောကြောင့် ရေမဝပ်စေရန် အထူးဂရုပြုရမည်။

    (စ) အသီးငယ်ချိန်တွင် ဖယောင်းလွှာမရှိသေးသောကြောင့် နေပြင်းလျှင် လောင်နိုင်သည်။ အပင်ငယ်ချိန်၊ အသီးငယ်သေးချိန်၊ မုန်တိုင်းပြီးချိန်များနှင့် အပူချိန်မြင့်မားချိန်တွင် (၂၀-၃၀)% အရိပ်ဇကာစိမ်းစဖြင့် အုပ်မိုး/ကာရံပေးရမည်။

    (ဆ) အာဟာရဆားများလွန်ကဲနေသော စိုက်ခင်းများ၌ အမြစ်လောင်ခြင်း၊ အရွက်ထိပ်နှင့် အရွက်နားများတလျှောက် ဆားများစုနေခြင်းကြောင့် အရွက်များငိုက်ကျခြင်း/ကြွေကျခြင်းများ ရှိနေနိုင်သောကြောင့် မြေသြဇာအလွန်အကျွံကျွေးခြင်းကို ရှောင်ကြဥ်ရမည်။ အရွက်ငိုက်/ကြွေခြင်းကြောင့် အသီးများထံ နေရောင်ထိုးဖောက်ဝင်ရောက်နိုင်သောကြောင့် ဖြစ်သည်။

    (ဇ) ထောပတ်ပင်နှင့် အသီးများ၌ နေမလောင်စေရန် ကယ်လဆီယမ်ဖျန်းပေးခြင်း၊ အပင်အားသုတ်လိမ်းပေးခြင်းကို ဆောင်ရွက်ပေးနိုင်သည်။ အပင်၏ အနောက်ဖက်နှင့် အနောက်တောင်ဖက်ကို အဓိကပက်ဖျန်းပေးပါ။ အပြင်ဖက်ရောက်နေသည့် ကိုင်းများ၊ အရွက်များနှင့် အသီးများကို ဖျန်းပေးပါ။

    (ဇ-၁) Kaolin Clay/ White Clay/ မြေစေးဖြူ (၅-၆)% နှင့် ရေ ၁၀၀ လီတာကိုဖျော်၍ ထောပတ်ပင်နှင့် အသီးများသို့ ပျံ့နှံ့စွာဖျန်းပေးပါ။ ကော်ရည်ရှိပါက (၀.၁-၀.၂)% ထည့်ဖျန်းပေးပါ။ မိုးမိပါက ထပ်ဖျန်းပေးပါ။ (၄-၆)ပတ်လျှင် တစ်ကြိမ်ဖျန်းပေးနိုင်သည်။

    (ဇ-၂) စိုက်ပျိုးရေးသုံး ထုံးကျောက်မှုန့် (Calcium Carbonate) (၂-၃)% နှင့် ရေ ၁၀၀ လီတာကိုဖျော်၍ ထောပတ်ပင်နှင့် အသီးများသို့ ပျံ့နှံ့စွာဖျန်းပေးပါ။

    (ဇ-၃) ထုံး (၁)ကီလိုအား ရေ (၃-၄)လီတာဖြင့်ဖျော်၍ ပင်စည်အားသုတ်လိမ်းပေးပါ။ (အသီးကိုသုတ်လိမ်းခြင်း မပြုရပါ။)

    (ဇ-၄) ပထမအကြိမ်ဖျန်းရမည့်အချိန်- ဖေဖော်ဝါရီလလယ်မှ မတ်လအစောပိုင်း

    ဒုတိယအကြိမ်- ဧပရယ်စတုတ္ထပတ်မှ မေလဆန်းအထိ

    တတိယအကြိမ် - မေလကုန်မှ ဇွန်လဆန်းအထိ

    (စျ) မြေသားအစိုဓာတ်ထိမ်းနိုင်ရန် မြေသားကို သစ်ရွက်ခြောက်၊ မြက်ခြောက်များ

    ဖြင့် အုံ့ဆိုင်းပေးထားပါ။

    (ည) အသီးအပူချိန်တိုင်းတာလိုပါက လေဆာ Infrared thermometer ဖြင့် (၁၁း၃၀၊ ၁း၀၀၊ ၂း၃၀)အချိန်များ၌ အလွယ်တကူတိုင်းတာနိုင်ပါသည်။

    ထောပတ်သီးမျက်နှာပြင်အပူချိန် ၃၈ °C သို့ လျော့နည်းလျှင် - နေမလောင်နိုင်ပါ။

    ၄၀-၄၅ °C - နေလောင်ခြင်း စတင်မည်

    ၄၅-၅၅ °C - အလွန်ပူပြင်း၍ နေလောင်မှုပြင်းထန်မည်

    ထောပတ်သီးသီးချိန်တွင် အပင်၌အရွက်နည်းနေပါက အရွက်နုများထွက်စေရန် ဆောင်ရွက်ခြင်း

    --------------------------------------------------------------------------------------------------------

    (၁) အသီးသီးချိန်၌ ပုံမှန်ရေသွင်းသည့်ပမာဏထက် (၁၀-၁၅)ရာခိုင်နှုန်းခန့် ပိုသွင်းပေးခြင်း

    (၂) ရေမကြာခဏသွင်းပေးပါ၊ သို့သော် ရေပမာဏများများ/နက်နက် မသွင်းရပါ

    (၃) အပင်ငယ်တစ်ပင်လျှင် ယူရီးယား သို့မဟုတ် Ammonium sulfate ၅-၁၀ ဂရမ်ကျွေးပေးပါ

    (၄) အပင်ကြီးတစ်ပင်လျှင် ယူရီးယား သို့မဟုတ် Ammonium sulfate ၂၀-၄၀ ဂရမ်ကျွေးပေးပါ

    (၅)ZnSO4 0.3% + Boric acid 0.1% ကို အသီးစတင်ချိန်တွင်တစ်ကြိမ်၊ ၃-၄ ပတ်အကြာ၌တစ်ကြိမ် ဖျန်းပေးပါ။ (ဇင့်သည် အရွက်နုများ ထူထဲစွာထွက်စေ၍၊ ဘိုရွန်သည် အရွက်နှင့် အဖူးများဖွံ့ဖြိုးမှုကို အားပေးသည်)

    (၆) အမိုင်နိုအက်ဆစ် (၁၀ စီစီ/ဂါလံ)နှုန်းထားဖြင့် ပက်ဖျန်းပေးပါ။

    Source: ဒေါက်တာဝဏ္ဏထွန်း

    ---------------   

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
4
comments
0
views
2697
cover
cover
cover
cover
cover