ရက်သားဝက်ငယ်များ ပြုစုခြင်းနှင့် ဝက်သိုးမွေးမြူခြင်း
ရက်သားဝက်ငယ်များကို ပြုစုမွေးမြူခြင်း ( အသက် ၁ရက်မှ ၄၅ ရက်အထိ)
· ဝက်ကလေးပေါက်လာပြီး (၃)ရက်အထိ မိခင်နှင့်အတူ ရောမထားသေးဘဲ တောင်း/ပုံးထဲမှ ထုတ်လိုက်၊ နို့တိုက်လိုက်၊ ပြန်ထည့်လိုက် ပြုလုပ်ပေးပါ။ ၁ နာရီတကြိမ် နို့ထုတ်တိုက်ပေးပါ။
· ၄ရက်မြောက်သည့်နေ့မှ ဝက်မနှင့်ဝက်ကလေးများကို အတူရောထားပါ။
· အသက် ၂-၃ ရက်တွင် သွားစွယ်ဖြတ်ပါ။ အမြီးဖြတ်လိုကလည်း ဤရက်အတွင်း ဖြတ်ပါ။
· ဝက်မနှင့်ဝက်ကလေးများကို အကန့်ကန့် ထားပေးပါ။ ဝက်ကလေး ကန့်ထားသည့်အခန်းတွင် ဝက်ကလေးများ ကွန်ကရစ်ပေါ်တွင်မထားဘဲ ကွက်ပြစ်ပြုလုပ်ပြီး အခင်းခင်းကာ အိပ်စေရမည်။
· ဝက်ကလေးများ အအေးမမိစေရန်ဂရုစိုက်ပါ။ အထူးသဖြင့် မိုးရာသီနှင့်ဆောင်းရာသီများတွင် လေတိုက်ရာ လမ်းကြောင်းရှိပါက ကာရံပေးပါ။
· ဝက်ကလေး အသက် ၁ရက် မှ ၁၅ရက်အထိ လျှပ်စစ်မီးသီးဖြင့်ဖြစ်စေ၊ မီးသွေးမီးဖိုဖြင့်ဖြစ်စေ၊ အနွေးဓာတ်ကို မဖြစ်မနေ ပေးပေးပါ။
· ဝက်ကလေး အသက်(၃)ရက်တွင် တကြိမ်၊ (၇)ရက်တွင်တကြိမ် သံဓာတ်အားဆေးကို ထိုးပေးပါ။ သို့မဟုတ် သံဓာတ်အားဆေးလုံးကို ဝက်ကလေး အသက်(၇)ရက်မှ (၁၀)ရက်အထိ ဝက်တကောင် ဆေး၁လုံးနှုန်းဖြင့် နေ့စဥ်တိုက်ပေးပါ။ ဆေးလုံးကို အမှုန့်ကြိတ်၊ ဆီအနည်းငယ်ထည့်ပြီး ဝက်မနို့ချချိန်တွင် ဝက်မနို့တံကို သုတ်လိမ်း ပေးပါက ဝက်ကလေးများ နို့စို့ရင်းဆေးကို သောက်မိသွားမည်ဖြစ်သည်။ (လူဆေးရောင်းသည့်ဆိုင်တွင် “ဖဲရပ်ဆာလဖိတ်ဆေး” ဟုမေးဝယ်နိုင်ပါသည်။)
· ဝက်ကလေး အသက်(၁၀)ရက်ခန့်တွင် CP-950 (သို့) အလားတူအခြား ကုမ္ပဏီထုတ်အစာကို အစာ အခြောက်အတိုင်းအစာတခွက်၊ ရေတခွက်ထားကာ အနည်းဆုံးအသက် ၁လခွဲအထိ နေ့စဥ်ကျွေးပေးရမည်။
ရက်သားဝက်ငယ်များဆိုင်ရာ အထူးသတိပြုသင့်သည့်အချက်များ
· ဝက်ကလေး အသက် ၁၀ ရက်အတွင်း သံဓာတ်ပါသော ထိုးဆေးဖြစ်စေ၊ စားဆေးဖြစ်စေ မဖြစ်မနေပေးရန် လိုပါသည်။
· ရက်သားဝက်ငယ်များသည် အလွန်အအေးမိလွယ်သဖြင့် အအေးမမိစေရန် အထူးဂရုစိုက်ပါ။
ဝက်သိုးမွေးမြူခြင်း
(၁) ဝက်သိုးသည် ခြေဆံလက်ဆံရှည်ကာ တောင့်တင်းပြီး လေးဘက်ပြည့်ရမည်။
(၂) ဝှေးစေ့ ၂လုံးထွားကြိုင်းပြီး ညီရမည်။
(၃) ဝက်သိုး အသက် ၄လခန့်တွင် ကြိုးဆွဲပြီး လမ်းလျှောက်ကျင့်ပေးရမည်။
(၄) ဝက်သိုးအသက် ၈ လ ကျော်မှ စတင်သားလိုက်ပါ။
(၅) သားစလိုက်ခါစတွင် ၂ပတ်တကြိမ်သာ သားလိုက်စေပါ။ အသက်ရလာမှ အကြိမ်တိုးပေးပါ။
(၆) ဝက်သိုးကိုကျွေးသော အစာသည် ဇီးဝက်မကိုကျွေးသော ပုံစံအချိုးအတိုင်းစပ်ပြီး ကျွေးရမည်။
---------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/60036
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း