ငှက်ပျောပင်ဖျူစေရီယန်ပင်ညှိုးရောဂါ (သို့) ပနားမားပင်ညှိုးရောဂါ
ငှက်ပျောပင်ဖျူစေရီယန်ပင်ညှိုးရောဂါဟာ Fusarium oxysporum f. sp. cubense (Foc) လို့ ခေါ်တဲ့ မှိုကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ မှိုဟာ ငှက်ပျောပင်ရဲ့ အစာကြော၊ ရေကြောအဖွဲ့အစည်းထဲကို ငှက်ပျောပင်ရဲ့ အမြစ်နုတွေကနေတစ်ဆင့် စတင် ဝင်ရောက်ပါတယ်။ အဲဒီမှိုတွေဟာ ငှက်ပျောပင်ရဲ့ အစာကြောရေကြောထဲမှာ တစ်ဖြည်းဖြည်း ပွားများလာပြီးတဲ့အခါ အပင်အတွက် အစာနဲ့ ရေသယ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။
ရောဂါဖြစ်ပွားချိန်မှာတော့ ပင်စည်ကို ဖြတ်ကြည့်လိုက်ရင် အတွင်းပိုင်းပင်စည်မှာရှိတဲ့ အစာကြော၊ရေကြော ပြွန်တွေဟာ အညိုရောင်အစင်း ပြောင်းလာတဲ့ လက္ခဏာကို တွေ့ရတတ်ပါတယ်။
ပြင်ပရောဂါလက္ခဏာများအနေနဲ့ကတော့ ပထမဦးစွာ ငှက်ပျောပင်ရဲ့ အောက်ဆုံးအရွက်ရင့်တွေ ဝါလာပါမယ်။ အရွက်ရဲဘေးအနားသတ်ကစပြီးတော့ ဝါလာရာကနေ အတွင်းဘက် ရွက်ကြောထိ တဖြည်းဖြည်း ဝါလာပါမယ်။ ပြီးရင်တော့ ငှက်ပျောရွက်တွေ ညှိုးပြီးခြောက်လာတာကို တွေ့ရပါမယ်။ တစ်ခါတစ်ရံ ငှက်ပျောရွက်တွေဟာ အရင်းကနေ ပျော့ခွေပြီးတော့ အောက်ကို တွဲလောင်းကျနေတတ်ပါတယ်။
ရောဂါဆိုးရွာလာပြီဆိုရင်တော့ ငှက်ပျောပင်စည်တွေမှာ ဒေါင်လိုက် အက်ကွဲကြောင်းတွေကိုပါ တွေ့မြင်ရပါလိမ့်မယ်။ ငှက်ပျောပင်သားတက်တွေမှာဆိုရင်တော့ ရောဂါစတင်ဝင်ရောက်ပြီး (၃)လ၊(၄) လကြာသည့်တိုင် ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ပါတယ်။ နောက်ပြီး အပင်ကြီးတွေမှာဆိုရင် အသီးတွေမှာ ရောဂါလက္ခဏာလုံးဝ မတွေ့ရတတ်ပါဘူး။
ငှက်ပျောပင် ဖျူစေရီယန်ပင်ညှိုးရောဂါ (သို့) ပနားမားပင်ညှိုးရောဂါ ဖြစ်ပွားခဲ့မယ်ဆိုရင် ကုသရန် သင့်တော်တဲ့ဆေး မရှိသေးပါဘူး။ ဒါ့အပြင် ငှက်ပျောပင် ဖျူစေရီယန်ပင်ညှိုးရောဂါကို ဖြစ်စေတဲ့ မှိုတွေဟာ မြေကြီးထဲမှာ ဆယ်စုနှစ်များကြာသည့်တိုင် အသက်ရှင်နိုင်တယ်လို့ သိရပါတယ်။
ငှက်ပျောပင် ဖျူစေရီယန်ပင်ညှိုရောဂါဟာ အဓိကအားဖြင့် စိုက်ခင်းသို့သွင်းသော ရေ၊ စိုက်ခင်းသုံး ကိရိယာများနှင့် ရောဂါရအပင်များ၏ သားတက်ကို ရွှေ့ပြောင်းစိုက်ပျိုးခြင်း တို့မှ တစ်ဆင့် ပျံနှံ့ပါတယ်။
ဒါကြောင့် ငှက်ပျောစိုက်တောင်သူဦးကြီးများအနေနဲ့ ‘ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်း၏’ ဆိုတဲ့ စကားအတိုင်း ငှက်ပျောမစိုက်ပျိုးမီ အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာခြင်းဖြင့် ငှက်ပျောပင် ဖျူစေရီယန် ပင်ညှိုးရောဂါ(သို့) ပနားမား ပင်ညှိုးရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
(၁) ရောဂါဒဏ်ခံနိုင်သော မျိုးကောင်းမျိုးသန့်ကို ရွှေးချယ်စိုက်ပျိုးပါ၊
(၂) သားတက်ဖြင့်စိုက်ပျိုးပါက ရောဂါကျရောက်မှုမရှိသောအပင်၊ ရောဂါကျရောက်မှုမရှိသောဒေသမှ သားတက်ကို သာအသုံးပြုပါ၊
(၃) ဖျူစေရီယန်ပင်ညှိုးရောဂါ ကျရောက်ဖူးသောမြေကွက်တွင် ငှက်ပျောထပ်မံ စိုက်ပျိုးခြင်းမှ ရှောင်ကျဉ်ပါ၊
(၄) ဖျူစေရီယန်ပင်ညှိုးရောဂါကျရောက်နေသော စိုက်ခင်းမှရေများ မိမိစိုက်ခင်းအတွင်းသို့ မစီးဝင်လာစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပါ၊
(၅) ရောဂါလက္ခဏာတွေ့ရှိရသော စိုက်ခင်းများမှ ပစ္စည်းကိရိယာများကို မိမိစိုက်ခင်းတွင် အသုံးမပြုပါနှင့်၊
(၆) မိမိ စိုက်ခင်းတွင်အသုံးပြုသော ပစ္စည်းကိရိယာများကို အမြဲသန့်ရှင်းနေစေရန် အသုံးပြုပြီးတိုင်း ဆေးကြောသန့်စင် ပေးပါ၊
(၇) မိမိစိုက်ခင်းအား တစ်ပတ်တစ်ကြိမ်ခန့် ရောဂါကျရောက်မှုရှိမရှိ ကင်းထောက်စစ်ဆေးပါ၊
(၈) ဖြစ်နိုင်ပါက မိမိငှက်ပျောစိုက်ခင်းအား ကြံ၊ နာနတ်၊ ကြက်သွန်၊ ဂေါ်ဖီ မျိုးရင်းဝင် အပင်များဖြင့် သီးလှည့် စိုက်ပျိုးပါ။
Ye Min Han (Htwet Toe)