စီးပွားဖြစ်ဘူးသီးစိုက်ပျိုးနည်း
မူရင်းဒေသ
ဘူးသည် အာဖရိကတိုက်မှ စတင်ပေါက်ရောက်ပြီးနောက် တောင်အမေရိကတိုက်ဘက်သို့ ပျံ့နှံ့ရောက်သည်ဟု ယူဆပါသည်။
အမျိုးအစား
ဘူးသီး၏ ပုံသဏ္ဍန်ကိုလိုက်၍ ဘူးသပိတ်၊ ဘူးလည်းလှ၊ ဘူးရှည်စက၊ ဘူးရှည်နှင့် ဘူးရေမှုတ်ဟု အမျိုးမျိုးရှိကြပါသည်။
(၁) ဘူးသပိတ် - ဤဘူး၏ ပုံသဏ္ဍန်မှာ သပိတ်ပုံရှိပြီး အလွန်အလုံးကြီးသည်။ လည်ပင်း မရှိချေ။
(၂) ဘူးလည်းလှ- ဤဘူးမျိုးသည် လည်ပင်းရှိ၍ လှသည်။ ဤဘူးမျိုးကို ရင့်သည်တိုင်ထာပြီး အထဲမှ အစေ့များထုတ်၍ ရေဗူးလုပ်ကြ သည်။
(၃) ဘူးရှည်စက- ဤဘူးမျိုးသည် အရှည်လည်းမဟုတ် အပုလည်းမဟုတ် စကဖြစ်သည်။
(၄) ဘူးရှည်- ဤဘူးမျိုးကို ဆင်နှာမောင်းမျိုးဟုလည်းခေါ်သည်။ အချို့ဘူးသည် (၄) ပေခန့်အထိရှည်သည်။
(၅) ဘူးရေမှုတ်- ဤဘူးမျိုးသည် လက်သီးဆုပ်သာသာခန့်ရှိပြီး၊ လည်ပင်းမှာ တစ်တောင်ခန့် ရှည်သည်။ တောင်သူကြီးများသည် ၎င်းဘူးကို အလျားလိုက်အလယ်မှခွဲပြီးလျှင် ရေခတ်ရန် ရေမှုတ်ပြုလုပ်ကြသည်။
ရေမြေရာသီဥတု
ဘူးသည် မြေသြဇာထက်သန်သော မြေတွင် ပိုမိုစိုက်ပျိုးဖြစ်ထွန်းပါသည်။ မြေအချဉ်အငံဓာတ် (၆) နှင့် (၇) ကြားတွင် ပိုမိုဖြစ်ထွန်းနိုင် ပါသည်။
ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်အတင့် ခံနိုင်ရည်ရှိပါသည်။ သို့သော် ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပါ။
မြေပြုပြင်ခြင်း
ဘူးသည် စင်တင်စိုက်ပျိုးသော အပင်မျိုးဖြစ်ပြီး ဘောင်တင်၍ စိုက်ပျိုးနိုင်ပါသည်။ စိုက်ဘောင်မြေကို ပေါက်တူးဖြင့် ပေါက်ပြီး၊ မြေဆွေးနှင့် သမအောင်ရော၍ စိုက်ဘောင် ပြုလုပ်ပါသည်။ စိုက်ဘောင်တစ်ဘောင်လျှင် အလျား(၅) ပေ၊ အနံ(၃)ပေ၊ အမြင့် (၁) ပေခန့် ပြုလုပ်ကြ ပါသည်။
မြေသြဇာကျွေးနည်း
ဘူးတစ်ဧကလျှင် နွားချေး(သို့) သစ်ဆွေးမြေသြဇာ တန်(၂၀) မှ (၃၀) အထိ လိုအပ်ပြီး ဓာတ်မြေသြဇာ တစ်ဧကလျှင် ယူရီးယား (၂၀) ကီလိုဂရမ်နှင့် တီစူပါ (၂၄) ကီလိုဂရမ် လိုပါသည်။ စိုက်ဘောင်များ ပြုလုပ်ရာတွင် ဓာတ်မြေသြဇာနှင့် မြေဆွေးများကို သမအောင် ရောနှောပေးရမည်။ တီစူပါ ဓာတ်မြေသြဇာကို ပထမအကြိမ်(၂၀) ကီလိုဂရမ်နှင့် ယူရီးယားမြေသြဇာ (၁၀) ကီလိုဂရမ်ကို စိုက်ဘောင် ပြုလုပ်စဉ် ထည့်ပေးပြီးနောက် ကျန် (၁၀) ကီလိုဂရမ်ကို ဘူးပင် ပန်းစပွင့်ချိန်တွင် ထည့်ပေးရန်ဖြစ်ပါသည်။
ပျိုးထောင်နည်း
မြေဆွေးထည့်ထားသော ပလပ်စတစ်အိတ်တွင် ဘူးစေ့(၂) စေ့ခန့်ထည့်ပြီး ပျိုးနိုင်သည်။ စိုက်ပြီး (၁၀) ရက်ခန့် ကြာလျှင် ပျိုးပင်ပေါက်လာ မည်။ အပင်အရွက် (၃) ရွက်၊ (၄) ရွက်ထွက်လျှင် ရွေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။
စိုက်ပျိုးနည်း
ဘူးပင်ကို အထက်မြန်မာပြည်တွင် မေလနှင့် ဇွန်လများတွင် စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင်မူ ဆောင်းတွင်းပိုင်း၊ အောက်တိုဘာလ တွင် အများအပြားစိုက်ပျိုးပါသည်။ စိုက်ပျိုးနည်းမှာ မြေဆွေး၊ မြေသြဇာများ သမအောင် မွှေထားသော မြေကို စိုက်ဘောင်များပြုလုပ်၍ စတင်စိုက်ပျိုးပါသည်။
စတင်စိုက်ပါက စိုက်ဘောင်အလျား(၅)ပေ၊ အနံ (၃)ပေ၊ အမြင့် (၁) ပေခန့်ဘောင်ပြုလုပ်ပြီး ဘူးစေ့များကို တစ်ကျင်းနှင့်တစ်ကျင်း (၁) ပေခြား၍ တစ်ကျင်းလျှင် ဘူးစေ့(၇) စေ့ထည့်ပေးပြီး စိုက်ရသည်။ ဘူးပင်များပေါက်လာလျှင် တစ်ကျင်းလျှင် (၂) ပင် ချန်ထားလျှင် သင့်တော်၏
ကျင်းဖြင့် စိုက်ပျိုးပါက အနက်(၁.၅) ပေ၊ အနံ(၂) ပေ၊ အလျား(၃) ပေရှိ ကျင်းများတူးပြီး နွားချေးနှင့် မြေဆွေး ဆတူရော၍ ကျင်းနှုတ်ခမ်း (၃-၄) လက်မအလိုခန့်အထိ ထည့်ပြီးလျှင် အပေါ်မှ မြေရိုးရိုးကို ဖို့ရမည်။ တစ်ကျင်းလျှင် (၇) ပင်၊ (၈) ပင်ခန့် စိုက်ရမည်။ အပင်သယ်များ တစ်ထွာခန့် မြင့်လာသောအခါ တစ်ကျင်းလျှင် (၂) ပင်ချန်ပြီး ကျန်အပင်များကို နုတ်ပစ်ရမည်။ အပင်ကလေးများ နွယ်တက်နိုင်ရန် ဝါးခြမ်းထောင်ပေးရမည်။ အပင်ကလေးများ လသားအထိ အပင်ခြေရင်းပေါင်းလိုက်ပေးရပါမည်။
ဘူးကို မေနှင့်ဇွန်လများတွင် စိုက်ပျိုးနိုင်သကဲ့သို့ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးနိုင်သည်။ တစ်ဧကလျှင် မျိုးစေ့နှုန်းမှာ (၂-၃) ကီလိုဂရမ် လိုအပ်ပါသည်။
ရေသွင်းပြုစုနည်း
အထက်မြန်မာပြည်တွင် ဘူးကို မိုးတွင်းတွင် စိုက်ကြသဖြင့် မိုးတစ်ပတ်ခန့် ပြတ်သွားပါက ရေလောင်းပေးရန် လိုအပ်ပါသည်။ အောက်မြန်မာပြည်တွင် ဆောင်းစိုက်ခင်းများအတွက်မူ (၃) ရက်ခြား တစ်ကြိမ် ရေသွင်းပေးရန် လိုပါသည်။ ဘူးပင်ကလေးများ တစ်လ သားခန့်ရှိလျှင် ပေါင်းမြက်များကို ရှင်းလင်းပေးရန် လိုပါသည်။
အသီးဆွတ်ခူးနည်း
ဘူးသီးကို စိုက်ပြီးနောက် (၇၅) ရက်မှ (၉၀) ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ရင့်လွန်းပါက ချက်ပြုတ်စားသောက်ရန် မကောင်း သကဲ့သို့ နုပါကလည်း အခါးဓာတ်ရှိ၏။ သို့အတွက် ဘူးကို မနုမရင့် အနေတော်ခူးရ၏။ တစ်ဧကလျှင် ဘူးသီးလုံးရေ (၆၀၀၀) မှ (၈၀၀၀) အထိထွက်၏။
သတိပြုရန်အချက်များ
(၁) ဘူးစိုက်ရာတွင် ကျိုင်းကောင်နှင့် ပျပိုးများကို ထိရောက်စွာ နှိမ်နှင်းရန်လိုအပ်ပါသည်။ ထိရောက်စွာ မနှိမ်နှင်းနိုင်ပါက အပင်ငယ်များ သေကြေပျက်စီးနိုင်ပါသည်။
(၂) ဘူးပင်ကို ပိုးသတ်ဆေး ပက်ဖျန်းပါက အညွ့န့်ဖြတ်တောက်ပေးပါ။ သို့မှသာ အညွန့်များစင်ပေါ်ဖြာတက်ပြီး အသီးများ ပိုသီးပါမည်။
Source - ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း