အာတာလွတ်ဥ စိုက်ပျိုးခြင်း
အပူချိန်
အာတာလွတ်ဥပင်သည် အပူပိုင်းဒေသတွင် ကြီးထွားနိုင်ပြီး အကောင်းဆုံး အပူချိန်မှာ ၂၀-၃၀ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။
မိုးရေချိန်
နှစ်စဉ် မိုးရေချိန်လက်မ အနေဖြင့် ၃၇ လက်မမှ ၄၁ လက်မအကြား ရရှိရန် လိုအပ်ပါသည်။ အပင်ကြီးထွားစဉ် ကာလတစ်လျှောက် ရေလုံလောက်စွာ ရရှိရန်အရေးကြီးပါသည်။ ထို့မှသာ သင့်တော်သော အထွက်နှုန်းကိုသာ ရရှိမည် ဖြစ်သည်။
မြေအမျိုးအစား
အာတာလွတ်ဥပင်သည် ရေစိမ့်ဝင်မှုကောင်း၍ အနည်းငယ်ချဉ်သော နှုန်းမြေမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ ရေစိမ့်ဝင်မှု မကောင်းသော ၊ ရွှံ့စေးဆန်သော မြေမျိုးတွင် စိုက်ပျိုးခြင်းကို ရှောင်ကြဉ်ပါ။ အာတာလွတ်ဥပင်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၉၀၀ မီတာတွင် စိုက်ပျိုးနိုင်သည်။ မြေသြဇာ ကျွေးခြင်းသည်လည်း လွန်စွာ အရေးကြီးသည်။ စိုက်ပြီး ၁၄ ပတ်အကြာတွင် 8:5:14 NPK ကို ၁ ဟက်တာ လျှင် ၉၀၀ ကီလိုဂရမ် ပမာဏဖြင့် မြေကြီးထဲသို့ ထည့်ပေးပါ။
စိုက်ပျိုးပုံ အဆင့်ဆင့်
ပုံမှန်အားဖြင့် အာတာလွတ်ဥပင်၏ သားတက်ကိုယူ၍ စိုက်ပျိုးလေ့ရှိကြသည်။ သားတက်ယူရာတွင် အဖူးပါ၍ ၄-၇ စင်တီမီတာ အရှည်ရှိသော သားတက်ကိုသာ ရွေးချယ်စိုက်ပျိုးသင့်သည်။ ထို့နောက် မျိုးညောင့်ပေါက်အား ကောင်းမွန်စေရန်အတွက် မီးခိုးမှိုင်း တိုက်နိုင်ပါသည်။ မြေပြင်မှ ထွက်လာသော အပင်အတက် ကလေးများကို ယူ၍လည်း မွေးနိုင်သည်။
မိုးဦးကာလအစောပိုင်းတွင် စတင်၍ စိုက်ပျိုးနိုင်သည်။ ကောင်းစွာ ထယ်ထိုးထွန်မွှေ ထားသော မြေနေရာမျိုးတွင် ၈ - ၁၅ စင်တီမီတာ အနက်ရှိသော တွင်းလေးများ တူး၍ ထိုတွင်းထဲသို့ စိုက်ပျိုးမည့် အာတာလွတ်ဥအတက်များအား ချပါ။ ထို့နောက် မြေဖြင့် ပြန်ဖုံးပါ။ စိုက်ပြီး ၃လမှ ၄လ အတွင်း ပေါင်းမြက်များ ပေါက်ရောက်မှု မရှိစေရန် သတိပြုပါ။ ထို့နောက် အပင်မှ အပွင့်များ ပွင့်လာလျှင်လည်း အပွင့်များကို ဖယ်ရှားပေးပါ။
အာတာလွတ်ဥပင်ကို ၅-၇ နှစ်ခန့် အကြာတွင် အခြားသော သီးနှံများနှင့် လှည့်၍ သီးလှည့်စိုက်ပျိုးနိုင်ပါသည်။ သို့မှသာ ရောဂါနှင့် ပိုးမွှားကျရောက်မှုကို လျော့ချနိုင်မည် ဖြစ်သည်။ စိုက်ပျိုးရာတွင် ပင်ကြားတန်းကြားကို ၇၅ × ၃၇.၅ စင်တီမီတာ ခြား၍ စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့ နှုန်းထားအနေဖြင့် တစ်ဟက်တာလျှင် ၃၀၀၀ - ၃၅၀၀ ကီလိုဂရမ် ပမာဏကို အသုံးပြုပါ။
ကျရောက်တတ်သော ရောဂါနှင့် ပိုးမွှားများ
အာတာလွတ်ဥသည် ရောဂါနှင့် ပိုးမွှားများကျရောက်မှု သိပ်မရှိပေ။ သို့သော်လည်း ရွက်လိပ်ပိုး ၊ လိပ်ပြာဖြူ ၊ မြေခွေးပုရစ် နှင့် အခြားသော မြေအောင်းပိုးများ ကျရောက်မှုများလည်း ရှိတတ်သည်။ ရွက်လိပ်ပိုး ကျရောက်မှု ရှိလျှင် ဒက်တာမီသရင်း ပိုးသတ်ဆေးကို အသုံးပြုနိုင်သည်။ စိုစွတ်သော ဒေသများတွင် စိုက်ပျိုးလျှင် တခါတရံတွင်မူ မှိုရောဂါကြောင့် မြစ်ပုပ် ဥပုပ် ရောဂါများ ဖြစ်ပေါ်စေနိုင်သည်။ ထိုအခါ မြေအောင်းမှိုသတ်ဆေးအဖြစ် ကာဗိုက်ဒီဇင် နှင့် ဟိုက်မန်ဒါဇော အစရှိသော မှိုသတ်ဆေးတို့ကို ရွေးချယ် အသုံးပြုနိုင်ပါသည်။ အာဟာရချို့တဲ့လျှင်မူ အမြစ်မွှားများမှာ အလွန်သေးငယ်လာပြီး ဖွာထွက်လာသည်။ ထို့အပြင် အထွက်နှုန်းကိုလည်း ထိခိုက်စေနိုင်သည်။
ကြီးထွားရန် ကြာသောအချိန်
အာတာလွတ်ဥသည် စိုက်ပျိုးချိန်မှ ရင့်မှည့်ချိန် အထိ ၁၀-၁၁ လခန့် ကြာတတ်သည်။
ခူးဆွတ်ရိတ်သိမ်းခြင်း
အာတာလွတ်ဥပင်မှ အရွက်များ ညှိုးခြောက်ပြီး သေသွားပြီ ဆိုလျှင်တော့ အာတာလွတ်ဥများကို စတင်၍ ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။ ရိတ်သိမ်းရာတွင် ပင်စည်ကိုတူး၍ အမြစ်မှ အာတာလွတ်ဥကို လက်ဖြင့် ဆွဲယူနိုင်ပါသည်။ အာတာလွတ်ဥသည် ရိတ်သိမ်းပြီးသည်နှင့် ဥအတွင်းမှ ရေဓာတ်ဆုံးရှုံးမှု များသဖြင့် ကြာရှည် အထားမခံတတ်သရာ ရေရှည် သိုလှောင်ဖို့ရန် မသင့်တော်ပေ။ ထို့ကြောင့် တချို့သော မျိုးများသည် ရိတ်သိမ်းပြီး ၂ ရက်ကြာသည် အထိသာ တာရှည် ခံနိုင်သော်လည်း တချို့မျိုးမှာ ၇ ရက်ကြာသည်အထိ တာရှည်ခံတတ်သည်။
အထွက်နှုန်း
အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှ ပိဿာ ၃၀၀၀ ကျော် အထိ ထွက်သည်။ သင့်တော်သော ရေမြေရာသီ ဥတု ရလျှင်မူ ပိဿာ ၇၀၀၀ ကျော်အထိထွက်နိုင်သည်။
အာတာလွတ်ဥ၏ အင်္ဂလိပ်အမည်မှာ Arrowroot ဖြစ်ပီး သိပ္ပံနာမည်မှာ Maranta arundinacea L. ဖြစ်သည်။ အာတာလွတ်ဥသည် Marantaceae မျိုးနွယ်ပင် ဖြစ်သည်။