စပါးစိုက်ခင်းများတွင်ဖျက်စီးတတ်သော ကြွက်ကာကွယ်နှိမ်နှင်းနည်းများ
ကြွက်များ၏အလေ့အထ
ရှေ့သွားနှစ်ချောင်းသည် ဘဝတစ်လျှောက်လုံး ရှည်ထွက်နိုင်စွမ်း ရှိကြသဖြင့် တစ်ခုခုကို ကိုက်ဖြတ်နေရမြဲဖြစ်သည်။ ကွန်ကရိတုံးများ၊ ဝါယာကြိုးများကို ကိုက်ဖြတ်နေခြင်းမှာ သွားများရှည်မထွက်လာစေရန် စဉ်ဆက်မပြတ် ပြုလုပ်နေရခြင်းဖြစ်သည်။
ကြွက်များသည် အနံ့၊ အရသာ၊ ခံစားမှုကောင်းမွန်သော်လည်း အမြင်အာရုံချို့ယွင်းမှုရှိသည်။ ကြွက်အများစုသည် ညပိုင်းတွင် သွားလာလှုပ်ရှားမှု ပိုမိုတက်တက်ကြွကြွရှိပြီး တိတ်ဆိတ်စွာ လှုပ်ရှားတတ်ပါသည်။
Bandicota မျိုးစုဝင် မြေကြွက်ကြီး၊ Bandicota indica နှင့် မြေကြွက်ငယ် (Bandicota benalensis) တို့သည် ကျင်းတူးကျွမ်းကျင်ကြသော အမျိုးအစားများဖြစ်ကြ၍ ကန်သင်းများ ကျီပုတ်အနီးများတွင် ကျင်းတူးအိမ်ဖွဲ့နေလေ့ရှိသည်။ ကြွက်တွင်းများကို စနစ်တကျ တူးလေ့ရှိသည်။ ကျင်းအနက်(၂)ပေအထိ တူးတတ်သည်။ အစာသိုလှောင်ခန်း၊ သားမွေးခန်းများဖြင့် ပြည့်စုံသည်။ အရေးပေါ်ထွက်ပေါက် (ဂယ်ပေါက်)များလည်း တူးထားလေ့ရှိသည်။ အစာသိုလှောင်ခန်းတွင် စပါးနှံများဖြတ်၍ သိုလှောင်ထားရာ စပါးသုံးပြည်ခန့်ထိ တွေ့ဖူးသည်။ အချို့ဒီထက်မက သိုလှောင်နိုင်သည်ဟု ဆိုသည်။ သို့ရာတွင် အမြင့်သို့ မတက်နိုင်ကြချေ။
ကြွက်ဝမ်းဖြူ (Rattus rattus)သည် အမြင့်တက်ရာတွင် ကျွမ်းကျင်ကြသည်။ နှစ်ပေခွဲမြင့်သော စားပွဲကို အသာအယာ တက်နိုင်စွမ်းရှိသည်။ အိမ်ကြွက် (Rattus exulans)များလည်း အမြင့်သို့တက်ရာတွင် ကျွမ်းကျင်သကဲ့သို့ အလျားခုန်ရာတွင်လည်း ကျွမ်းကျင်သည်။ ကြွက်ဖားလောင်းအနေဖြင့် အိမ်အဆောက်အဉီးတွင် နေထိုင်လေ့မရှိဘဲ တွင်းတိမ်တိမ်၊ ပက်ကြားအက်၊ အမှိုက်သရိုက်များကြားတွင် နေထိုင်လေ့ရှိသည်။ တစ်ခါတစ်ရံ အပင်ပေါ်၌ အသိုက်လုပ်တတ်သည်။
ကြွက်များသည် သန့်ရှင်းနေသည်ကို မနှစ်သက်ချေ။ ရှုပ်ရှုပ်ထွေးထွေးကို ကြိုက်နှစ်သက်သည်။ ပတ်ဝန်းကျင်အသစ်၊ အရာဝထ္ထုအသစ်ကို ရှောင်ကြဥ◌်လေ့ရှိသည်။ (၂-၃)ရက်ကြာ ယဉ်ပါးသွားမှသာ အချင်းချင်းလက်ဆင့်ကမ်း၍ ပတ်ဝန်းကျင်အသစ်တွင် လှုပ်ရှားလေ့ရှိသည်။ သွားနေကျ၊ လာနေကျ နေရာများ၊ လမ်းများကိုသာ အသုံးပြုလေ့ရှိသောကြောင့် ကြွက်များသွားသော လမ်းများကိုသာ အသုံးပြုလေ့ရှိသောကြောင့် ကြွက်များသွားသော လမ်းများကို သိသာစွာ မြင်ရလေ့ရှိပါသည်။
ပေါက်ဖွားမှု
ကြွက်များသည် သားပေါက်မှု အားကောင်းသော နို့တိုက်သတ္တဝါဖြစ်သည်။ တစ်နှစ်လျှင်(၄)ကြိမ် သားပေါက်နိုင်ပြီး သားတစ်ကြိမ်ပေါက်လျှင် ကြွက်မျိုးအလိုက် ကွာခြားမှုရှိသော်လည်း ပျမ်းမျှအားဖြင့် (၆)ကောင်ရှိသည်။ ကြွက်မတစ်ကောင်သည် တစ်နှစ်လျှင် (၂၄)ကောင်အထိ သားပေါက်နိုင်စွမ်းရှိသည်။ သို့ဖြစ်၍ ကြွက်အထီးအမ တစ်စုံမှ တစ်နှစ်လျှင်ကောင်ရေ(၅၀၀)ထိ ပေါက်ဖွားနိုင်သည်ဟု ဆိုပါသည်။
ကြွက်ပေါက်ဖွားမှုနှုန်းသည် အစာရေစာ ပေါများမှုနှင့် များစွာဆက်စပ်လျက်ရှိပါသည်။ အစားအသောက် ပေါများချိန်တွင် ကြွက်ကောင်ရေပိုမိုများပြားပြီး ဖျက်ဆီးမှုလည်း အခံရဆုံးဖြစ်သည်။ ဆည်ရေသောက် ဧရိယာ နွေစပါး၊ မိုးစပါးစိုက်သော အကွက်များတွင် ကြွက်များပေါက်ဖွား၍ ပိုမိုကျရောက်ဖျက်ဆီးကြကြောင်း တွေ့ရှိနိုင်ပါသည်။
ကာကွယ်နှိမ်နှင်းနည်းအား ဆက်လက်ဖော်ပြပါမည်။
ကိုးကား- ဓာတုကင်းစင် သီးနှံထုတ်လုပ်ရေး (မောင်ဌေးအန့်)
Nature and Farming: Pest Management: How to control rice field rats