ဝါအထွက်တိုးရေး နည်းလမ်းများ
ဝါစိုက်ပျိုးရန် အကောင်းဆုံး မြေအမျိုးအစားမှာ ရေသွင်းရေထုတ်ရန် လွယ်ကူသော - နုန်းမြေ - သဲနုန်းမြေ - နုန်းစနယ်မြေ - သဲစနယ်မြေ - စနယ်မြေစေးများ ဖြစ်ပါသည်။
အနည်းလို အဟာရနှင့် လိုအပ်သလို ပြုပြင်ပေးနိုင်ပါက မည်သည့် မြေပေါ်တွင် မဆို ပေါက်ရောက်ဖြစ်ထွန်း နိုင်သည်။ အရေးကြီးသည်မှာ အပေါ်ယံ မြေနှင့် အောက်ခံမြေအမျိုးအစား တူရပါမည်။ အစိုဓါတ် ကောင်းကောင်း ထိန်းနိုင်ရမည်။ လေဝင်လေထွက် ကောင်းရမည်၊ ဆပ်ပြာ၊ ယမ်းစိမ်း မပေါက်သော မြေမျိုး ဖြစ်ရပါမည်။ စိုက်ပျိုးရန် အသင့်တော်ဆုံး မြေအချဉ်အငန်ဓာတ်မှာ (၆-၆.၅) ဖြစ်သည်။
ဝါမျိုးစေ့ အပင်ပေါက်ရန် မြေအနက် ၄ လက်မနှင့် အနည်းဆုံး အပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက် (၁၆°C)ရှိရန် လိုအပ်ပါသည်။ ယင်းအပူ ချိန်ထက် လျော့နည်းပါက ဝါပင်ပေါက် စုံလင်စွာ မရနိုင်ပါ။ ဝါပင်ပေါ်တွင် အပိန့်၊ အပွင့်၊ အသီး ကြီးထွားဖွံ့ဖြိုးရန်အတွက် အကောင်းဆုံးနေ့ည ပျမ်းမျှအပူချိန်မှာ ၇၇-၈၉ ဒီဂရီဖာရင်ဟိုက် (၂၅-၃၀°C) ဖြစ်သည်။ ဝါပွင့်သီးချိန်တွင် နေ့အပူချိန် လျော့နည်းပါက အသီးပိုတင်သည်။
အမြင့်ဆုံး နေ့အပူချိန် ၂၉°C နှင့် အနိမ့်ဆုံး ညအပူချိန် ၁၉°Cသည် ဝါသီးတင်မှုကောင်းရန်နှင့် ဝါထွက်နှုန်းမြင့်မားရန် အသင့်တော်ဆုံး နေ့ည အပူချိန်များ ဖြစ်သည်။ ဝါပင်ခံနိုင်ရည် အမြင့်ဆုံး နေ့ည ပျှမ်းမျှအပူချိန်မှာ ၉၅-၉၉ ဒီဂရီဖာရင်ဟိုက် (၃၅-၃၇°C) ဖြစ်သည်။ အပူချိန် အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (၄၀°C) ထက် ကျော်လွန်ပါက ဝါပင်ဖြစ်ထွန်းမှုကို ထိခိုက်စေသည်။မျိုးကူးစပ်မှု မအောင်မြင်ပဲ အပွင့်နှင့် သီးကင်း ကြွေကျနိုင်သည်။ ခံနိုင်ရည်ရှိသော အနည်းဆုံး အအေး ဒီဂရီမှာ ၃၂ ဒီဂရီဖာရင်ဟိုက် (၀°C) ဖြစ်သည်။ ဝါပင်ပေါက်များသည် ၂၈-၃၀ ဒီဂရီဖာရင်ဟိုက် (-၁၊ -၂°C) တွင် သေစေနိုင်ပြီး ဝါပင်ကြီးများသည် ၂၃-၂၇ ဒီဂရီဖာရင်ဟိုက် (-၃၊ -၅°C) တွင် သေစေနိုင်သည်။ ဒီဂရီရက် ဝါသီးနှံ၏ အပူချိန် လိုအပ်ချက် ဒီဂရီရက် (Degree Days) (သို့မဟုတ်) အပူချိန်ယူနစ် (Heat Units) များဖြင့် ဖော်ပြလေ့ရှိပါသည်။
ဒီဂရီရက်များ တစ်ရက်ဆိုသည်မှာ လွန်ခဲ့သော ၂၄ နာရီအတွင်း ကြီးထွားမှု ဖွံ့ဖြိုးမှု ကျော်လွန်စည်း အပူချိန်ဟု ခေါ်ဆိုသည့် ဝါသီးနှံကြီး ထွားဖွံ့ဖြိုးရန် အနည်းဆုံး လိုအပ်သည့် အပူချိန်ထက်ပိုမို စုဆောင်းရရှိသည့် အပူချိန် စုစုပေါင်းကို ဆိုလိုသည်။ ဝါပင် ကြီးထွားရန်အတွက် အကောင်းဆုံး နေ့တာမှာ ၈-၁၂ နာရီအတွင်း ဖြစ်ပါသည်။
နွေခေါင်ခေါင် နေသာချိန်၌ရသော အလင်းရောင် ထက် တိမ်ကြားမှ ထွက်လာသော အလင်းရောင်က ပို၍ ဝါပင်ဖြစ်ထွန်းသည်။ မိုးရာသီတွင် မိုးအုံ့၍ အလင်းရောင်ရရှိမှု နည်းပါက အပိန့်၊ သီးကင်းများ ကြွေကျတတ်သည်။ နေ့တာ ၈နာရီထက်တိုလျှင် ဝါပင်သက်တမ်းတို၊ အပင်ဖြစ်ထွန်းမှုနည်းပြီး ဝါထွက်ညံ့သည်။ နေ့တာ ၁၂နာရီလက်ပိုလျှင်လည်း ဝါပင်သက် တမ်းရှည်၍ ဝါထွက်ညံ့သည်။
ဝါပင်ပေါက်ချိန်နှင့် ၎င်းနောက်ပိုင်းတွင် တာရှည်စွာ မိုးအုံ့ဆိုင်းမှုများ ဖြစ်ပေါ်ပါက ဝါထွက်နှုန်း ကျဆင်းနိုင်သည်။ ဝါပင် သန်စွမ်းကြီးထွားစေရန် ရေ (အစိုဓါတ်)လိုအပ်သည်။ အစိုဓါတ် မလုံလောက်လျှင် ဝါပင်ညှိုး၊ အပိန့်၊ အပွင့်နှင့် သီးကင်းများ ကြွေပြီး အပင်ကြီးထွားမှု နှေးမည်။ အစိုဓါတ်များလျှင်လည်း ဖြစ်ထွန်းမှုမရှိဘဲ အပိန့် နှင့် သီးခင်းများကြွေသည်၊အပင်ပုသည်။ ဝါပင်ကြီးထွား မှုအတွက် အသင့်တော်ဆုံးအစိုဓါတ်မှာ မြေ၏ အစိုဓါတ်ထိန်းစွမ်းအား (Field Capacity) ၏ ၆၀-၇၀% ဖြစ်သည်။ အပင်ကြီးထွားမှု အဆင့်အလိုက် မြေအစိုဓါတ်သည်- ပန်းမပွင့်မီ ၆၅% ပန်းပွင့်ဖြိုင်ချိန် ၇၀% ဝါသီးကွဲချိန် ၆၀% အသီးသီးရှိသင့်သည်။ လိုအပ်သော အစိုဓါတ်ရရှိရန် ဝါကို မိုးရေသောက်အဖြစ် စိုက်ပျိုးပါက နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၂၀ မှ ၄၀ လက်မအတွင်း ရွာသွန်းသော ဒေသများတွင် စိုက်ပျိုးနိုင်သည်။ သို့ရာတွင် နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၃၅ မှ ၄၅ လက်မအတွင်း ရွာသွန်းသော ဒေသများသည် အသင့်တော်ဆုံးဖြစ်သည်။
ဝါသီးနှံစိုက်ပျိုးရာသီအတွင်း မိုးရွာသွန်းမှု ညီညာပျံ့နှံ့ရန် လိုသည်။ ဝါသီးကွဲချိန်တွင် လေထုစိုထိုင်းဆ ၆၅% အောက် ရှိသင့်သည်။ ဝါပင်သည် အခြားသီးနှံပင်များကဲ့သို့ အဓိက အာဟာရဓါတ် ၉မျိုးနှင့် အဖြည့်ဓါတ် ၇မျိုး ရရှိစေရန် လိုအပ်သည်။ အဓိက အာဟာရဓါတ်များအနက် NPK ကို ဝါစိုက်ပျိုးရာတွင် လိုသလောက် ဖြည့်ထည့်ပေးရမည်။ အဖြည့်ဓါတ်များမှာ အနည်းငယ်သာလိုပြီး မူလကတည်းက မြေထဲတွင် လုံလောက်စွာ ရှိနိုင်သည်။
စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ