cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နာနတ်သီးစိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
မြန်မာအမည် - နာနတ်

အင်္ဂလိပ်အမည် - Pineapple

ရုက္ခဗေဒအမည် - Annaascomosus

မျိုးရင်းအမည် - BROMELIANCEAE

  • မျိုးများ

    နာနတ်သီးတွင်မျိုးအုပ်စု(၃)ခုရှိပါသည်။Cayenneအုပ်စုသည်အဓိကအရေးပါသောအုပ်စုဖြစ်ပြီးKewမျိုးများပါဝင်သည်။အသီးအရွယ်အစား(၂.၅‒၃.၅)ကီလိုဂရမ်အထိကြီးမားပြီးစည်သွပ်ရန်သင့်တော်သည်။အ သားအဝါရောင်ရှိ၍အရည်ရွှမ်းသည်။အရွက်၏အဖျားပိုင်းရွက်နားတွင်သာဆူးအနည်းငယ်ပါရှိပါသည်။(Queen)အုပ်စုတွင်ပါဝင်သောမျိုးများမှာအရွယ်အစားသေးငယ်ပြီးလတ်လတ်ဆတ်ဆတ်စားသုံးရန်အတွက်ဖြစ်သည်။အသီးအရွယ်အစား(၀.၄၅-၂.၇)ကီလိုဂရမ်အထိရှိပါသည်။အရွက်နားတစ်လျောက်တွင်ဆူးများပါရှိပါသည်။Spanishအုပ်စုမျိုးများမှာအသားအဖြုရောင်ရှိပါသည်။အခြားမျိုးများထက်ပို၍အပင်သန်စွမ်းပြီးရောဂါဒဏ်ခံနိုင်ရည်ရှိပါသည်။အပင်သက်တမ်းရှည်ပြီးအသီးအလေးချိန်(၀.၉‒၁.၄)ကီလိုဂရမ်ထိရှိပါသည်။အရည်အသွေးအနေဖြင့်စည်သွပ်ရန်မသင့်တော်ပါ။

    မြေအမျိုးအစား

    မြေဆီဩဇာထက်သန်ပြီးရေစိမ့်ဝင်မှုကောင်းသောသဲဆန်သောမြေ၊နုန်းမြေနှင့်ဂဝံမြေနီများသည်နာနတ်စိုက်ပျိုးရန်သင့်တော်သည်။ရွှံ့စေးမြေနှင့်ရေဝပ်မြေများတွင်စိုက်ပျိုးရန်မသင့်တော်ပါ။နာနတ်အတွက်အသင့်တော်ဆုံးသောမြေချဉ်ငံဓာတ်မှာpH(၅.၅-၆)ဖြစ်သည်။

    ရာသီဥတု

    အပူပိုင်းရာသီဥတုကိုနှစ်သက်သည်။အပူချိန်(၁၅.၅-၃၂°C)တွင်ကောင်းစွာဖြစ်ထွန်းသည်။ပင်လယ်ရေမျက်နှာပြင်အထက်(၄၈၈၀)ပေအထိစိုက်ပျိုးနိုင်သည်။ပျမ်းမျှမိုးရေချိန်(၆၀)လက်မရရှိသောဒေသများတွင် အကောင်းဆုံးဖြစ်ထွန်းသည်။

    မျိုးများ

    ထင်ရှားသောမျိုးများမှာဟင်္သာတနိဗ္ဗာန်မျိုး၊သီပေါမျိုး၊မြစ်ကြီးနားမျိုး၊သထုံမျိုးနှင့်ထိုင်ဝမ်နာနတ်တို့ဖြစ်သည်။

    မျိုးပွားခြင်း

    အပင်ဖြစ်ထွန်းမှုမှာစိုက်ပျိုးသည့်နာနတ်အမျိုးအစား၊ပျိုးပင်အမျိုးအစားအပေါ်မူတည်ပါသည်။နာနတ်မျိုးပွားရာတွင်သားတက်များကိုပျိုးပင်အဖြစ်ဖြတ်ယူမျိုးပွားကြရသည်။မျိုးပွားနိုင်သောသားတက်(၃)မျိုးရှိပါသည်။ နာနတ်ပျိုးပင်ကို-

    ၁။ Slip အသီးအောက်မှထွက်သောသားတက်

    ၂။ Sucker ပင်စည်မှထွက်သောသားတက်

    ၃။ Crown အသီးအပေါ်မှထွက်သောအပင်

    (နာနတ်ခေါင်း)

    အသီးအောက်မှထွက်လာသောသားတက်များSlipစိုက်ပျိုးခြင်းသည်ပင်စည်မှထွက်လာသောသားတက်(Sucker)စိုက်ပျိုးခြင်းထက်ပိုကောင်းသည်။Slipနှင့်Suckerစိုက်ပျိုးခြင်းသည်အသီးပေါ်ရှိအပင် (Crown) စိုက်ပျိုးခြင်းထက်ပိုကောင်းပါသည်။(Slip)မရနိုင်ပါကအလေးချိန်(၅၀၀)ဂရမ်ရှိsuckerများကိုစိုက်ပျိုးခြင်းကအကောင်းဆုံးဖြစ်သည်။Slipအထွက်များသောမျိုးဖြစ်ပါကအလေးချိန်(၃၅၀)ဂရမ်ရှိသောslipသီးများသီးသည်။Suckerဖြင့်စိုက်ပျိုးပါကslipထက်သီးပွင့်မှုပိုစေပါသည်။နာနတ်ခေါင်းဖြင့်စိုက်ပျိုးပါကအသီးထွက်ရက်(၇၀)ခန့်နောက်ကျပါသည်။အချို့မျိုးများတွင်slipမထွက်ပါ။စိုက်ပျိုးသည့်သားတက်အမျိုးအစားကွဲပြားပါကအပင်ကြီးထွားမှုမညီမညာဖြစ်ကာအသီးအထွက်လည်းမညီညာပါ။သားတက်များဖြင့်စိုက်ပျိုးခြင်းအပြင်Tissue cultureပျိုးပင်နာနတ်ခေါင်းမှအရွက်များကိုဖြတ်တောက်ပျိုးထောင်ထားသောပျိုးပင်များကိုလည်းအသုံးပြုစိုက်ပျိုးနိုင်ပါသည်။

    မြေပြုပြင်ခြင်း

    ကောင်းစွာထယ်ထိုးထွန်မွှေထားသောမြေပေါ်တွင်စိုက်ဘောင်အနံ(၃)ပေ၊အမြင့်(၆)လက်မရှိစိုက်ဘောင်များကိုတစ်ဘောင်နှင့်တစ်ဘောင်(၅)ပေခြား ၍ပြုလုပ်ပါ။ဘောင်ဆွဲစဉ်မြေခံအဖြစ်နွားချေး၊ယူရီးယား၊တီစူပါ၊ပိုတက်ရှ်မြေဩဇာများကိုထည့်သွင်းပြီးမြေပြုပြင်ရပါမည်။တောင်စောင်းဆင်ခြေလျှောများတွင်၎င်းဆင်ခြေလျှောကိုကန့်လန့်ဖြတ်၍(၁)ပေခန့်ရှိစိုက်မြောင်းများဖော်ရပါမည်။

    စိုက်ပျိုးခြင်း

    တစ်ဘောင်နှင့်တစ်ဘောင်(၅)ပေခြားပြုပြင်ထားသောစိုက်ဘောင်များပေါ်တွင်တစ်ပင်နှင့်တစ်ပင်နှစ်ပေခြား၍စိုက်ပျိုးပါ။

    မြေဩဇာကျွေးခြင်း

    မြေခံအဖြစ်တစ်ဧကလျင်နွားချေး(၃၀၀)အိတ်၊ယူရီးယား(၁.၅)အိတ်၊တီစူပါ(၁)အိတ်၊ပိုတက်ရှ်(၂)အိတ်နှုန်းအသုံးပြုပါ။သီးထွက်တစ်ရာသီအတွင်းတစ်ပင်လျင်ယူရီးယား(၂၅)ဂရမ်၊ပိုတက်ရှ်(၂၀)ဂရမ်ကျွေးပါ။မြေ ညံ့လျင်တီစူပါ(၈)ဂရမ်ထည့်ပါ။ယူရီးယားကိုနှစ်လခြားတစ်ကြိမ်ဖြင့်ခြောက်ကြိမ်၊ပိုတက်ကို(၂)ကြိမ်ခွဲ၍ထည့်ပါ။ထည့်ရမည့်တီစူပါအားလုံးနှင့်ပိုတက်ရှ်တစ်ဝက်ကိုအပင်စိုက်ပျိုးချိန်တွင်ထည့်သွင်းပေးပြီးကျန်တစ်ဝက်ကိုအပင်စိုက်ပြီး(၆)လအကြာတွင် ထည့်ပေးပါ။

    ပန်းပွင့်ရန်ဆောင်ရွက်ခြင်း

    မြေဖို့ပေးခြင်း

    အပင်များအမြစ်ကောင်းစွာစွဲရန်နှင့်မယိုင်လဲစေရန်အတွက်အပင်ခြေကိုမြေဖို့ပေးပါ။အသီးသီးပြီးသောအခါတွင်အပင်ခြေမှာမြင့်တက်သွားသဖြင့်အပင်ခြေမြေဖို့ခြင်းမှာလမိုင်းခင်းများတွင်ပိုမိုအရေးကြီးပါသည်။အပင်သိပ်သည်းစွာစိုက်ပျိုးသည့်စနစ်တွင်အပင်ခြေဘောင်တင်ခြင်းဖြင့်ပေါင်းမြက်ပေါက်ရောက်မှုကိုလျော့ချနိုင်ခြင်း၊အစိုဓာတ်ထိန်းပေးနိုင်ခြင်းနှင့်အပင်ယိုင်လဲမှုကိုလည်းကာကွယ်ပေးပါသည်။ပေါင်းမြက်ပေါက်ရောက်မှုလျော့ချရန်နှင့်အစိုဓာတ်ထိန်းရန်အတွက်အနက်ရောင်ပလပ်စတစ်များကိုလည်းအသုံးပြုနိုင်ပါသည်။ကောက်ရိုး၊မြက်ခြောက်၊လွှစာမှုန့်၊စပါးခွံတို့ဖြင့်လည်းအပင်ခြေနှင့်အပင်ကြားတွင်ဖုံးအုပ်ပေးနိုင်ပါ သည်။

    သားတက်များနှင့် အသီးခေါင်းဖယ်ရှားခြင်း

    ပန်းခိုင်ထွက်သည်နှင့်သားတက်များစတင်ထွက်ရှိလာပါသည်။အသီးကြီးထွားမှုနှင့်အတူ(slip)အသီးအောက်မှသားတက်များလည်းစထွက်လာပါသည်။အသီးအောက်မှသားတက်များ(slip)ကိုစိုက်ပျိုးရန်အရွယ်သို့ရောက်လျင်ရောက်ချင်းဖယ်ရှားပြီးစိုက်ခင်းထဲသို့ချစိုက်ပါ။ပင်စည်မှထွက်သောသားတက်အရေအတွက်များလျှင်အသီးအလေးချိန်တိုးလာသဖြင့်ပင်စည်သားတက်ဖယ်ရှားခြင်းကိုနောက်ကျနိုင်သလောက်နောက် ကျပြီးမှဖယ်ရှားနိုင်သော်လည်း(slip)များမှာအသီးရင့်မှည့်မှုကိုနောက်ကျစေသဖြင့်အချိန်မီဖယ်ရှားပါ။အသီးဆွတ်ခူးပြီးနောက်မိခင်အပင်တွင်သားတက်တစ်ခုသာချန်ထားပြီးကျန်သားတက်များကိုချက်ချင်းဖယ် ရှားပေးပါ။သားတက်များဖယ်ရှားပြီးလျှင်မြေ ဩဇာချက်ချင်ထည့်ပေးပြီးအပင်ခြေမြေဖို့ပေးပါ။အသီးများကြီးထွားမှုလျှင်မြန်လာစေရန်အသီးထိပ်ခေါင်းအတွင်းရှိအရွက်နုများကိုစတီးဇွန်းဖင်ဖြင့်လှည့်ပြီးချွေပစ်ရပါမည်။အပင်စိုက်ပြီး(၁၁‒၁၂)လအကြာအရွက်ဦးရေ(၄၀)ထွက်ပြီးချိန်တွင်ပန်းစတင်ပွင့်ပါသည်။ပန်းပွင့်မှုညီညာစေရန်အီသရယ်ဟော်မုန်းဆေး၁၀၀ppm(ရေသန့်ဆယ်ဗူးလျှင်အီသရယ်(၁)စီစီနှုန်း)ဖျော်စပ်ပြီးအပင်၏အလယ်တည့်တည့်သို့(၅၀)စီစီနှုန်းလောင်းထည့်ပေးပါ။ပိုးမွှား၊ရောဂါများပူနွေးပြီးခြောက်သွေ့သောအခြေအနေနှင့်မိုးရာသီတွင်ရေစိမ်းဆင်းမှုမကောင်းခြင်းကြောင့်ပင်စည်အလယ်ပုတ်ရောဂါဖြစ်တတ်ပြီးအရွက်များစိမ်းဝါရောင်ပြောင်းခြင်းနှင့်ရွက်ဖျားများအညိုရောင်ပြောင်းခြင်းများကိုတွေ့ရတတ်သည်။အပင်၏ဗဟိုစင်္ကြာရွက်များအသာအယာနှုတ်ကြည့်ပါကကျွတ်ထွက်လာပါသည်။ရေစိမ့်စီးမှုကောင်းအောင်ဆောင်ရွက်ပါ။သင့်တော်သောမှိုသတ်ဆေးများကိုအလှည့်ကျပက်ဖျန်းပေးပါ။

    ရိတ်သိမ်းခြင်း

    အပင်စိုက်ပြီး(၁၀‒၁၂)လသားအရွယ်တွင်ပန်းစတင်ပွင့်ပါသည်။ပန်းပွင့်ပြီး(၄‒၅)လသားတွင်ခူးဆွတ်ရိတ်သိမ်းနိုင်ပါသည်။လတ်လတ်ဆတ်ဆတ်စားသုံးရန်အတွက်အသီးများရွှေဝါရောင်ပြောင်းမှခူးဆွတ်လျှင်အကောင်းဆုံးဖြစ်သည်။

    Source: https://www.doa.gov.mm/fes/index.php?route=cms/article&article_id=45


  • article
likes10comments0
views61views1414