cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှမ်းစိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
နိဒါန်း

နှမ်းကို မိုး၊ မိုးနှောင်းနဲ့ မိုးကြိုရာသီတို့မှာ စိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံအပူပိုင်းဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ နှမ်းကို သီးသန့် ဒါမှမဟုတ် ပဲစင်းငုံနဲ့ သီးညှပ် စိုက်ပျိုး ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဖြစ်တဲ့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာတော့ စပါးစိုက်အပြီး သီးထပ် အနေနဲ့ စိုက်ပျိုးကြပါတယ်။


  • ရေ၊မြေ၊ ရာသီဥတုသဘာဝ

    ရေစီးရေလာကောင်းပြီး မြေဆီသြဇာထက်သန်တဲ့ မြေမျိုး၊ အစိုဓါတ်ထိမ်းသိမ်းနိုင်ပြီး ရေမဝပ်နိုင်တဲ့ မြေအမျိုးအစားကို ကြိုက်နှစ်သက်ပါတယ်။ မိုးရေနဲ့ အစိုဓါတ်သင့်တင့်ရင် မြေအမျိုးအစားမျိုးစုံမှာ စိုက်နိုင် ပါတယ်။ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေနဲ့ မြေနီသဲဝန်း မြေများမှာ စိုက်နိုင်ပါတယ်။ မြေချဉ်ငံဓါတ် ၅.၈-၇ အတွင်းရှိတဲ့ မြေများကတော့ အကောင်းဆုံးပါ။

    အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်မှာ အပင်ကောင်းစွာပေါက်နိုင်ပြီး ၂၀ ဒီဂရီစင်တီဂရိတ်အောက်ဆိုရင် တော့ မျိုးစေ့တွေ အပင်မပေါက်နိုင်ပါဘူး။ အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်အထက်မှာ အပင်ကြီးထွားနိုင်ပြီး အပွင့်ပွင့်ရန် အသင့်တော်ဆုံး အပူချိန်ကတော့ ၂၄ ကနေ ၂၇ ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်။ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက်ဆိုရင်တော့ သန္ဓေအောင်မှုထိခိုက်ပြီး အသီးတင်မှုနည်းစေပါတယ်။


    မျိုး၊ မျိုးစေ့နှုန်းထား

    ဆင်းပဒေသာ-၃ နှမ်းနက်မျိုးနဲ့ ဆင်းရတနာ-၄ နှမ်းမျိုးတို့ကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး အထက်မြန်မာနိုင်ငံ မိုးကြိုရေသွင်းစိုက်ဒေသများအတွက် ဆင်းရတနာ-၄ နှမ်းမျိုးနဲ့ ဆင်းရတနာ-၅ နှမ်းဝါ မျိုးများကို စိုက်ပျိုးနိုင်ပါတယ်။ ဆင်းရတနာ-၈၊ ဆင်းရတနာ-၉ နဲ့ ဆင်းရတနာ-၁၂ တို့ကိုလည်း စိုက်ပျိုးနိုင်ပါတယ်။ ကြဲပက်စိုက်မယ်ဆိုရင် တစ်ဧကကို ၂-၃ ပြီနှုန်း၊ အတန်းလိုက် စိုက်မယ်ဆိုရင် ၁.၅-၂ ပြီနှုန်း စိုက်ပျိုးသင့်ပါတယ်။ နှမ်းမစိုက်မီ အပင်ပေါက်ရာနှုန်းစမ်းသပ်ဖို့လိုပြီး အပင်ပေါက်ရာနှုန်း (၈၀) အထက်ရှိမှသာ စိုက်ပျိုးသင့်ပါတယ်။


    မြေပြုပြင်ခြင်း

    နှမ်းစိုက်ပျိုးဖို့ မြေပြုပြင်တဲ့အခါ မြေပေါ်မှာရှိတဲ့ ပေါင်းမြက်အားလုံးကို မြေကြီးအောက် (၆) လက်မ လောက်အနက်ရောက်အောင် ထယ်နက်နက်ထိုးရပါမယ်။ အဲဒီလိုထယ်ရေးနက်နက်ထိုးရတဲ့ အကြောင်း ကတော့ မြေဆောင်ရောဂါတွေကို ကာကွယ်နှိမ်နင်းဖို့ဖြစ်ပါတယ်။ မြေပြုပြင်တဲ့အခါ ထယ်ရေးတိမ်ရင် မြေဆောင်မှိုရောဂါများကြောင့် နှမ်းပင်ငယ်စဉ်မှာ အပင်ရောဂါကျရောက်မှုများပြီး အပင်ဦးရေ လျော့နည်း နိုင်ပါတယ်။ မိုးကြိုရေသွင်းနှမ်းစိုက်ဒေသများအတွက် မြေပြုပြင်တဲ့အခါ မြေမျက်နှာပြင်ညီညာစေဖို့ အထူး ပြုပြင်ဆောင်ရွက်ကာ ရေသွင်းရေထုတ်မြောင်းများနဲ့ ပတ်မြောင်းများရှိဖို့လိုပါတယ်။


    စိုက်ပျိုးနည်းစနစ်

    တစ်ဧကလျှင် အပင်ဦးရေ တစ်သိန်းလောက်ရဖို့ အတန်းလိုက်စိုက်ပျိုးမယ်ဆိုရင် သင့်တော်တဲ့ ပင်ကြားတန်းကြားကတော့ ဆင်းရတနာ-၄ နဲ့ ဆင်းရတာနာ-၁၂ တို့လို တစ်ပင်တိုင်မျိုးများအတွက် တန်းကြား ၁၂ လက်မနဲ့ ပင်ကြား ၄ လက်မ ထား ရှိပြီး ဆင်းရတနာ - ၃ ၊ ဆင်းရတနာ- ၅ နဲ့ ဆင်းရတနာ-၈၊ ဆင်းရတနာ-၉ တို့လို ကိုင်းဖြာမျိုးများအတွက် တန်းကြား ၁၅ လက်မနဲ့ ပင်ကြား ၄ လက်မထားသင့်ပါတယ်။ မျိုးစေ့ကို မြေအောက် ၁.၅-၂ လက်မထက် မနက်စေဘဲ အစိုဓါတ်မိအောင်စိုက်ပါ။ ကြဲပက်စိုက်ထားမယ်ဆိုရင် ထွန်နဲ့ ကန့်လန့်ဖြတ် မှုန်းပေးခြင်းကို အပင်ပေါက်စုံပြီး ၇-၁၀ ရက်အတွင်း ဆောင်ရွက်ဖို့လိုပါတယ်။


    စိုက်ပျိုးချိန်

    နှမ်းစိုက်ပျိုးဖို့ အသင့်တော်ဆုံးအချိန်တွေကတော့ မိုးဦးမှာဆိုရင် မေ-ဇွန်လ၊ မိုးလယ်မှာဆိုရင် သြဂုတ်လ၊ မိုးနှောင်းမှာဆိုရင် အောက်တိုဘာ-နိုဝင်ဘာလတို့ဖြစ်ကြပြီး မိုးကြိုမှာဆိုရင်တော့ ဖေဖော်ဝါရီ- မတ်တို့ဖြစ်ကြပါတယ်။


    သွင်းအားစုထည့်သွင်းအသုံးပြုခြင်း

    တစ်ဧကကို နွားချေး ဒါမှမဟုတ် မြေဆွေးလှည်း (၅-၁၀) စီး၊ ကောမက်စွမ်းအား (၁) အိတ် နှင့် ကောမက်ဂျစ်ပဆန် (၁) အိတ် ကို စိုက်ထယ်ရေးပြင်ချိန်မှာထည့်ပါ။ အဖူးစတင်ဝင်ချိန်မှာ တစ်ဧကကို ရွှေကောမက် (၁) အိတ်နှုန်းနဲ့ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်မှာ ကောမက်ဂျီ ၂၁ အိတ်ဝက် ထပ်မံထည့်ပေးပါ။


    အပင်ပြုစုစောင့်ရှောက်ခြင်း

    ရေသွင်းစိုက်ပျိုးမယ်ဆိုရင် မြေမျက်နှာပြင် ညီညာစေဖို့ ရေသွင်းမြောင်းများ စနစ်တကျ ပြုလုပ်ပေး ရပါမည်။ မူမှန်ရွက်ထွက်ချိန်ဖြစ်တဲ့ အပင်သက်တမ်း (၂) ပတ်သားမှာ နောက်ဆုံးအကြိမ်အဖြစ် တစ်ကျင်းကို တစ်ပင်ပဲချန်ပြီး သားခွဲပါ။ ကြားပေါင်းလိုက်ခြင်းကို အပင်ငယ်စဉ်မှာပဲ ပြုလုပ်ပေးပါ။ အပင်ပေါက်ချိန်ကနေ ရက် (၃၀) အတွင်း ပေါင်းမြက်ကင်းစင်အောင်လုပ်ပါ။အစိုဓါတ်ရှိလျှင်တော့ နှမ်းပေါင်းသတ်ဆေး အဖြစ် မက်တယ်ပေါင်းသတ်ဆေး ကို နှမ်းစိုက်ပီးပီးချင်း ဖျန်းပေးနိုင်ပါတယ်။ (နှမ်းပင်ပေါက်ပီးပါကဖျန်း၍မရပါ)။ နှမ်းပင်ပေါက်လာပီးပါက ဖော်ကျွန်း မြက်သီးသန့်သတ်ဆေးကို နှမ်းပင်များကြားတွင်း ဖျန်းပေးလို့ရပါတယ်။ အပွင့် စပွင့်ချိန်နဲ့ အပွင့်ရပ်စအချိန်မှာ ရေလိုအပ်မှုမရှိဖို့ လိုအပ်ပါက ရေတစ်ကြိမ်စီ သွင်းပေးပါ။ နှမ်းအထွက်ကောင်းစေဖို့ အပင်သက်တမ်းတစ်လျှောက် အစိုဓါတ်အလိုအပ်ဆုံးအချိန်ကတော့ စိုက်ပြီး (၁၅-၂၀) ရက်အတွင်း အပင်ငယ်စဉ်ကာလနဲ့ အဖူးဝင်ချိန်နဲ့ ပန်းပွင့်ပြီး (၃၅-၄၀) ရက် နှမ်းသီးပေါ်ချိန်တို့ဖြစ်ကြပါတယ်။ အပင်ငယ်စဉ် စုပ်စားပိုးတွေကျရင် ပင်လုံးပြန့်ပိုးသတ်ဆေး (ဘက်တား သို့မဟုတ် ဇွန်ဘီ )တစ်မျိုးမျိုးကို ပက်ဖျန်းပါ။ အပွင့်အသီး ဖြစ်ချိန်မှာ သီးလုံးဖောက်ပိုးနဲ့ နှမ်းထောင်ချိန်မှာ ကြမ်းပိုးမဲကျခဲ့ရင် ထိသေပိုးသတ်ဆေးတစ်မျိုးမျိုး (ဆိုက်ကလုံး သို့မဟုတ် အလန်း) ကို ပက်ဖျန်းပါ။ နှမ်းဖိုရောဂါသယ်ဆောင်တဲ့ ဖြုတ်ညိုကိုတွေ့ရင် ပိုးသတ်ဆေးတစ်မျိုးမျိုး (ဘက်တား ၊ ဇွန်ဘီ ၊ ဆိုင်ကလုံး) ကို သုံးပါ။ နှမ်းရိုးမဲရောဂါကျတတ်ရင် မျိုးစေ့ကို စတား မျိုးစေ့လူးနယ်ဆေး ဖြင့် လူးနယ်စိုက်ပျိုးပါ။ နှမ်းပင်တွင် ကျရောက်တတ်သော ရောဂါများကို နှိမ်နှင်းရန် (ဥပမာ - ရိုးမဲ ရောဂါ ) ယူနတီ မှိုသတ်ဆေး ကို အသုံးပြုပါ။


    ရိတ်သိမ်းခြင်း

    နှမ်းရိတ်သိမ်းတဲ့အခါမှာ သက်တမ်းအပေါ်မူတည်ပြီး နှမ်းပင်အလယ်သီးများကို ခွဲကြည့်ရပါမယ်။ အရောင်ရှိတဲ့ နှမ်းမျိုးဆိုရင် ခွဲကြည့်လိုက်တဲ့ နှမ်းစေ့အရောင် အနည်းငယ်ပြောင်းသွားရင် ရိတ်သိမ်းဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အထက်ပိုင်းကနေ အဖျားသီးတွေ အရောင်မပြောင်းပေမယ့် နှမ်းပုံထားတဲ့အချိန်မှာ အများစုဟာ ရင့်မှည့်ပြီး အရောင်ပြောင်းသွားကြပါတယ်။ နှမ်းစေ့အဖြူရောင်မျိုး ဖြစ်ရင် ခွဲကြည့်တဲ့နှမ်းစေ့များကို တစ်ညထားကြည့်ပြီး အရောင်ညိုမဲသွားခြင်းမရှိရင် ရိတ်သိမ်းသင့်တဲ့ အချိန် ဖြစ်ပါတယ်။ နှမ်းပင် ဒါမှမဟုတ် နှမ်းခင်းတစ်ခင်းလုံး ရွှေဝါရောင်သန်းတဲ့အချိန်မှာ ရိတ်သိမ်းပါ။


    စနစ်တကျနှမ်းပုံခြင်းနှင့် စည်းထောင်ခြင်း

    နှမ်းရိတ်ပြီး နှမ်းပုံရာမှာ အမိုးအကာအောက်မှာပဲ ဖြစ်သင့်ပါတယ်။ နှမ်းပုံတဲ့အခါ အသီးပါတဲ့ နှမ်းပင် အဖျားပိုင်းကို အလယ်မှာထားပြီး အဖျားနှစ်ခုထိပ်ဆိုင်ကပ်ပြီး ညီညာစွာ ပုံသင့်ပါတယ်။ နှမ်းပုံပြီး နှမ်းပင်များ (၃-၄) ရက်အကြာမှာ ထွာဆိုင်လောက်စည်းပြီး အရိပ်အောက်မှာပဲ ထောင်ထားသင့်ပါတယ်။ နေပူချိန်မှသာ အပြင်ထုတ်လှမ်းထောင်ပြီး ခါသင့်ပါတယ်။ နေပူချိန်ခါမှပဲ နှမ်းသီးတွေအားလုံးကွဲပြီး နှမ်းစေ့ အားလုံး ထွက်ရှိမှာဖြစ်ပါတယ်။ တစ်ကြိမ်ခါပြီး နှမ်းစည်းများကို အရိပ်အောက်မှာသာ ပြန်ထောင်သင့် ပါတယ်။ နေပူချိန်မှာသာ ပြန်ထုတ်လှမ်းပြီး ခါသင့်ပါတယ်။ ခြွေလှေ့သန့်စင်ပြီး နှမ်းတွေကို မျိုးအဖြစ် အသုံး ပြုမယ်ဆိုရင် အစိုဓါတ် ၉% အထိရအောင်လုပ်ပြီး လေလုံပိတ်သိုလှောင်သိမ်းဆည်းပါ။


    ဒေါက်တာကိုကို (စိုက်ပျိုးရေး)


    ကိုးကားချက်များ

    ၁။ မြေပဲ၊နှမ်း၊ နေကြာ၊ ပဲပုပ်သီးနှံစိုက်ပျိုးနည်းလက်စွဲ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၁၄။

    ၂။ နှမ်းသီးနှံစိုက်ပျိုးနည်းစနစ်ကောင်းများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၁၆။


  • article
likes24comments1
views553views2931