cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပျဉ်းကတိုးအပင်အကြောင်း

. စိုက်ပျိုးနည်းစနစ်များ
မြန်မာအမည်-ပျဉ်းကတိုး

အင်္ဂလိပ်အမည် - Iron Wood

သိပ္ပံအမည် - Xylia dolabriformis Benth.

မျိုးရင်း - Mimosaceae

  • အပင်ပုံသဏ္ဍာန်

    အလွန်ကြီးမား၍ အရွက်ပြတ်တတ်သော ရိပ်ခံပင်ကြီးပင် ဖြစ် သည်။ အမြင့်ပေ (၁၂၀)ခန့် ရှိ၍ မြေမှ လေးပေခွဲအမြင့်တွင် လုံးပတ် (၁၂)ပေခန့် အထိပင် ရှိနိုင်လေသည်။ သစ်သားသည် နီ၍ အလွန်မာ၊ အလွန်လေးပြီးလျင် ကြာရှည် ခိုင်ခံ့လေသည်။

    အရွက်

    အရွက်သည် ကျွန်းကဲ့သို့တစ်ရွက်တည်းမဟုတ်ချေ။ ရွက်ပေါင်း ဖြစ်၍ ရွက်ရိုး၌ ရွက်ငယ်များ တစ်ဘက်တစ်ချက်စီ ယှဉ်ထွက်ပြီးနောက် ရွက်ရိုး၏ထိပ်၌ တစ်ရွက်တည်း ထွက်သည်။ ဖေဖေါ်ဝါရီလ၌ အရွက် ကြွေ၍ ဧပြီ၊ မေလ၌ ရွက်သစ်လောင်းသည်။

    အပွင့်

    မတ်လတွင် အပွင့်ပွင့်သည်။ ထိကရုံးပွင့်ပုံမျိုး ဖြစ်သည်။ အနံ့ အနည်းငယ်မွှေး၏။

    အသီး

    အပွင့်ပွင့်ပြီးနောက် တောက်လျှောက် သီးလေသည်။ အသီး သည် ရင့်မှည့်ရန် တစ်နှစ်မျှ ကြာသည်။ မတ်လနှင့်ဧပြီလတွင် ရင့်မှည့် လေ့ရှိပြီး ရင့်မှည့်သည့်အခါတွင် အညိုရောင်ရှိ၍ အလွန်မာကျောလှ သည်။ အသီးသည် အပူအအေးဒဏ်ကြောင့် ဖြန်းကနဲ မြည်၍ ကွဲထွက် ပြီး အစေ့များ ပျံ့လွင့်ကာ မျိုးပွားလေ့ရှိသည်။

    ပေါက်ရောက်သည့် ဒေသများ

    မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရတတ်သော်လည်း ဗန်းမော် နယ်၊ မြစ်ကြီးနားနယ်နှင့် ရွှေကူအနီး ကောက်ကွေ့ချောင်းတစ်လျှောက်၌ မတွေ့ရပေ။ ပျဉ်းကတိုး အများဆုံး ထွက်သောဒေသများမှာ အထက် ချင်းတွင်းနှင့် ပဲခူးရိုးမတွင်ဖြစ်၏။ ပျဉ်းကတိုးပင်သည် သဲနုန်းမြေတွင် ရေမဝပ်ပါက ကောင်းစွာ ပေါက်လေသည်။ မိုးရေချိန်လက်မ(၈၀)ခန့်ရွာမှ ပိုကောင်းသည်။ တောင်ခြောက်များ၌ ပျဉ်းကတိုးပင်တို့သည် ထွားကျိုင်းမှုမရှိချေ။ မြေ ကျပ်၍ရေဝပ်သောဒေသ၌ ပျဉ်းကတိုးကို စိုက်၍မရနိုင်။ ပျဉ်းကတိုး သည် ကျွန်းကဲ့သို့ပင် ရွက်ပြတ်ရောတောမျိုး၌သာ ပေါက်လေ့ရှိသည်။

    အစေ့စုဆောင်းခြင်း

    စာဆိုအားဖြင့် ပျဉ်းကတိုး ပင်မကောင်းကောင်းတစ်ဝိုက်တွင် ချုံများကို ရှင်း၍ တံမျက်စည်းအပြောင် လှဲပြီး ကြွေကျလာသော အစေ့ကို ကောက်ယူရမည်ဆိုသော်လည်း လက်တွေ့အားဖြင့်မူ အသီး မှည့်များကို ရွေး၍ ပုတ်၌ လှောင်ပြီးလျှင် ဖုံးအုပ်ထားရမည်။ ထိုအခါ တွင် အသီးမှည့်သည် ခြောက်သွေ့၍ ညအခါ၌ ပုတ်ထဲတွင် တဖြန်း ဖြန်းနှင့် ကွဲလေရာ နောက်ဆုံး ကွဲသံမကြားရတော့သည်နေ့တွင်မှ ပုတ် တွင်း၌ အသီးအခွံများ ဖယ်ရှား၍ အစေ့ကို ယူရလေသည်။ ပျဉ်းကတိုး စေ့သည် နှစ်ချို့သွားပါက ပေါက်ရောက်နှုန်း နည်းသွားတတ်၏။ နှစ် ကျော်၍ သိုလှောင်ပါက သံပုံးတွင်ထည့်၍ ဂဟေကောင်းစွာ ပိတ်ရလေ သည်။

    သဘာဝအလျောက်မျိုးဆက်ပြန့်ပွားခြင်း

    နှစ်စဉ် အသီးသီးလေ့မရှိသော်လည်း တစ်နှစ်ခြားခန့် အသီးရ လေ့ရှိသောကြောင့် အစေ့ရလွယ်ပေသည်။ အစေ့တို့သည် အပင်ပေါက် မြန်၍ ပေါက်သောနှုန်းလည်း ကောင်းပေသည်။ သို့ရာတွင် မိုးတစ်မိုး လောက်အကြာ၌ အစေ့တို့သည် အပင်ပေါက်ကြပြီး မိုးပြတ်သွားပါက အမြစ်မတွယ်မီ ညှိုးနွမ်း၍ သေသွားတတ်ကြလေသည်။ မြေပွသောနေရာ၌ ပျဉ်းကတိုးအပင်ပေါက်များကို တွေ့ရတတ်သည်။ သစ်ရွက်များ ထူထပ်သောနေရာ၌ တွေ့ရန် ခဲယဉ်း၏။ ရေမဝပ်ရန် အရေးကြီးဆုံးပင် ဖြစ်သည်။ ငယ်စဉ်အခါတွင် လောင်းရိပ်လိုသော်လည်း အတော်အတန် မြင့်မားလာသည့်အခါ အလင်းရောင်ရမှ ပိုမို ကြီးထွားလွယ်၏။ အလင်းရောင်လိုသည့် အချိန်၌ အလင်းရောင်မရပါက အပင်ကြီးထွားမှ နှေးသည်ကို တွေ့ရပေမည်။ မီးဒဏ်ကို လုံးဝ ခံနိုင်စွမ်းမရှိချေ။

    ပဝတ္တိနည်းဖြင့် မျိုးဆက်ခြင်း

    ပဝတ္တိနည်းဖြင့် မျိုးဆက်ရန် များစွာ လွယ်ကူလေသည်။ အစေ့ သည် အပင်ပေါက်လွယ်၍ ပေါက်သည့် ရာခိုင်နှုန်း (Germination Percentage)လည်း ကောင်းသည်။ မိုးရွာမှ ပြတ်သွားလျှင်မူ အပင် ပေါက်များ သေတတ်သည်။ ဤသို့ မသေစေရန် စိုက်မည့်နေရာ၌ ကို အနည်းငယ်ဆွ၍ အစေ့ကို မျက်စိပါသည့်ဖက်အား မြေတွင်းသို့ နှိပ် သွင်းစိုက်ရသည်။ အကောင်းဆုံးနည်းမှာ မတ်လလောက်တွင် ပလပ် စတစ်အိတ်ငယ်များ၌ မြေထည့်၍ အောက်၌ ဝါးချွန်ဖြင့် ရေစိမ့်ဝင်ရန် အပေါက်များ ဖောက်ပြီးနောက် အစေ့ကို ပလပ်စတစ်အိတ်၌ ပျိုးရ သည်။ ရှေးယခင်က ဝါးဆစ်များကို သုံးရာ၌ ငွေပိုမိုကုန်ကျရုံမျှမက သယ်ယူရာ၌လည်း လေး၍ စိုက်သည့်အခါ၌လည်း ခွဲ၍ စိုက်ရသည့် အတွက် မလွယ်ကူလှချေ။

    အခြားတစ်နည်းမှာ ပျိုးခင်း၌ ပျဉ်းကတိုးစေ့များကို ပျိုး၍ အစေ့ရွက်များ (Cotyledons) စိမ်းစပြုသည်နှင့် ရွှေ့စိုက်ရသည်။ ဝါးချွန်ဖြင့်ထိုး၍ တွင်းငယ်ကလေး ဖြစ်သည့်အခါမှ အမြစ်ကို ထိုးသွင်း စိုက်ပျိုးခြင်းဖြစ်သည်။ ထိုသို့ စိုက်ပျိုးရန် အစေ့ရွက် စိမ်းလာသည့် အခါ မိုးမရွာလျင် အနီးရှိ ဝါးကျည်တောက် (သို့မဟုတ်) ပလပ်စတစ်၌ ထည့်၍ စိုက်ထားရသည်။ ထိုနည်းသုံးပါက အမြစ်များ လက်တစ်ဆစ် ခန့်တိတိ ဖြတ်တောက်ပြီးမှ စိုက်လျင် ပို၍ စိုက်ရလွယ်ကူလေသည်။

    ပျဉ်းကတိုးပင်ပေါက်သည် ရေသောက်မြစ်ရှည်လွန်းသော ကြောင့် အပင်ဖြစ်လာမှ ဆိုလျှင် ရွှေ့ပြောင်း စိုက်ပျိုးရန် မဖြစ်တော့ချေ။ ပျဉ်းကတိုးကို ကျွန်းကဲ့သို့ ငုတ်တက်ပြုလုပ် စိုက်ပျိုးပါက ရာခိုင်နှုန်း ပြည့်မဟုတ်သော်လည်း စိုက်ပျိုး၍ ရနိုင်ပေသည်။ သို့ရာတွင် ထိုသို့ ငုတ်တက်ပြုလုပ်စိုက်ပျိုးခြင်းဖြင့် ထူးကဲစွာ ကြီးထွားလွယ်မှုကို မရနိုင် သောကြောင့် ဒုက္ခခံ၍ ငုတ်တက်ပြုလုပ်ခြင်း မပြု ကြတော့ပေ။

    ကြီးထွားမှု

    စိုက်ခင်းများ၌ ပျဉ်းကတိုးပင်တို့၏ ကြီးထွားမှုမှာ မြေအမျိုး အစားကို လိုက်၍ မတူနိုင်ကြပေ။ နှစ်နှစ်သားတွင် နှစ်ပေမှ ရှစ်ပေခန့် အထိသာ ရှိတတ်သည်။ အနှစ်နှစ်ဆယ်ခန့်တွင် ပေ(၆၀)မှ (၇၀)ကျော် ခန့်အထိ ရှိ၏။ လုံးပတ်တိုးပွားနှုန်းမှာ သဘာဝတောများ၌ တစ်နှစ်လျှင် (၀.၇)လက်မမှ (၀.၉)လက်မခန့်အထိ ရှိ၍ စိုက်ခင်းများ၌ ပျမ်းမျှ အားဖြင့် (၁.၁) လက်မမှ (၁.၄)လက်မခန့်အထိပင် ရှိတတ်သည်။

    ရန်သူများ

    ပျဉ်းကတိုးသည် အခေါက်ပါးသဖြင့် ငယ်စဉ်တွင် မီးလောင်ပါ က လုံးဝ သေကြေပျက်စီးတတ်လေသည်။ ပျဉ်းကတိုးပင်ပေါက်စ ကလေး၏ အစေ့ရွက်ကို ပရစ်များက ကိုက်ဖြတ်စားသောက်လေ့ရှိ၍ စိုက်ပျိုးကာစတွင် အသေအကြေများတတ်သည်။ ဖောက်ပိုးကျ တတ် သော်လည်း ကိုင်းငယ်များကိုသာ ဖောက်တတ်သောကြောင့် သစ်သား တန်ဖိုး ယုတ်လျော့၍ မသွားပေ။ များသောအားဖြင့် အခေါက်ကိုသာ ဖောက်လေ့ရှိကြသည်။


  • article
likes9comments0
views244views1970