မူဆယ်နယ်စပ်ကနေ တရုတ်နိုင်ငံသို့ ငါးရှဉ့်တင်ပို့မှု နှစ်ဆန်းပိုင်းအထိ တန်ချိန်တစ်သောင်းနီးပါးရှိလာ
မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ ငါးရှဉ့်တင်ပို့မှုတွင် အခုနှစ် နှစ်ဆန်းပိုင်းအထိ တန်ချိန်တစ်သောင်းနီးပါး ရှိထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှငါးရှဉ့်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လကနေ တင်ပို့ခဲ့ရာ အခု ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ တန်ချိန် တစ်သောင်းနီးပါးရှိတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
လက်ရှိမှာတော့ တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်ကနေတင်ပို့နေတဲ့ ပို့ကုန်တွေထဲမှာ ငါးရှဉ့်တင်ပို့မှုက အများဆုံး ပါဝင်နေတယ်လို့သိရပြီး အရင်ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားတုန်းကတော့ ငါးရှဉ့်၊ ကဏန်းစတဲ့ ရေထွက်ကုန်တွေ ကို တင်ပို့မှုရပ်ဆိုင်းထားခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာ့ငါးရှဉ့်ကို တရုတ်နိုင်ငံကို ငါးရှဉ့်တင်ပို့ရာမှာ ပြည်တွင်းကုမ္ပဏီတွေနဲ့ တရုတ်ကုမ္ပဏီတွေအကြား ကုမ္ပဏီ အချင်းချင်း ချိတ်ဆက်ပြီး တရားဝင်တင်ပို့နေတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေဆီတင်ပို့တဲ့ ရေထွက်ကုန်တင်ပို့မှုတန်ဖိုးဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မှာ စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းတွေမှာတော့ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကနေ အများဆုံးတင်ပို့တဲ့ ကုန်စည်တွေအနက် မြေပဲဆန်၊ သခွားမွှေး၊ ကြက်သွန်နီ၊ ပဲတီစိမ်း၊ ဖရဲသီး၊ ငါးရှဉ့်၊ ငရုတ်သီး (အစို)၊ကဏန်း၊ အလူမီနီယံသတ္တု၊ နေလဲစေ့တို့ ပါဝင်နေတာလည်း ဖြစ်ပါတယ်။
၀၀၅
ဤဆောင်းပါးကို Opinion Leaders မှကူးယူဖော်ပြပါသည်။
-----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


