cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငရုတ်စိုက်တောင်သူတစ်ဦး၏ ဒိုင်ယာရီ

. ဗဟုသုတ
ရာသီက ပူလာသည်နှင့်အမျှ ဖျက်ပိုးတို့ကလည်း သောင်းကျန်းလာပါသည်။ အကောင်ကြီးလား အကောင်သေးလား ဆိုရင်တော့ လော‌လောဆယ် အကောင်သေးတို့ ခေတ်စားနေပါသည်။ လှေး၊ယင်ဖြူ အဆိုးဆုံးပင်။
  • လှေးနောက်လိုက်ရင်း ယင်ဖြူကို သတိမထားမိ၊ တစ်ချို့က ယင်ဖြူနောက်လိုက်ရင်း လှေးကိုသတိမထားမိကာ ငရုတ်ခင်းမှာအားရစရာဖြစ်မလာသည် မှာ အချိန်တွေကုန်မှန်းမသိကုန်လာခဲ့ပြီ။မွှားပင့်ကူနီကလည်း အားကျမခံ ဒုတိယလိုက်နေသည်။ ဖြုတ်ကိုလည်းမေ့ထားလို့မရ။ ပျကိုတော့ ကျွန်တော်တို့ငရုတ်တောင်သူများ ကောင်းကောင်းရင်ဆိုင်နိုင်ခဲ့သည်မှာ ကြာပြီ။

    သုံးရက်လောက်ဆေးဝေးလိုက်ရုံနဲ့ အခင်းအခြေအနေက ကြည့်လို့မကောင်းတော့။ ဆေးဖိုးနဲ့ နင့်လာပြီ။သို့သော် ဒီခရီး ရွေးပြီးမှတော့ အဆုံးထိလျှောက်ရုံ။ ကိုယ့်ခင်းဖြန်းနေရုံနဲ့ မပြီး ဘေးခင်းနီးချင်းကိုပါ ဖြန်းအောင်တိုက်တွန်းရသေးသည်။ အပင်ငယ်စဉ်ကတည်းက တလက်စက်ဖြန်းလာသူတွေကတော့ အဆင်ပြေသည်။ ပြေပါလိမ့်မည်။ သူတို့က မစိုက်ခင် နွားချေးအသားကုန် ပစ်ချထားတော့ မြေကတောင့်ပြီး အပင်ကို ပို့ပေးနိုင်သည်။ တော်ရုံပိုးရောဂါ ကို ဆေးကူလိုက်တာနဲ့ အပင်ကတောင့်ခံအာခံနိုင်သည်။ ဆေးသုံးမှန်တာမျိုးတွေကြောင့်လည်း အဆင်ပြေသွားတာလည်းဖြစ်နိုင်ပါလိမ့်မည်။ အဆင်မပြေသူတွေက တော့ ဆေးရက်ပါတ်ဝေးပြီး ဆေးကို တစ်မျိုးနှစ်မျိုးတည်း ပေကပ်သုံးနေသူများပင်၊ အပင်ငယ်စဉ်တုန်းကလည်း ဆေးဖျန်းရက် သိပ်မစိပ်ခဲ့တော့ ပိုးက ရှင်းသလို မရှင်းသလို။ အခင်းကလည်း ကောင်းသလို မကောင်းသလိုလို။ အခြားအကြောင်းအမျိုးမျိုးတွေကြောင့်လည်း အဆင်မပြေတာရှိပါလိမ့်မည်။

    အချို့ခင်းတွေဆို ရဲတောက်သွားပြီ။ ကုလည်း ပြန်လည်မလာနိုင်တော့။ ဆေးတွေကတော့ ပိုးကိုသတ်ပေးနိုင်ရင် သတ်ပေးနိုင်ပါလိမ့်မည်။ သို့သော် အပင်မှာတော့ မသေမသီးရောဂါကြီးနှင့် ကျန်နေခဲ့ပြီ။ စိုက်ပျိုးရေးပညာရှင်တွေပြောပုံအရဆိုရင် ဒီစုပ်စားပိုးတွေက ကျွန်တော်တို့လူတွေကို ခြင်ကိုက်ခံရလို့ ငှက်ဖျားရောဂါဖြစ်ကျန်ခဲ့သလိုမျိုးပင်။ လာကိုက်တဲ့ ခြင်ကိုတော့ ရိုက်သတ်နိုင်လိုက်ပေမင့် သူထိုးထည့်ခဲ့တဲ့ ငှက်ဖျားပိုးက ကိုယ့်သွေးထဲမှာ ကျန်ခဲ့ပြီး လူကဖျားကျန်နေခဲ့သလိုမျိုး။ စုပ်စားပိုးတွေ ငရုတ်ပင်ကို လာကျပြီး ကျွန်တော်တို့က သတိထားမိချိန်ကျ သူတို့ကအပင်ရည်ကိုစုပ်ပြီး အပင်အစာရည်ကြောထဲ ဗိုင်းရပ်(စ) ထိုးထည့်ကာ အပင်ကို နူထွတ်နေစေခဲ့သည်။ ဆေးဖြန်းတော့ ပိုးတွေသေရှာပါသည်။ သို့သော် သူတို့ထားခဲ့တဲ့ ဗိုင်းရပ်(စ) ဆိုတဲ့ ရောဂါကအပင်မှာစွဲကပ်နေခဲ့ပြီ။ နောက်ထွက်လာတဲ့ အညွန့်တွေ ဘယ်လိုမှ ပြန့်ကားမလာတော့။ အသီးတွေလည်း တို့အတူပင်။ သေးသေးလှီလှီတွေသာသီးတော့သည်။ စိုက်ပျိုးရေးပညာရှင်တွေကတော့ ထိုစုပ်စားပိုးတွေကို အခင်းတွေမှာ စကျကျခြင်း ဆေးဖြန်းနှိမ်နင်းနိုင်ဖို့ အဝါရောင်၊အပြာရောင်စေးကပ်ထောင်ခြောက်တွေသုံးခိုင်းသည်။ အဲ့ဒီ ထောက်ခြောက်တွေမှာ ပိုးကလာကပ်တော့ စိုက်ခင်းမှာ ပိုးကျနေပြီဆိုတာ အလွယ်တကူနဲ့ အလျင်အမြန်သတိထားမိပြီး ဆေးဖျန်းဖို့ နောက်မကျတော့ပဲ၊ အချိန်မီကုစားနိုင်မည်ဟုပြောကြသည်။ ထိုနည်းလမ်းသည် ကျွန်တော်တို့တောင်သူတွေအတွက် အသုံးဝင်နိုင်မည်ဟု ယုံကြည်မိသည်။ ထိုစုပ်စားပိုးတို့ကျရောက်မှုကို အခင်းပျက်စီးစပြုလာမှ ကျွန်တော်တို့တောင်သူအများစုက သတိထားမိကြသည်။ စောစောကပြောသလို ထောင်ခြောက်တွေထားစောင့်ကြည့်မယ်ဆိုရင် ငရုတ်ခင်းပျက်စီးမှသတိထားမိပြီး ဆေးထဖြန်းခြင်းထက်များစွာအကျိုးထူးနိုင်သည်။ ထိုထောင်ခြောက်မှာလာကပ်သည့် ပိုးတစ်ကောက်လောက်တွေ့လိုက်ရုံနဲ့ ဆေးဖြန်းဖို့စတင်မယ်ဆို ပိုးကိုလည်းနိုင်ပြီး ပညာရှင်တွေပြောတဲ့ ဗိုင်းရပ်(စ) ဆိုတာလည်း အကူးမခံရနိုင်တော့လောက်ပေ။

    ကံတရားကဖေးမလို့ ဒီနှစ်မိုးဦးလေးစောလို့ ပိုးဒါဏ်ကိုလည်း ဒီထက်မဆိုးအောင်ထိန်းထားနိုင်သေးရင်တော့ မျှော်လင့်စရာရှိသေးသည်။ ရေတစ်အိုးမိုးတစ်ပေါက်ဆိုသလိုပင်။မိုးကူမှပင် ဖြစ်တော့မည်။ မိုးအားလေးနဲ့ ရုန်းပြီး စုပ်စားပိုးဒါဏ်ကို အပူချိန်လည်း လျော့လာတော့ ခုသာ၊ခံသာရှိလာမည်။အဲ….ဒါပေမယ့် မိုးတအားများရင်လည်း အပင်တွေအစိမ်းညှိုးသေတာတွေကလည်း ကြုံရပြန်သေးသည်။ ရေခါကောင်းအောင်တော့ ကြိုပြင်ထားရမှာပေါ့လေ။

     ‌ငရုတ်ဈေးကတော့ မဆိုးရွားလောက်ဘူးထင်။ကိုယ့်ဘက်က သီးနှံထွက်အောင် လုပ်နိုင်ဖို့က အဓိက။ အစကောင်းမှ အနှောင်းသေချာနိုင်သည်ကို နားလည်သွားပြီ။

     ထယ်ရေးကောင်းကောင်းမပြင်ခဲ့၊နွားချေးမထည့်ခဲ့မိ၊ နွားချေးမထည့်ပဲ ငရုတ်စိုက်တာကတော့ ကားတို့၊ဆိုင်ကယ်တို့ကို အင်ဂျင်ဝိုင်မထည့်ပဲ အသုံးပြုမိသလိုပင်ထင်မိသည်၊ အင်ဂျင်ဝိုင်ခမ်းသွာရင် ထိုကားတို့၊ဆိုင်ကယ်တို့ အင်ဂျင်တွေ ဂျမ့်ဖြစ်ပြီးဘာမှသုံးမရတော့ပေ။ ထို့အတူပင် မြေကြီးသည်လည်း သစ်ဆွေးဓါတ်ခမ်းသွားရင် လုပ်ရကိုင်ရအရမ်းခက်ခဲသွားသည်။ နွားချေး ဒါမှမဟုတ် သဘာဝမြေဩဇာတွေက စိုက်ခင်းမြေကို သစ်ဆွေးဓါတ်ပြန်လည်ကြွယ်ဝလာစေပြီး ပြန်လည်ပြည့်ဖြိုးစေတာကို စိုက်ပျိုးရေးပညာရှင်တွေ၊ စိုက်ပျိုးရေးပညာပေးဦးစီးဌာနတွေ၊ စိုက်ပျိုးရေးအကြံပေးအဖွဲ့တွေ၊ကုမ္ပဏီတွေ က ဘာသီးနှံစိုက်စိုက် ထည့်စိုက်ကြဖို့ ဆော်ဩနေတာ သတိထားမိသည်။ ဒီငရုတ်တစ်သီးမှာ ကျွန်တော်တော့လိုက်မလုပ်မိခဲ့၊ ဒီကရှေ့တွင်တော့ လိုက်မလုပ်လို့မဖြစ်တော့။မြေတွင်းအောင်းပိုးသတ်ဆေးဘာညာ၊လုပ်စရာနည်းတွေ၊ကာကွယ်နည်းတွေက အသင့်ရှိပြီးသားကို မလုပ်ခဲ့မိ၊စရိတ်ခိုခဲ့မိခြင်းတွေ အခုတော့လာထိပြီ။အချိန်လွန်နောင်တ ဆိုတာ ပြင်မရတော့ပြီ။ နောက်နှစ်ပေါ့လေ။ ဒီတစ်သီးတော့ အများကြီးမျှော်လင့်ခွင့်မသာတော့။

    လာမယ့်ရာသီ စိုက်ချိန်ပြောင်းမလားစဉ်းစားမိ။ အခုက ဆောင်းအကုန်နွေအကူး၊ရာသီပူပူကို အပင်ငယ်ငယ်နဲ့ ဖြတ်မိသည်။ ရာသီကပူ၊ပိုးကထူချိန် ငရုတ်ပင်ငယ်ငယ်လေးကို မုန်တိုင်းထဲလွှတ်မိတဲ့လှေငယ်လေးတစ်စင်းလိုမြင်လာမိသည်။ ဘူးသီးနုနု၊ အမွေးသတ်မိသလိုမျိုးများလားမသိ။

    လာမယ့်ရာသီ ဆောင်းဦးမှာ စစိုက်မလားစဉ်းစားမိသည်။ဆောင်းမှာ နွေရာသီထက်တော့ ပိုးကျသက်သာသည်။ အပူဒါဏ်လည်းသက်သာတော့ ငရုတ်ပင်ငယ်လေးတွေအတွက် ဖြစ်ထွန်းဖို့ အားပေးနိုင်သည်။ မိုးကုန်ခါနီးလေးမှာ ပျိုးထောင်ထားမည်။ မိုးကုန်ဆောင်းကူးတာနဲ့ ထယ်ရေးပြင်၊နွားချေးထည့်မည်။ ဂျစ်ပဆန်ထည့်၊ပိုတက်တွေ၊တီစူပါတွေမဖြစ်မနေထည့်မည် မြေတွင်းအောင်းပိုးသတ်ဆေးတွေထည့်မည်။ ဘောင်ကိုပလပ်စတစ်အိတ်အုပ်စိုက်မည်စဉ်းစားထားသည်။ ပလပ်စတစ်အိတ်အုပ်စိုက်ကြသူတွေ အတော်အဆင်ပြေတာ တွေ့ရသည်။ မြေကြီးအစိုဓါတ်လည်း ထိန်းတော့ ရေသွင်းရသက်သာသည်ဟုပြောသည်။ ပိုးဒါဏ်လည်းကာကွယ်သည်ဟုပြောသည်။ လုပ်သင့်သည့် ကိစ္စပင်။

    ပျိုးခင်းကတည်းက စုပ်စားပိုးအပြတ်ရှင်းထားမည်တွေးသည်။ ဘာလို့ဆို တစ်ခါက ကြက်သွန်ပျိုးခင်းမှာ လှေးကြနေတာကို အပြတ်မရှင်းပဲ၊ ရွှေ့စိုက်ချိန်ကြ သူ့အလိုလို လှေးတွေပျောက်သွားလိမ့်မယ်ဆိုပြီး ပေါ့ပေါ့တန်တန်အတွေးမှားပြီး ဆေးမဖြန်းမိခဲ့ ။ စိုက်ခင်းကြီးထဲထိပါလာပြီး လှေးအကောင်ရေက ထိန်းမရတော့ပဲ ကြက်သွန်းတစ်ဧက ဆုံးရှုံးဖူးသည်မို့ တစ်ခါသေဖူးပျဉ်ဖိုးနားလည်သွားသည်။

    ပျိုးသက်ကို တစ်လခွဲထက်မပိုအောင် ရွှေ့စိုက်ကြည့်မည်။ ပျိုးသက်ကြီးမှဆို အမြစ်တွေရှည်ပြီး ခေါက်နေတာမျိုးတွေကြုံရသည်ဟုကြားဖူးသည်။ အပင်စွဲမမြန်ပဲ အထနှေးနေတတ်သည်။ ရွှေ့မစိုက်ခင် အမြစ်တွေဆေးစိမ်ပြီး စိုက်ကြည့်ဦးမည်။ အမြစ်သစ်တွေထွက်ပြီး အစွဲမြန်သည်ဟု ဆေးစိမ်ဖူးတဲ့သူတွေပြောကြသည်။ စိုက်ခင်းထဲ ရောက်ပြီဆိုတာနဲ့ စူဠလိပ်ရေထဲလွှတ်သလို ငရုတ်ပင်လေးတွေ ပျော်ပျော်ကြီး ကြီးထွားနိုင်အောင် ဂရုစိုက်မည်။ စုပ်စားပိုးတွေ အနားတောင်မသီစေရ။

    အပင်လို ရေခို၊အသီးလို ရေပို ဆိုတဲ့ အဘိုးတို့စာချိုးကို ကောင်းကောင်းအသုံးချရမည်။ အပင်ငယ်စဉ်မှာ ရေသွင်းများတာက အတော်ဆိုးသည်။ အပင်က ဘယ်လိုမှတက်မလာတော့။ စိုက်ပျိုးရေးမှာ စာတင်မှတ်ကျောက်ပြုထားတဲ့ ပညာရပ်တွေကို လက်တွေ့အသုံးချမည်။ ကုန်တော့ကုန်လိမ့်မည်။သို့သော် ပြန်ရလာမည့်အကျိုးအမြတ်ကလည်း စရိတ်ကြောက်လောက်အောင်မရှိ။ လုပ်စရာရှိတာတော့ လုပ်ရမည်။ လုပ်ရမည့် အခုငါးဆယ်မှာ ၄၉ ခုလုပ်ပြီး တစ်ခုလေးမလုပ်ရုံနဲ့ လုပ်ခဲ့တဲ့ ၄၉ ခုလုံးပါ ဆုံးရှုံးစေနိုင်သည်က စိုက်ပျိုးရေး၏ခါးသီးတဲ့အမှန်တရားပင်။ဆိုတော့ အကုန်လုပ်ရမည်။ အရိပ်တကြည့်ကြည့်နဲ့ ရှိနေမှကို ဖြစ်မည်။

    လှေးသတ်ဖို့ ဆေးတွေကို ဆေးကုမ္ပဏီဝန်ထမ်းတွေဆီက မေးကြည့်တော့၊ ဒီဆေးတွေသုံးလို့ရမယ်ဆိုလို့ စာရင်းလုပ်ထားလိုက်သည်။ (စပိုင်နီတိုရမ်၊သိုင်ရာမီသိုဇမ်၊အဆီတာမီပရစ်၊ဖော်မီတနိတ်ဟိုက်ဒရိုကလိုရိုဒ်၊ဖစ်ပရိုနေး၊အဘာမက်တင်၊ကလိုဖီနာပျာ၊တိုဖန်ပိုင်ရတ်)။

     ယင်ဖြူနဲ့ ဖြုတ်ကိုတော့ (စပီရိုမက်စီဖန်း၊စပီရိုတတ်ထရာမက်၊ထရိုင်ဖလူမီဇိုပိုင်ရမ်၊ပိုင်မီထရိုဇင်း၊ဗျူပရိုဖီဇင်း၊တိုဖန်ပိုင်ရတ်) ဆေးတွေနဲ့ ထောက်ထားမယ်။ ပျအတွက်ကတော့ အေးဆေးပါ။ခေါင်းထဲကို ထည့်မနေတော့ဘူး။ ကျွဲကူးရေပါ လှေး၊ယင်ဖြူနဲ့ ဖြုတ်ကို ကာရင်းနဲ့ ပျကိစ္စပါရှင်းသွားမှာ။

    နောက်တစ်ခုက။ ဖလံဖြူတာလိုလို၊နေလောင်တာလိုလို၊ ကယ်လဆီယမ်ချို့တဲ့တာလိုလို၊ ဘာမှန်းမသိရတဲ့ကိစ္စ။ ကျွန်တော်တစ်ဦးတည်းအမြင်အရဆိုရင် အစကတည်းကဖြည့်ကျင့်ရမယ့်ကိစ္စတွေထဲက တစ်ခုခုမလုပ်ခဲ့မိလို့ထင်သည်။ ဘာလို့အဲ့သလိုပြောနိုင်လည်းဆိုရင် အခုရာသီကို ငရုတ်အောင်မြင်နေတဲ့သူတွေက လုပ်ရမယ့်အလုပ်တွေ အကုန်အမှန်အကန်လုပ်ခဲ့လို့ဆိုတာကို တွေ့ရသည်။

    ကယ်လဆီယမ်ချို့တဲ့မှုကြောင့် မဆုံးရှုံးချင်ရင် ကယ်လဆီယမ်မချို့အောင်လုပ်ရမည်။ ဂျစ်ပဆန်တွေ ထယ်ရေးကိုင်ကတည်းက ထည့်ခဲ့တာမျိုးပေါ့။ အပွင့်တွေကြွေတာမျိုးတွေ အတွက်လည်း စိုက်ပျိုးရေးပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဖြေရှင်းရမည်။ အသီးမှာ ဖလံဖြူကျတဲ့ကိစ္စ။အသီး ပုံပျက်ရင်သိတဲ့အတိုင်းပဲ ‌ဈေးရဖို့ကမလွယ်တော့။ နွားချေးကတော့ မဖြစ်မနေထည့်မှဖြစ်တော့မည်။ နွားချေးမပါပဲ စိုက်တာကတော့ ကံကိုပုံပြီး ဆူးပုံနင်းတဲ့ အဖြစ်မျိုးပင်။ နွားချေးမပါပဲတော့ လုံးဝမစိုက်သင့်။ ဟိုးအရင်တုန်းက ၊ ငရုတ်ပင်လေး လက်ဖက်ရည်ဆိုင်က ရေနွေးဓါတ်ဘူးလုံးလောက် အရွယ်ရောက်လာမှ အပင်အနေအထားကိုယ့်ဘက်ပါလာပြီဆိုမှ အစာကျွေးပြုစုချင်၊ရေတိုက်ချင်၊ပိုးသတ်ဆေး၊ရောဂါကုပေးချင်တဲ့ အယူအဆကိုလည်း ခေါင်းထဲက ထုတ်ပစ်ရမည်။ နောက်နှစ်တော့ အောင်ကိုအောင်ရမည် ယုံကြည်မိသည်။ အတွေ့အကြုံတွေနဲ့ အခက်အခဲတွေက အဖြေမှန်ဆီ တွန်းပို့သွားမှာပါ။

     


  • article
likes20comments0
views191views2931