မိုးစပါးနှင့်ပေါင်းသတ်ဆေး
ဆေးအမျိုးအစားတွေကလည်းစုံလှပါသည်။ မြက်သတ်နိုင်တဲ့နေရာမှာ စွမ်းတာ၊ မုံညှင်းမှာဆရာတစ်ဆူ၊ ရွက်ဝိုင်းဆိုလှည့်ကို မကြည့်နဲ့ စသဖြင့် တောင်သူဦးကြီးများအတွက် ရွေးချယ်သုံးစွဲဖို့ မခက်ခဲအောင်ရှိလှပါသည်။ သို့သော်………
ဆေးစွမ်းကောင်းများစွာရှိပါသော်လည်း ၊ မြင်းခွာသံတစ်ချက်လေး မရိုက်မိလိုက်တာနဲ့ စစ်ပွဲကြီးတစ်လုံး ရှုံးလိုက်ရတဲ့ အဖြစ်လိုမျိုးနဲ့ မကြုံရအောင်၊ ဆိုလိုသည်မှာ အောက်ဖော်ပြပါအချက်များထဲမှ တစ်ချက်လေးလွဲရုံမျှဖြင့် ပေါင်းတွေမနိုင်၊ နှစ်ဆောင်ပြိုင်ဖြစ်ကာ စပါးဆုံးရှုံးမှုတွေမဖြစ်ရလေအောင်
ပေါင်းသတ်ဆေးသုံးစွဲရာမှာ လိုက်နာရမည့်အချက်များ ကို မျှဝေလိုက်ရပါသည်ခင်ဗျာ။
၁။ ပေါင်းသတ်ဆေးရွေးချယ်မှုမှန်ကန်ရမည်။ (ဥပမာ-စိုက်ပျိုးသောသီးနှံနှင့် ပေါက်ရောက်သောပေါင်းအမျိုးအစားအလိုက် ကိုက်ညီသောဆေးဖြစ်ရမည်)
၂။ သင့်တော်မှန်ကန်သော ဆေးနှုန်းထားဖြစ်ရမည်။(ဆေးဗူး/ပုလင်းတွင်ပါရှိသည့် အညွှန်းပါအတိုင်း)
၃။ပက်ဖျန်းချိန်မှန်ရမည်။(ပေါင်းပင်နှင့်သီးနှံပင် သက်တမ်း၊အခြေအနေ)
၄။ ပတ်ဝန်းကျင်အခြေအနေမှန်ရမည်။ လေဆန်၍ မဖျန်းရ။ လေတိုက်သောနေ့ ၊ မိုးရွာသောနေ့နှင့် နေပြင်းသောအချိန်များတွင် မဖျန်းရပါ။
၅။ မြေမျက်နှာပြင်ညီညာ၍ ရေသွင်းရေထုတ်ချိန်မှန်ကန်ရမည်။
၆။ ဆေးဖျန်းရာတွင် အသုံးပြုမည့်ရေသည် ကြည်လင်ရမည်။
၇။ ဆေးအမျိုးအစားကိုလိုက်၍ ဆေးဖျန်းပြီး သုံးနာရီ မှ ခြောက်နာရီအတွင်း မိုးလွတ်ရမည်။ (ဥပမာ ဂလိုင်ဖိုဆိတ်)
၈။ သင့်တော်သောဆေးဖျန်းခေါင်းသုံးပါ။ ပင်လုံးပြန့်နှင့် မြေပေါ်ဖျန်းဆေးအတွက် ယပ်တောင်ပုံနှင့် ထိသေဆေးအတွက် ပိုးသတ်ဆေးဖျန်းခေါင်းကို အသုံးပြုနိုင်သည်။
၉။ ဆေးတစ်မျိုးတည်း ဆက်တိုက်သုံးစွဲပါက ပေါင်းသတ်ဆေးဒါဏ်ခံနိုင်သော ပေါင်းမျိုးစိတ်နှင့် နှိမ်နင်းရခက်သော ပေါင်းများပေါ်ပေါက်လာနိုင်ပါသဖြင့် ဖြစ်နိုင်ပါက ဆေးတစ်မျိုးတည်းကို သုံးနှစ်ဆက်တိုက်သုံးစွဲပြီးပါက ဆေးအုပ်စုမတူသောဆေးကို ပြောင်းလဲသုံးစွဲပါ။
၁၀။ ပေါင်းသတ်ဆေးနှစ်မျိုးသုံးမျိုးရောသုံးခြင်းသည် တစ်မျိုးတည်း သုံးခြင်းထက်ပို၍ အာနိသင်ထက်မြက်သည်။ ဆေးနှုန်းထား၊ ရောစပ်ပုံများ လွဲမှားနိုင်သဖြင့် အသင့်အရောဆေးကို ဝယ်ယူသုံးစွဲပါ။
၁၁။ ပေါင်းသတ်ဆေးဖျန်းပုံးသီးသန့်ထားရန်နှင့် မဖျန်းမီနှင့် ဖျန်းပြီးချိန်တွင် ဆေးဖျန်းပုံးကိုသေချာစွာသုံးစွဲပြီးမှသုံးပါ။
၁၂။ မြေပေါ်ဖျန်းပေါင်းသတ်ဆေးအသုံးပြုရာတွင် ဆေးဖျန်းခေါင်းနှင့် မြေကြီးအကွာအဝေး တစ်ပေခြား၍ ဖျန်းပြီး အရွက်ဖျန်းပေါင်းသတ်ဆေးအသုံးပြုရာတွင် ဆေးဖျန်းခေါင်းနှင့် အပင်ထိပ်ဖျားအကွာအဝေး တစ်ပေခြား၍ ဖျန်းရမည်။
Source:DOA


