cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်နည်း

. အိမ်တွင်းဥယျာဉ်
အီးအမ်ဘိုကာရှီဆိုသည်မှာ ဂျပန်ဝေါဟာရဖြစ်ပြီး အဓိပ္ပာယ်မှာ အချဉ်ဖောက်ထားသော (သို့) ဆွေးမြေ့အောင်လုပ်ထားသော အော်ဂဲနစ်ပစ္စည်းများ ဖြစ်ပါသည်။
  • ဘိုကာရှီမြေဆွေးသည် အကျိုးပြုအဏုဇီ၀ သက်ရှိများကို သီးနှံစွန့်ပစ် ပစ္စည်းများ၊ တိရိစ္ဆာန်ချေးများနှင့် စနစ်တကျ ရောနှောပြုလုပ်ရရှိသော မြေဆွေးဖြစ်သည်။ဘိုကာရှီမြေဆွေးသည် ရိုးရိုးမြေဆွေးကဲ့သို့ အချိန်ကြာကြာ ဆွေးမြေ့အောင် စောင့်ရန်မလို။အဆွေးမြန်သည်။အကျိုးပြု အဏုဇီဝများပါသည်။နှစ်ပတ်ကျော်လျှင် စိုက်ခင်းတွင် အသုံးပြုနိုင်သည်။အပင်အတွက် အာဟာရကြွယ်ဝစေသည့်အပြင် မြေသားတည်ဆောက်မှုကိုလည်း ကောင်းစေသည်။

    ပြုလုပ်နည်း

    ၁. ရှေးဦးစွာ စည်ပိုင်းပြတ်(သို့) အဝကျယ် အိုးတစ်လုံးထဲတွင် အသင့်သုံးအီးအမ် (၁)ဆ၊ တင်လဲရည် (၁)ဆနှင့် ရေ (၉၈)ဆ ရောစပ်ပါ။

    ၂. ကောက်ရိုးများကို အီးအမ်ဖျောရည်ထဲနှစ်ပြီး ရေစစ်၍ အရိပ်အောက်တွင် အလျား(၆)ပေ၊ အနံ(၃)ပေ၊ အထူ(၆) လက်မခန့် ဖြန့်ခင်းလျက် မြေပေါ်တွင်ပုံပါ။၎င်းအပုံကို ပွမနေစေရန် တတ်နိုင်သမျှ ဖိသိပ်ပေးပါ။

    ၃. ထို့နောက် ၎င်းကောက်ရိုးပုံအပေါ်တွင် နွားချေးအထူ (၁) လက်မခန့် ဖုံးအုပ်ပေးရမည်။ (ဖြစ်နိုင်ပါက တစ်လွှာတွင် ဖွဲနုလက်တစ်ဆုပ်ခန့် ထည့်နိုင်လျှင် ပိုကောင်းပါသည်။)

    ၄. ဤနည်းအတိုင်း ကောက်ရိုးတစ်လွှာ၊ နွားချေးတစ်လွှာ အဆင့်ဆင့် ထပ်ပုံပြီး အမြင့် ၄ပေခန့်အထိ ရအောင်ပုံပါ။

    ၅. ထို့နောက် ပလတ်စတစ်စ (သို့) ပီနန်အိတ်ခွံများဖြင့် လုံအောင်ဖုံးပါ။ ပီနန်အိတ်ခွံမရှိပါက ကောက်ရိုးဖြင့် အထူ (၆)လက်မခန့် တတ်နိုင်သမျှ လုံအောင် ပတ်လည်ဖုံးအုပ်ပေးရပါမည်။

    ၆. တစ်ပတ်ခန့်အကြာတွင် အဖြူရောင်မှိုမျှင်များ ထွက်လာသည်ကို တွေ့ရမည်ဖြစ်ပြီး (၁၅) ရက်ခန့်ကြာလျှင် အသုံးပြုနိုင်ပြီဖြစ်သည်။အဖြူရောင်မှုမျှင် များများထွက်လေ ကောင်းလေဖြစ်သည်။ (၁၅) ရက်အတွင်း အသင့်သုံးစွဲနိုင်သည့် အီးအမ်မြေဆွေးပုံကို ရရှိစေမည်ဖြစ်ပါသည်။

    ၇. အရိပ်ရှိသော နေရာ၊ ရေမဝပ်သောနေရာတွင် ပြုလုပ်ပါ။

    အီးအမ်မြေဆွေးများသည် အခြားမြေဆွေးများကဲ့သို့ လုံးဝဆွေးအောင် စောင့်စရာမလိုဘဲ သုံးနိုင်ပါသည်။ အပင်အတွက် အန္တရာယ်မရှိပါ။ အီးအမ်ဖြင့် ပြုလုပ်သော မြေဆွေးသည် အီးအမ်မပါသော မြေဆွေးထက် အပင်အတွက် လိုအပ်သော အာဟာရဓါတ်ပါဝင်မှု ပိုများပြီး အပင်ကို အန္တရာယ်ဖြစ်စေသော ဓာတ်ငွေ့နှင့် အပူဓာတ်ပါဝင်မှုနည်းပါသည်။

    ကောက်ရိုးအစား ပြောင်းရိုး၊ ဂျုံရိုး၊ နှမ်းရိုး၊ ပဲမှော်၊ မြေပဲခွံ၊ လွှစာ၊ သစ်ရွက်ခြောက်၊ အမှိုက် စသည့် အော်ဂဲနစ် ပစ္စည်းများကို အသုံးပြုနိုင်ပါသည်။ပေါင်းရှင်းထားသော မြက်စိမ်းများ၊ သစ်ရွက်စိမ်း၊ ဗေဒါပင် အစိမ်းများလည်း သုံးနိုင်ပါသည်။

    တင်လဲရည် မရနိုင်ပါက ထန်းလျက်ကို အသုံးပြုနိုင်ပါသည်။တင်လဲရည်၊ ထန်းလျက် မထည့်ဘဲလုပ်လျှင် ရနိုင်သော်လည်း မကောင်းပါ။ကောက်ရိုးကို အီးအမ်စိမ်းခြင်း ပြုလုပ်ရန် ခက်ခဲပါက တစ်လွှာပုံပြီးတိုင်း နွားချေးအလွှာပေါ် အီးအမ်ဖျော်ရည်ကို အထက်ပါ အချိုးအတိုင်းရေရော၍ ဖျန်းနိုင်ပါသည်။ ရေဖျန်းပုံး အပေါက်သေးသေးနှင့် မြေကြီးပေါ် ရေရွှဲအိုင်သည်အထိ အချိန်ယူဖျန်းရပါမည်။အဓိကမှာ ကောက်ရိုးမျက်နှာပြင်အနှံ့ ရေထိရန်လိုအပ်ပါသည်။ ရေဖျန်းရာတွင် ရေလျှောမကျစေရန် အပေါ်ဆုံးအလွှာပြုလုပ်ရာတွင် အနည်းငယ်ချိုင့်ထားပါ။အစိုဓာတ် ရှိနေစေရန် အခါအားလျော်စွာ ရေဖျန်းပေးပါ။ မြေဆွေးပုံပြုလုပ်ရာတွင် အပုံဘေးနှုတ်ခမ်းပတ်လည် အဆွေးနည်းပြီး အလယ်ပိုင်းကသာ ပိုမိုဆွေးလေ့ရှိပါသည်။ထို့ကြောင့် ကောင်းစွာမဆွေးသော ဘေးပတ်လည်နေရာ နည်းသွားစေရန် အပုံသေးသေးများစွာမပုံဘဲ အပုံကြီးကြီးတစ်ပုံသာ ပုံသင့်ပါသည်။ အနံ (၆)ပေထားပြီး အလျားကို နေရာရှိသလောက်ထား၍ အမြင့်ကို (၄)ပေထားသင့်ပါသည်။ သို့သော်တွက်ချက်မှုလွယ်ကူစေရန် အလျား(၆)ပေ၊ အနံ(၃)ပေ၊ အမြင့် (၃)ပေထားပြီး ထိုမြေဆွေးပုံတစ်ပုံအတွက် လိုအပ်သော ပစ္စည်းများကို အောက်ပါအတိုင်း တွက်ယူနိုင်ပါသည်။

    ၁။ အသင့်သုံးအီးအမ် ၃လီတာ (ရေသန့်ဘူး ၃ဘူး)

    ၂။ တင်လဲရည် ၃လီတာ (ရေသန့်ဘူး ၃ဘူး)

    ၃။ ရေ ၄ဂါလံပုံး (၂၀)ပုံး

    ၄။ နွားချေး ၃ တင်း

    ၅။ ဖွဲနု ၁ပြည် (ထည့်နိုင်ပါက ထည့်ရန်)

    အထက်ပါ အချိုးအစားမှ မြေဆွေး ၂ တန်ရပါမည်။ တစ်ဧက အတွက် အသုံးပြုရန် မြေဆွေး ၅ တန်လိုအပ်ပါမည်။

    ပါမောက္ခ ဒေါက်တာမြင့်လွင်၏ အကျိုးပြု အဏုဇီ၀ (အီးအမ်) နည်းပညာ စာအုပ်မှ ကောက်နှုတ်တင်ပြထားပါသည်။



  • article
likes22comments0
views201views2415