cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြောင်းဖူးစိုက်ခင်း ပေါင်းကာကွယ်နှိမ်နင်းနည်း

. ပေါင်းမြက်
ပြောင်းဖူးသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် ပေါင်းမြက်ကို ကာကွယ်နှိမ်နင်းရန် လိုအပ်သည်။ အထူးသဖြင့် ပြောင်းဖူးပင်များတစ်လသားမပြည့်မီ ပေါင်းကို နိုင်နင်းစွာမနှိမ်နင်းပါက အပင်များ မကြီးထွားနိုင်တော့ဘဲ ဝါလာတတ်ပါသည်။
  • ထို့အတူ ရွက်ဖြတ်ပိုးများကလည်း ကျရောက်လာတတ်ပါသည်။ပေါက်ရောက်သည့်ပေါင်းမြက်များ

    ပြောင်းဖူးစိုက်ခင်းများတွင် ပေါင်းမြက်မျိုးစုံပေါက်ရောက်နိုင်သည်။ မြက်မုန်ညင်း၊ ဝက်ကျွတ်၊ ဆူးလေး၊ ကြက်မောက်၊ဟင်းနုနယ်ရိုင်း၊ ဆင်ငိုမြက်၊ ဘဲစာမြက်စသည့် ပေါင်းမြက်တို့ကို ပြောင်းဖူးစိုက်ခင်းများတွင် တွေ့မြင်နိုင်ပါသည်။မြက်မုန်ညင်း၊ ဝက်ကျွတ်နှင့် ဆူးလေးတို့သည် မြေမျက်နှာပြင်ပေါ်၌ ကပ်၍ တစ်ပြင်တစ်စပ်တည်း ပေါက်ရောက်ပြီး ပြောင်းဖူးပင်ငယ်တို့၏ အစာအာဟာရနှင့် ရေတို့ကို ရယူစားသုံးကြသည်။ သို့ဖြစ်သောကြောင့် အပင်ကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်ပါသည်။ ကြက်မောက်နှင့် ဟင်းနုနယ်ရိုင်းတို့ မှာ ရွက်ပြန့်ပေါင်းအုပ်စုဝင်များဖြစ်ပြီးပြောင်းဖူးပင်နှင့်အတူ အပင်အရပ်မြင့်တက်ကြီးထွားကြကာ ပြောင်းဖူးပင်၏ အစာအာဟာရနှင့် ရေတို့ကို ရယူစားသုံးကြပါသည်။

    ပေါင်းပင်များကြောင့် အထွက်လျော့နည်းမှု

    ပေါင်းပင်များ၏ဖျက်ဆီးမှုကြောင့် ပြောင်းဖူးအစေ့အထွက်ကို ၃၆ မှ ၆၀ ရာခိုင်နှုန်းထိ လျော့နည်းနိုင်သည်။ လျော့နည်းမှုရာခိုင်နှုန်းသည် ပြောင်းဖူးစိုက်ခင်းထဲ၌ ပေါက်ရောက်သော ပေါင်းပင်အမျိုးအစားနှင့် အနည်းအများပေါ်တွင် မူတည်သည်။ထို့အတူ မိုးရာသီ၊ ဆောင်းရာသီ နှင့် မိုးကြိုရာသီဟူ၍ စိုက်ပျိုးရာသီအလိုက်လည်း ကွာခြားနိုင်သည်။ ပေါင်းထူထပ်စွာ ပေါက်ပါက ပေါင်းပင်ကြောင့် အထွက်နှုန်းလျော့နည်းသည့်ပြင် ပေါင်းပင်ကတစ်ဆင့် ‌ရောဂါပိုးမွှားများ ကူးစက်ပြန့်ပွားကာပြောင်းဖူးအထွက်ကို ပိုလို့ပင်ထိခိုက်နိုင်ကြောင်း သုတေသနတွေ့ရှိချက်များက ဖော်ပြပါသည်။

    ပေါင်းနှိမ်နင်းခြင်း

    ဓာတု ပေါင်းသတ်ဆေးများသည် ပြောင်းဖူးသီးနှံ ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးအတွက် အထူးထိရောက်သည်။ သို့သော်ဓာတုပေါင်းသတ်ဆေးကိုချည်း အားမကိုးသင့်ဟု မြင်သည်။ လယ်ယာ လုပ်ကိုင်နည်းစနစ်များကိုလည်း ပေါင်းမြက်ကာကွယ်နှိမ်နင်းရန် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်သင့် သည်။ နည်းလမ်းပေါင်းစုံ ပေါင်းစပ်သုံးစွဲလျှင်တော့ အကောင်းဆုံး ဖြစ်ပါသည်။ လယ်ယာလုပ်ကိုင်မှု နည်းစနစ်အနေဖြင့် ပထမဦးဆုံးနည်းလမ်းမှာ စိုက်သည့်ဒေသအခြေအနေနှင့် သင့်တော်ကိုက်ညီသော ပြောင်းဖူးမျိုးကို အသုံးပြုစိုက်ပျိုးရန်ဖြစ်သည်။ ထယ်ရေး၊ ထွန်ရေး ပြုပြင်ခြင်းဖြင့် ပေါင်းမြက်ကင်းစင်သောစိုက်ခင်းဖြစ်အောင် ဆောင်ရွက်သင့်သည်။ ရာသီအလိုက် စိုက်ချိန်မှန်ဖို့ လိုသည်။ ထောက်ခံထားသည့် အပင်အတန်းအကွာအ‌ဝေးဖြင့် စိုက်နည်းစနစ်မှန်ဖို့ လိုသည်။ သတ်မှတ်အပင်ရေ ပြည့်မီဖို့ လိုသည်။ အတန်းလိုက်စိုက်ပျိုးခြင်းသည်အတန်းကြားအတွင်း ကြားထွန်တိုက်ခြင်း၊ ပေါက်ပေါင်းပေါက်ခြင်း၊ လက်ပေါင်းလိုက်ခြင်းတို့ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။

    ဓာတုပေါင်းသတ်ဆေး

    ယခုအခါ ဓာတုပေါင်းသတ်ဆေးအမျိုးမျိုးကို အလွယ်တကူဝယ်ယူရရှိနိုင်သည်။ ပြောင်းဖူးသီးနှံစိုက်ပျိုးခြင်းမပြုမီ(Preplant)အသုံးပြုနိုင်သည့်ပေါင်းသတ်ဆေး၊ ပြောင်းဖူးသီးနှံ စိုက်ပျိုးပြီးသော်လည်း ပေါင်းမြက်အပင်မပေါက်မီ (Preemergence) အသုံးပြုနိုင်သည့် ပေါင်းသတ်ဆေး၊ ပြောင်းဖူးသီးနှံစိုက်ပျိုးပြီး အပင် ပေါက်ချိန်တွင် ပေါင်းမြက်အပင်ပေါက်ပြီး (Postemergence) အသုံးပြုနိုင်သည့် ပေါင်းသတ်ဆေးဟူ၍ ခွဲခြားထားရာ အသုံးပြုလိုသည့် ဓာတုပေါင်းသတ်ဆေးကို ရွေးချယ်အသုံးပြုနိုင်ပါသည်။ ပြောင်းဖူးသီးနှံ စိုက်ပျိုးသူများသည်ပြောင်းဖူးသီးနှံစိုက်ခင်းများတွင် ပေါက်ရောက်လေ့ရှိသော ပေါင်းမြက်အမျိုးအစားများကို အပင်ပေါက်ခြင်း၊ ကြီးထွားခြင်း၊ ပန်းပွင့်ခြင်း၊ မျိုးစေ့ပျံ့နှံ့ခြင်း စသည့် ပေါင်းမြက်ဆိုင်ရာဗဟုသုတရှိဖို့ လိုသည်။ ဓာတုပေါင်းသတ်ဆေးဆိုင်ရာ သုံးစွဲသင့် သည့်ဆေး၊ သုံးစွဲသင့်သည့်အချိန်၊ သုံးစွဲနည်း စသည်တို့ကိုလည်း သိထားရပါမည်။ထို့ပြင် နှစ်စဉ် ပေါင်းမြက်ပေါက်ရောက်မှု အစဉ်အဆက်ပြတ်ရေးအတွက် သီးလှည့်စိုက်ပျိုးခြင်း (Crop Rotation)နည်းစနစ်ကိုလည်း နားလည်ထားဖို့ လိုပါသည်။

    လေ့လာစမ်းသပ်ခဲ့မှုများ

    ရှေးယခင်ကပင် ပြောင်းဖူးစိုက်ခင်းတွင် ပေါက်ရောက်သောပေါင်းပင်များကိုဓာတုဆေးဖြင့် ပက်ဖျန်းနှိမ်နင်းမှုများ ရှိခဲ့သည်။သုတေသနစမ်းသပ်မှုလည်း များစွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အသုံးအများဆုံးဓာတုဆေးမှာ အထရာဇင်း(Atrazine)ဖြစ်သည်။ အထရာဇင်းသည် ပေါင်းပင်များကို နှိမ်နင်းနိုင်ရုံသာမက အရွက်များ ရှည်ထွက်ကာ အစိမ်းရင့်ရောင်သို့ပြောင်းပြီး အပင်လည်း အနည်းငယ်တုတ်လာသဖြင့် အပင်ကြီးထွားမှုကို ဖြစ်စေသည်ဟု ဆိုပါသည်။ အရိုးအရွက်မာသောမြက်များကိုအထရာဇင်းတစ်မျိုးသာ နှိမ်နင်းခြင်းဖြင့် ပေါင်းအရေအတွက်ကို ၄၀ရာခိုင်နှုန်းအထိ လျော့ကျသွားသည်ဟု သိရပါသည်။ အထရာဇင်းကို အခြားဓာတုဆေးများနှင့်လည်း ‌ရောစပ်သုံးစွဲမှုပြုနိုင်တာ လေ့လာသိရှိရသည်။ ဆီမာဇင်း(Simazine)နှင့်ရောစပ်သုံးသည့်အခါ ပေါင်းကာကွယ်နှိမ်နင်းမှု ပိုမိုထိရောက်သည်ဟု ဆိုသည်။ အင်မာဘင် (Amiben)နှင့် ရောစပ်သုံးသည့်အခါ ‌ပေါင်းပေါက်ရောက်မှုကို ၇၆ ရာခိုင်နှုန်းအထိ လျော့သွားကြောင်း သိရသည်။ အထရာဇင်းကဲ့သို့ပင် ဂက်ဆာပရင်-၅၀ (Gesprin-50) သည်လည်း ပေါင်းကာကွယ်နှိမ်နင်းမှုတွင် ထိရောက်မှုရှိကြောင်းသိရသည်။ ပြောင်းဖူးသီးနှံ စိုက်ပျိုးခြင်းမပြုမီ ပေါင်းပေါက်ရောက်မှုကို ကာကွယ်ရန် ကြိုတင်ပက်ဖျန်းနည်း (Pre-emergence Spray)အနေဖြင့် ဂက်ဆာပရင်-၈၀ (Gesprin-80) ဆေးနှင့် အော်လီယို ဂက်ဆာပရင် (Oliogesaprin)ဆေးတို့ကို စမ်းသပ်ခဲ့ရာထိရောက်မှုရှိကြောင်းသိရပါသည်။

    ဓာတုပေါင်းသတ်ဆေး သုံးစွဲရာတွင် ထည့်သွင်းစဉ်းစားရန်များ

    ပြောင်းဖူးစိုက်ခင်းအတွင်း ပေါင်းပေါက်‌ရောက်မှုကို လက်ပေါင်းလိုက်ခြင်းဖြင့် နှိမ်နင်းနိုင်သည်။ သို့သော် လက်ပေါင်းလိုက်ရာတွင် ပေါင်းပင်များကုန်စင်အောင် နုတ်ပယ်ခြင်းမပြုနိုင်ပါ။ ဓာတုပေါင်းသတ်ဆေးမှာမူ ပေါင်းပင်များကို ကုန်စင်အောင်နှိမ်နင်းနိုင်သည်။ သို့သော် ဓာတုပေါင်းသတ်ဆေးများသည် စနစ်တကျ နည်းစနစ်မှန်စွာသုံးစွဲမှသာ ထိရောက်မှုရှိတာဖြစ်ပါသည်။ အရေးကြီးသည်မှာ ဓာတုပေါင်းသတ်ဆေးသုံးစွဲရာတွင် ပေါင်းပင်များကိုသာမက ပြောင်းဖူးပင်များကိုလောင်ကာ ထိခိုက်ပျက်စီးမှုမဖြစ်စေရေး ထည့်သွင်းစဉ်းစားရန်လိုသည်။ ထို့ပြင် ကုန်ကျစရိတ်သက်သာရေးနှင့် စီးပွားရေးတွက်ခြေကိုက်သော ပြောင်းဖူးအထွက်နှုန်းကိုရရှိရေး စဉ်းစားသင့်သည်။ သို့ဖြစ်၍ ဓာတုပေါင်းသတ်ဆေးများ၏ ကာလပေါက်ဈေးနှင့်တွက်ခြေကိုက်၊ မကိုက်ကို ကြိုတင်တွက်ချက်ရန် လိုသည်။ လုပ်သားလုပ်အားရရှိနိုင်မှုကို လေ့လာရန်လိုသည်။ လက်ပေါင်းလိုက်ခနှင့် နှိုင်းယှဉ်ကြည့်သင့်သည်။ ထိရောက်သော ပေါင်းနှိမ်နင်းမှုဖြစ်စေရန် ဈေးကွက်တွင်ရရှိနိုင်သည့် ဓာတုပေါင်းသတ်ဆေးအမျိုးအစား၊ ရရှိနိုင်သည့်ပေါင်းသတ်ဆေးကို မည်သည့်အချိန်၊မည်သည့်အခြေအနေတွင် ပက်ဖျန်းရမည်၊ မည်သို့ဖျန်းရမည် စသည်တို့ကို စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန်လိုပါသည်။

    မောင်ဖူးဝေ(တောင်တွင်းကြီး)

    မြန်မာတောင်သူကြီးများ ဂျာနယ်


  • article
likes26comments1
views371views3047