cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရော်ဘာပင်စည်အားထုံးသုတ်ခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများ

. စိုက်ပျိုးနည်းစနစ်များ
ဒီတစ်ပတ်တွင်ရော်ဘာစိုက်တောင်သူဦးကြီးများအတွက် ရော်ဘာပင်စည်အား ထုံးသုတ်ခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများကို ကျွန်ုပ်သိသမျှ ပြန်လည်မျှဝေပေးသွားပါမည်။
  • အခေါက်ကိုအသုံးပြု၍လုပ်ကိုင်ရသော နှစ်ရှည်သီးနှံပင်များတွင် ထုံးသုတ်ခြင်းလုပ်ငန်းအားဖြစ်မနေ ပြုလုပ်ပေးရန်လိုအပ်ပါသည်။ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော ရော်ဘာသီးနှံသည် အခေါက်ကိုအဓိကထား၍ အသုံးပြုလုပ်ကိုင်ရသော စီးပွားဖြစ်လုပ်ငန်းတစ်ခုဖြစ်သည်။ ထို့ကြောင့်ရော်ဘာသီးနှံတွင် ထုံးသုတ်ခြင်းလုပ်ငန်းအား မဖြစ်မနေပြုလုပ်ပေးသင့်ပါသည်။ တစ်ချို့ရော်ဘာစိုက်တောင်သူများသည် ထိန်းသိမ်းကာလ၌ ရော်ဘာပင်စည်အားထုံးသုတ်ခြင်းလုပ်ငန်းကို အပိုအလုပ်အဖြစ်ထင်မြင် ယူဆနေကြသည်ကို တွေ့မြင်ရပါသည်။

     ရော်ဘာပင်စည်ထုံးသုတ်ခြင်းဖြင့် ရရှိစေသောအကျိုးများမှာ -

    (က) နေ့၊ည အပူချိန်ကွာဟမှုဖြင့် မြင့်မားခြင်းကိုထိန်းချုပ်စေခြင်း။

    (ခ) အင်းဆက်ပိုးတို့ အပင်ကိုမလာရောက်စေရန် ကာကွယ်ခြင်း။

    (ဂ) အင်းဆက်တို့လာရောက်ခဲ့လျှင်လည်း ၎င်းတို့ဆက်လက်အသက်ရှင်သန်နိုင်မှုနှင့် မျိုးပွားနိုင်မှုတို့ကို နည်းပါးစေခြင်း

    (ဃ) ပူပြင်းလွန်းသည့် အပူဒဏ်ကြောင့် အစေးကြောနှင့်ရေကြောပျက်စီးဆုံးရှုံးမှုများအား ကာကွယ်ပေးခြင်း

    (င) ပိုးမွှားရောဂါနှင့်မှိုတို့ကြောင့် အခေါက်ပျက်စီးမှုအားကာကွယ်စေပြီး ပင်စည်ကြီးထွားဖွံ့ဖြိုးမှုအား လျင်မြန်စေခြင်းအပြင် အပင်အတွက်ကောင်းကျိုးများစွာ ရရှိစေပါသည်။

     ပင်စည်အခေါက်နှင့်ကပ်လျက်ရှိသော အစာကြော ရေကြောတို့သည် အခြားသောနေရာများထက် အပင်၏ပြင်ပ ပတ်ဝန်းကျင်နှင့် ပိုမိုဆက်စပ်နေလျက်ရှိပါသည်။ ထို့ကြောင့် အပင်၏ပတ်ဝန်းကျင်အပူချိန်၊ စိုထိုင်းဆ၊ ရောဂါဝင်ရောက်နိုင်မှု၊ ဖိအား၊ ဒဏ်စသည်တို့သည် အပင်၏အခြားနေရာများထက် ပင်စည်နှင့်ကပ်လျက်ရှိသော အခေါက်နှင့် အစာကြော၊ ရေကြောတို့အား ထိခိုက်နိုင်မှုပိုမို၍ သက်ရောက်စေပြီး အပင်ကြီးထွားမှုနှင့် အစေးကြော ရေကြောပြတ်စေတတ်သည့်အတွက် ပင်စည်အားထုံးသုတ်ခြင်းဖြင့် ၎င်းတို့ထိခိုက်မှုကို ကာကွယ်နိုင်ပါသည်။

    ထုံးသည်အဖြူရောင်ဖြစ်သောကြောင့် နေ၏အလင်းရောင်အား ရာခိုင်နှုန်းပြည့်နီးပါးအလင်းပြန်နိုင်စွမ်းရှိသည်။ ထို့ကြောင့် အပူစုပ်ယူမှုနည်းပြီး အပူပြန်မှုကိုဖြစ်ပေါ်စေပါသည်။ အပင်၏ဖြစ်တည်မှုအရ အပင်၏အခေါက်မှာ အညိုရောင်(သို့)အမဲဘက်လိုက်ပြီး အလင်းကိုရာခိုင်နှုန်းပြည့်နီးပါးစုပ်ယူသဖြင့် အပူကိုစုပ်ယူထားတတ်ကြသည်။ ထို့ကြောင့် ထုံးသုတ်ထားခြင်းအားဖြင့် အပူစုပ်ယူမှုနည်းပြီး အလင်းပြန်စေကာ အပူသက်သာစေပြီးတဆက်တည်း နေ့ည အပူချိန်ကွာခြားချက်မြင့်မားခြင်းကြောင့် ဖြစ်ပေါ်စေတတ်သောအခေါက်ကွဲခြင်းကိုပါ သက်သာစေပါသည်။

    အပင်ထုံးသုတ်ခြင်းကို အပင်ကိုင်းချိုးပြီးချိန် အပင်ခြေရှင်းလင်းနေပြီး အလင်းကျရောက်မှုများချိန်များတွင် ထုံးသုတ်ခြင်းကိုတစ်ချိန်တည်းဆောင်ရွက်သင့်ပါသည်။ ထို့ပြင် ပင်စည်ထုံးသုတ်ပေးခြင်းအားဖြင့် PH တန်ဖိုးမြင့်မားစေပြီး ၇.၀ PH အထက်ရောက်ရှိစေကာ ပိုးမွှား၊ မှိုအချို့ကိုသေစေပြီး မျိုးပွားမှုကိုလည်း နည်းစေပါသည်။ အရောင်တွင် အဝါရောင်သည် အင်းဆက်အားဆွဲဆောင်မှုအနည်းဆုံးဖြစ်ပြီး အနီရောင်ကိုမူ အင်းဆက်များမမြင်နိုင်ပေ။ ထို့ကြောင့် အစေးခြစ်နားချိန်တွင် ပြန်တက်အခေါက်နေရာ၌ အနီရောင်ရွှံ့စေးကိုသုတ်လိမ်းခြင်းဖြင့် အင်းဆက်ပိုးမွှားဝင်ရောက်မှုကို ကာကွယ်ပေးခြင်းဖြစ်ပါသည်။

    ထုံးသည် ကယ်လဆီယမ်ဓာတ်ဖြစ်သောကြောင့် အပင်အတွက်လိုအပ်သော အဟာရဓာတ်တစ်ခုလည်း ဖြစ်ပါသည်။ ထုံးသုတ်ခြင်းတွင် အထက်ဖော်ပြပါသည့်အတိုင်း ဆာလဖာ၊ ကန့်မှုန့်အနည်းငယ်ထည့်ပေးပြီး ဖျော်ခြင်းအားဖြင့် မှိုသတ်အာနိသင်အပြင် အနည်းငယ်ရောင်ကိုဝါစေသောကြောင့် အင်းဆက်စွဲဆောင်မှုကိုပါ လျော့ပါးစေပါသည်။ သို့မဟုတ် တမာဆီနှင့်လဲရော၍ သုတ်လိမ်းပေးခြင်းဖြင့်လည်း အင်းဆက်ပိုးမွှားများကို ကာကွယ်နိုင်သည်။

    နေရောင်၏အပူချိန်ကြောင့် နေ့ဘက်တွင်ပူပြီးညဘက်တွင် အေးခြင်းအားပြောပြရန်လိုမည်မထင်ပါ။ ၎င်းကဲ့သို့ နေ့၊ ည အပူချိန်ကွာဟချက်ကြောင့် သက်ရှိ အပင်နှင့် လူ၊ တိရစ္ဆာန်အားလုံး ဇီဝကာမလုပ်ငန်းစဉ်များအားလုံးလည်း တစ်ညီတစ်ညာတည်း မရှိနိုင်ပဲ အနည်း အများလိုက်၍ပြောင်းလဲမှုကို ခံကြရပါသည်။ ဆောင်းတွင်းကဲ့သို့ နေ့နှင့်ည အပူချိန်ကွာခြားမှုအမြင့်ဆုံးနေ့ရက်များတွင် အပင်များအတွက် များစွာသောသက်ရောက်မှုကို ဖြစ်ပေါ်စေပါသည်။ နေ့ဘက်တွင် နေရောင်၏အပူချိန်ကြောင့် အခေါက်နှင့် ကပ်လျက်အစာကြော၊ ရေကြောတို့တွင် အပူများကိုစုပ်ယူစေပြီး ညပိုင်းတွင်ပြင်ပအပူချိန်သည် အခြားနေရာများနီးတူအေးနေသည်ကို တွေ့ရသော်လည်း အစာကြော ရေကြောများ၌ စုပ်ယူထားသော အပူချိန်ကြောင့် ပုံမှန်ကဲ့သို့မအေးပဲရှိနေတတ်သည်ကို တွေ့မြင်ရပါသည်။ ထို့ကြောင့် ၎င်းနေရာတစ်ဝိုက်ရှိ အပင်အတွက် အစာကြော၊ ရေကြော ပို့လွှတ်ထောက်ပံ့ပေးခြင်းကို အနှောက်အယှက်ဖြစ်စေတတ်ပါသည်။ နေ့ည အပူချိန်ကွာဟချက်မြင့်မားမှုကာလ၊ ကြာရှည်လာပါက အခေါက်နှင့်ကပ်လျက် အစာကြော၊ ရေကြောများ ပျက်စီးလာတတ်ပြီး အခေါက်ကွဲအက်မှုများ ဖြစ်ပေါ်စေတတ်ပါသည်။

     ထိုသို့အခေါက်ကွဲအက်ရာများ၌ အင်းဆက်ပိုးကောင်များခိုအောင်းလာပြီး ထပ်မံမျိုးပွားလာစေရန်အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်လာပါသည်။ အင်းဆက်များတွင် အကျိုးပြုအင်းဆက်များရှိသလို အကျိုးမပြုပဲဆိုးကျိုးပေးသော အင်းဆက်လည်းများစွာရှိပါသည်။ အချိန်ကာလအလိုက်အပင်ကိုကောင်းကျိုး ဆိုးကျိုးဖြစ်ပေါ်စေပါသည်။ ဆိုးကျိုးပေးသောအင်းဆက်များအနေဖြင့် အပင်အတွင်းဝင်ရောက်နေထိုင်ပြီး ကပ်ပါးတွယ်ကပ်နေသောရောဂါပိုး၊ မှိုနှင့် ဘက်တီးရီးယားများကို အပင်အတွင်းပျံ့နှံ့စေပြီးထိုမှတစ်ဆင့် အပင်ရောဂါဝင်ပြီး သေဆုံးစေတတ်ပါသည်။

    ပူခြင်း အေးခြင်းတွင် အေးခြင်းသည်ပူခြင်းလောက်အပင်ကို ဒုက္ခမပေးနိုင်ပါ။ ထို့ကြောင့်နေ့ဘက်တွင် အပူချိန်ကို ကာကွယ်ရန် အရိပ်ပင်များကြားညှပ်စိုက်ပျိုးခြင်း (သို့) ကုန်ကျမှုသက်သာပြီး ပိုမိုထိရောက်သည့် ပင်စည်ထုံးသုတ်ပေးခြင်းလုပ်ငန်းစဉ်ကို ပြုလုပ်ပေးသင့်ပါသည်။

    ထုံးကိုသုံးရာတွင် သက်သာလွယ်ကူပြီးပေါများစွာရရှိနိုင်သော အိမ်ဆောက်မဖောက်ထုံးမှုန့်ကို ရေ၂ဆဖြင့် ရောပြီးပထမအကြိမ်သုတ်၍ ခြောက်သောအခါ ဒုတိယအကြိမ်ရေနှင့်အတူရောပြီးသုတ်နိုင်ပါသည်။ ထို့အပြင်ရော်ဘာစိုက်ခင်းတွင် ပင်စည်များကိုထုံးဖြူဖြူဖွေးဖွေးသုတ်ထားပေးခြင်းအားဖြင့် အမြင်တွင်လှပသော ရှုခင်းကိုလည်းဖြစ်ပေါ်စေပါသည်။

    လာမည့်အပတ်အတွက် ပျိုးခင်းတွင်ကျရောက်တတ်သောရောဂါပိုးမွှားများနှင့် ကာကွယ်မည့်နည်းစနစ်များအားတောင်သူများအတွက် ပြန်လည်မျှဝေပေးသွားပါမည်။ ယခုရေးသားထားသော အကြောင်းအရာများမှာ ရော်ဘာစိုက်ပျိုးထုတ်လုပ်ခြင်း “ဆရာလက်စွဲ” စာအုပ်မှရေးသားမှုများအားကိုးကား၍ ပြန်လည်ဖော်ပြထားခြင်းသာဖြစ်ပါသည်။

    ဒေါ်သဲမာ

    Dip – Agri (1997)

    ရော်ဘာပညာလေ့လာသူ

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ- http://download.htwettoe.com/

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများအဖွဲ့(Facebook)သို့ဝင်ရန်-https://www.facebook.com/groups/2432746880363676/

    ရာဘာစိုက်ပျိုးကြသူများအဖွဲ့(Application)သို့ဝင်ရန်- https://htwettoe.com/article-details/news/21861605

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes10comments6
views126views1960