cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှီတာကီမှို စိုက်ပျိုးခြင်း

. စိုက်ပျိုးနည်းစနစ်များ
ဒီနေ့တင်ပေးမယ့် အကြောင်းအရာကတော့ မှိုစိုက်တောင်သူများအတွက် ဈေးကောင်းရရှိစေမယ့် အသားနဲ့အရသာတူပြီး မွှေးသော အနံ့ရှိတဲ့ ရှီတာကီမှိုစိုက်ပျိုးနည်းပဲ ဖြစ်ပါတယ်။ ၄င်းမှိုကို အသားနှင့်ရော၍လည်းကောင်း၊ မှိုကုန်းဘောင်ဟင်းအဖြစ် လည်းကောင်း၊ ဟင်းသီးဟင်းရွက်နှင့် ရော၍လည်းကောင်း ချက်ပြုတ်စားသုံးနိုင်ပါတယ်။
  • ရှီတာကီမှိုစိုက်ပျိုးခြင်း

    (က) မှိုစိုက်ထုပ်ဖြင့် စိုက်ပျိုးခြင်း

    မြန်မာနိုင်ငံတွင် ရှီတာကီမှိုကို ၁၉၉၅ခုနှစ်က စတင်စိုက်ပျိုးခဲ့ပါသည်။ မှိုစိုက်ထုပ်အတွက် ရောစပ်စာ ပြုလုပ်ရာတွင် ဝက်သစ်ချမျိုးရင်းဝင် အပင်များမှ ရရှိသောလွှစာသည်သာ အကောင်းဆုံးဖြစ်ပြီး အခြားသစ်ပွလွှစာများနှင့် ထက်ဝက်ခန့်ရောနှော၍လည်း အသုံးပြုနိုင်ပါသည်။ ရောစပ်ရမည့်အချိုးမှာ ဝက်သစ်ချနှင့် သစ်ပွလွှစာ ၁၀၀% တွင် ဖွဲနု ၇% ၊ ထုံး ၁% ၊ ဆားခါး ၀.၂% နှင့် သကြား ၁% ၊ အစိုဓာတ် ၆၅% နှင့် pH ၄.၅-၅.၅ အတွင်းဖြစ်ပါသည်။ စိုက်ထုပ်ပြုလုပ်ပြီးနောက် ပေါင်းတင်းပိုးသန့်စင်ခြင်း၊ မှိုမျိုးသွင်းခြင်းနှင့် မှိုမျှင်ရင့်ကျက်ခန်း သို့ပို့ခြင်း စသည့် လုပ်ငန်းစဉ်များကို အခြားမှိုများနည်းတူ ပြုလုပ်ပေးရပါသည်။ မှိုမျှင်ရင့်ကျက်စေသော ကာလအတွင်း အခန်းအပူချိန်ကို ၂၄-၂၇ ဒီဂရီစင်တီဂရိတ်အတွင်း ထိန်းထားပေးရန် လိုအပ်ပါသည်။ ရှီတာကီမှိုစိုက်ထုပ်အတွင်း မှိုမျှင်ပြည့်ရန် ကြာချိန်မှာ (၂)လခွဲခန့် ရှိပြီး အင်ဇိုင်းထုတ်ရန်အတွက် (၁)လခွဲခန့် ကြာသောကြောင့် အခြားမှိုများနှင့်မတူ ရင့်ကျက်ခန်းအတွင်း (၄)လခန့် ကြာတတ်ပါသည်။

    မှိုမျှင်ပြည့်လာသော စိုက်ထုပ်များကို စိုက်ခန်းအတွင်းပို့ကာ အိတ်၏လည်ရစ်အောက် (၁)လက်မခန့် ဖြတ်ပြီး စင်များပေါ်တွင် ထောင်၍ စိုက်ပျိုးနိုင်ပါသည်။ နီညိုရောင်သန်းနေသော မှိုထုပ်များကို ရေဖျန်းခရားငယ်ဖြင့် နေ့စဉ် ရေ (၂-၃) ကြိမ် လောင်းပေးရမည်။ စိုက်ခန်းအပူချိန်ကို ၈-၁၆ ဒီဂရီစင်တီဂရိတ် နှင့် အခန်းစိုထိုင်းဆ ၇၅-၉၀% ထိန်းထားပေးရန် လိုအပ်ပါသည်။

    စိုက်ခန်းချပြီး ၁၀-၁၅ ရက်အတွင်း မှိုသန္ဓေခဲများ စတင်ဖြစ်ပေါ်လာကာ ၇ရက်မှ ၁၀ရက်အကြာတွင် စတင်ခူးဆွတ်နိုင်ပါသည်။ မှိုဆွတ်ခူးခြင်းသည် အရွယ်အစား ရက်အတိအကျ သတ်မှတ်၍မရပါ။ မှိုပွင့်၏ အခြေအနေကို ကြည့်၍ ဆွတ်ခူးရပါသည်။ ဆွတ်ခူးရန် အခြေအနေမှာ မှိုထီးရွက်အနားများ ပြန့်မထွက်မီ နောက်ဆုံးအဆင့်တွင် ဆွတ်ခူးရပါမည်။ ခူးဆွတ်ရန် ၁ရက်ခန့်အလိုတွင် ရေပေးမှုကို ခေတ္တဖြတ်တောက်ထားခြင်းဖြင့် မှိုပွင့်များ ရေနာသွားခြင်းမှကာကွယ်နိုင်ပါသည်။ ခူးဆွတ်ရာတွင် မှိုအရိုးတံအောက်ခြေအရင်းမှ ကပ်၍ ဓါးဖြင့် လှီးဖြတ် ဆွတ်ခူးပေးရပါသည်။

    ပထမအကြိမ် ခူးဆွတ်ပြီးလျှင် စိုက်ထုပ်မှ ပလပ်စတစ်ကို သုံးပုံတစ်ပုံခန့်အထိ ခွာပေးပြီး မှိုမျှင်များ ပြန်လည်အားပြည့်နိုင်ရန်အတွက် တစ်ပတ်ခန့် ရေဖြတ်ပေးရပါမည်။ မှိုမျှင်အင်အား ပြန်လည်ပြည့်တင်းစေရန် ဖြစ်ပါသည်။ ရေဖြတ်ကာလ ကျော်လွန်ပြီးနောက် ပုံမှန်ပြန်လည်ရေဖျန်းပေးခြင်းဖြင့် ဒုတိယအကြိမ် မှိုပွင့် ပြန်လည်ထွက်ရှိလာပါသည်။

    ဤနည်းအတိုင်း မှိုခူးခြင်း၊ ပလပ်စတစ်ကို အပိုင်းလိုက်ဖယ်ထုပ်ခြင်း၊ ရေဖြတ်ခြင်းများကို ပြုလုပ်ပေးပြီး စတုတ္ထအကြိမ်တွင် ကျန်ရှိနေသော ပလပ်စတစ်အားလုံးကို ဖယ်ထုပ်ပြီးနောက် ရေဖြတ်ပေးခြင်း လုပ်ဆောင်ပြီးပါက လက်ကျန်မှိုထုပ်အား မှိုထပ်မံထွက်ရှိစေနိုင်ရန်အတွက် ရေခဲရေထဲတွင် ရှော့ရိုက်ပေးရပါမည်။ မှိုစိုက်ထုပ် (၆၀) ကျပ်သား တစ်ထုပ်မှာ (၂) ကြိမ်မှ (၃) ကြိမ် ခန့်အထိ ခူးနိုင်ပြီး မှိုပွင့် အစို (၁၅-၂၀) ကျပ်သားခန့် ထွက်ရှိနိုင်ပါသည်။

    Credit- စိုက်ပျိုးရေးဦးစီးဌာန (မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းများ စာအုပ်)

     


  • article
likes7comments0
views161views2067