cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ့ရော်ဘာဈေးကွက်နှိမ့်ကျနေရခြင်းအကြောင်း

. သီးနှံဈေးကွက်သတင်း
ဒီတစ်ပတ်တွင် တောင်သူများအား ရော်ဘာဈေးဘာကြောင့် ကမ္ဘာ့ဈေးကွက်တွင် နှိမ့်ကျနေရခြင်းအား ကျွန်မတစ်ဦးတစ်ယောက်ထဲ၏ အမြင်အရဆွေးနွေး ရေးသွားပါမည်ရှင့်
  • ရော်ဘာဈေးကွက်နှိမ့်ကျရသောအကြောင်းအရင်းများမှာ 

    ၁။ ရော်ဘာပြားထုတ်လုပ်ရာ၌ နည်းစနစ်မကျခြင်း 

    ၂။ သန့်ရှင်းမှုမရှိခြင်း 

    ၃။ အဆင့်မီ ရော်ဘာပြားများထုတ်လုပ်နိုင်မှုမရှိခြင်း 

    ၄။ ဈေးမြင့် ဖော့မစ်အက်စစ်အစား ဈေးသင့်သော ဆာလဖြူရစ်အက်စစ်များအား အသုံးပြုနေကြခြင်း 

    ၅။ ခြံကြီးရှင်များထက် ခြံငယ်ရှင်များက ပိုမိုများပြားနေခြင်းစသည့် အချက်များကြောင့် ဈေးကျနေခြင်းဖြစ်နိုင်ပါသည်။ 

     

    ၁။ ရော်ဘာပြားထုတ်လုပ်ရာ၌ နည်းစနစ်မကျခြင်း 

    အချို့ ရော်ဘာခြံရှင်များသည် ရော်ဘာထုတ်လုပ်ပုံနည်းစနစ်များကို ကိုယ်တိုင်နားလည်ကျွမ်းကျင်မှု နည်းသောကြောင့် အစေးခြစ်သမားများက ရော်ဘာပြားပြုလုပ်ရာ၌ အမြန်ပြီးစီးစေရန်အတွက် အထူပြားများပြုလုပ်တတ်ကြသည်။ ၎င်းကဲ့သို့အထူပြားများပြုလုပ်ရာ၌ အစေးသားတွင်ရောစပ်ရမည့် ရေပမာဏ၊ အက်စစ်တွင်ရောစပ်ရမည့် ရေပါဝင်မှုနဲ့ ၎င်းရေရောစပ်ထားသော အရောအစပ်နှစ်မျိုးကို ပြန်လည်၍ ရောစပ်ရမည့် ပမာဏစသည့် ပြုလုပ်ရမည့်နည်းစနစ်များ မမှန်ကန်ခြင်းကြောင့် အထူပြားများသာ ရရှိလာပြီး ဈေးကွက်နှိမ့်ကျရခြင်းဖြစ်မည်ဟု ယူဆပါသည်။ 

     

    ၂။ သန့်ရှင်းမှုမရှိခြင်း 

    အစေးပြား ထုတ်လုပ်ရာ၌ (ဥပမာ အစေးခဲကန်၊ အစေးခဲပုံးခြမ်း၊ အစေးခံခွက်၊ အစေးထုတ်သည့်ပုံးနှင့် အစေးခဲသည့်ရေ) စသည့် အသုံးပြုရာတွင်ပါဝင်သည့် ပစ္စည်းများသန့်ရှင်းမှုမရှိပဲ ကိုင်တွယ်အသုံးပြုကြသည့် အပြင် စက်ရုံ၊ အလုပ်ရုံများမှာလည်း သန့်ရှင်းမှုမရှိသည့်အတွက် ရရှိလာသော အစေးပြားများမှာလည်း အဆင့်အတန်းမမှီသော အစေးပြားများသာရရှိတတ်သောကြောင့် ဈေးကွက်နှိမ့်ကျရသော အကြောင်းအရင်းတစ်ရပ် အဖြစ်ပါဝင်သည်ဟုယူဆပါသည်။ 

     

    ၃။ အဆင့်မှီရော်ဘာပြားများထုတ်လုပ်နိုင်မှုမရှိခြင်း 

    သတ်မှတ်ထားသည့် ခဲပြား ၁.၂၅ lb (သို့) ၁.၇၅ lb ရှိသော မှိုင်းကျအပြားများအစား တစ်ပြား၏အလေးချိန် ၂.၅ lb (သို့) ၃ lb ပြားများသာ ထုတ်လုပ်မှုများကြသောကြောင့် ၁ lb သတ်မှတ်ဈေးအတိုင်းရရှိမှုမရှိပဲ ဈေးကွက်နှိမ့်ကျနေရခြင်းဖြစ်သည်ဟု ယူဆမိပါသည်။  

     

    ၄။ ဈေးမြင့်သော ဖော့မစ်အက်စစ်အစား ဈေးသင့်သော ဆာလဖြူရစ်အက်စစ်အား အသုံးပြုနေကြခြင်း 

    အစေးခဲရာ၌ အသုံးပြုသည့် အက်စစ်တစ်ပုံးကိုးသိန်းကျော် ရှိနေသော တန်ဖိုးမြင့်သည့် ဖောမစ်အက်စစ်အား အသုံးမပြုနိုင်ကြသော ခြံငယ်ရှင်များက ဈေးသင့်သော ဆာလဖြူရစ်အက်စစ်ကို အသုံးပြု၍ အစေးပြားများအား ပြုလုပ်နေလျက်ရှိနေကြပါသည်။ ထိုကဲ့သို့ဆာလဖြူရစ်အက်စစ်ကို အသုံးပြုပြီးထုတ်လုပ်သည့် အစေးပြားများမှာ အရောင်မဲညစ်ခြင်း ဆွဲဆန့်မှုအားမကောင်းခြင်းနှင့် အထူပြားများသာ အထုတ်များကြခြင်းကြောင့် အဆင့်မှီသောထုတ်ကုန်မရရှိကြပါ။ ထိုကဲ့သို့ အသုံးမပြုသင့်သော ဆာလဖြူရစ်အက်စစ်ကို သုံး၍ ထုတ်လုပ်နေကြသော ခြံငယ်ရှင်များ များစွာရှိနေကြသောကြောင့် ဈေးကွက်ရှိ ရော်ဘာပြားထုတ်ကုန်များတွင်လည်း အဆင့်မမှီသော ရော်ဘာပြားများစွာ ပါဝင်နေကြသောကြောင့် သတ်မှတ်ထားသော ၁ lb ပေါက်ဈေးအတိုင်း မရရှိကြပဲ ဈေးနှိမ့်ကျနေရခြင်းဖြစ်သည်ဟု ယူဆမိပါသည်။ 

     

    ၅။ ခြံကြီးရှင်များထက် ခြံငယ်ရှင်များပို၍များနေရခြင်း 

    မြန်မာနိုင်ငံရှိ ရော်ဘာခြံအများစုမှာ (ဥပမာ - ၁ ဧက မှ ၁၀ ဧက) မျှသာရှိသောခြံငယ်ရှင်များ များစွာရှိနေကြပါသည်။ (၁၀၀% နှင့် တွက်လျှင် ခြံငယ်ရှင်မှာ ၆၅ မှ ၇၀%နှုန်းလောက်ရှိပြီး ခြံကြီးရှင်မှ ၁၀%မျှနှင့် ခြံအလယ်အလတ်မှာ ၂၅%လောက်သာရှိသည်ဟု ခန့်မှန်းမိပါသည်။ အကယ်၍ ခြံကြီးရှင်သာ ၅၀% ကျော်ရှိမည်ဆိုပါက ယခုကဲ့သို့ ၁ lb ပေါက်ဈေးမှာ ဈေးကျလျှက်ရှိမည်မဟုတ်ပေ။ ခြံကြီးရှင်များသည် အစေးပြားထုတ်လုပ်ရာ၌ အဆင့်ရှိရော်ဘာပြားများ များစွာထုတ်လုပ်နိုင်ရန် အခြေအနေများစွာရှိကြပါသည်။ ခြံငယ်ရှင်များမူ အဆင့်မှီရော်ဘာပြားများ ထုတ်လုပ်ချင်ပါသော်လည်း လုပ်ကိုင်နိုင်ရန် အခြေအနေမပေးသောကြောင့် အထူပြားများသာ ထုတ်လုပ်နေကြရပါသည်။ 

     

    အကယ်၍သာ ခြံငယ်ရှင်များ၏ ခြံများမှရရှိသော အစေးရည်များကို စနစ်တကျထုတ်လုပ်သည့် ရော်ဘာစက်ရုံကြီးများက လက်ခံဝယ်ယူပြီး သတ်မှတ်ထားသည့်အဆင့်မှီရော်ဘာပြားများကို ထုတ်လုပ်ပေးနိုင်ကြမည် ဆိုပါက မြန်မာ့ရော်ဘာဈေးကွက်မှာလည်း ကမ္ဘာ့ရော်ဘာဈေးကွက်ကို အမှီလိုက်နိုင်မည်မှာ ဧကန်မလွဲဖြစ်မည်ကို ကျွန်မယုံကြည်ပါကြောင်း ရေးသားရင်းဖြင့် နိဂုံးချုပ်ပါသည်။ 

     

    ဤရေးသားချက်မှာ မိမိတစ်ဦးတစ်ယောက်တည်း၏ထင်မြင်ယူဆချက်သက်သက်သာ ဖြစ်သောကြောင့် လိုအပ်ချက်များတွေ့ရှိပါက အပြန်အလှန်ဆွေးနွေးသူများအား ပြန်လည်ဆွေးနွေးအကြံပြုပေးကြပါရန်လည်း မေတ္တာရပ်ခံဖိတ်ခေါ်အပ်ပါသည်။ 

     

    လာမဲ့အပတ်တွင် အစေးရည်စုသိမ်းခြင်းနှင့်လက်ခံမှတ်တမ်းယူခြင်းအကြောင်းအရာအား ထပ်မံ၍ရေးသားမျှဝေသွားပါမည်။ 

     

    ဒေါ်သဲမာ 

    Dip-Agri (1997) 

    ရော်ဘာလေ့လာသူ (09 978 589 818) 


  • article
likes4comments0
views173views2104