cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေပဲပင်မှာ ကျရောက်တဲ့ ဆာကိုစပိုးရာ ရွက်ပျောက်ရောဂါအတွက် ဘော်ဒိုမစ်ချာ

. ရောဂါ
ဒီတစ်ပတ် တောင်သူ လယ်သမား ဦးကြီးများကို ဆွေးနွေး တင်ပြလိုတာကတော့ မြေပဲပင်မှာ ကျရောက်တဲ့ ဆာကိုစပိုးရာ ရွက်ပျောက်ရောဂါကို ဘော်ဒိုမစ်ချာဆိုတဲ့ မှိုသတ်ဆေးရည်နဲ့ ကာကွယ်နှိမ်နင်းနိုင်တဲ့နည်းလေးပါဘဲ။

  • ဒီတစ်ပတ် တောင်သူ လယ်သမား ဦးကြီးများကို ဆွေးနွေး တင်ပြလိုတာကတော့ မြေပဲပင်မှာ ကျရောက်တဲ့ ဆာကိုစပိုးရာ ရွက်ပျောက်ရောဂါကို ဘော်ဒိုမစ်ချာဆိုတဲ့ မှိုသတ်ဆေးရည်နဲ့ ကာကွယ်နှိမ်နင်းနိုင်တဲ့နည်းလေးပါဘဲ။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်က တောင်သူ လယ်သမားကြီး ဦးထွန်းအောင်က စာရေးသူဆီကို ဖုန်းဆက်ပြီး သူဟာ မြေပဲကို ဧက ၃၀ ကျော် စိုက်ပျိုးကြောင်း၊ ဒီနှစ် သူစိုက်တဲ့ မြေပဲခင်း တချို့မှာ ရွက်ပျောက်ကလေးတွေထိုးပြီး ကြာလာတော့ အရွက်ခြောက် သေသွားတယ်။


    ပညာရှင်တွေကို ခေါ်ပြတော့ အရွက်ပျောက် ရောဂါလို့ ပြောပါတယ်ဆရာ။ ဒီအရွက်ပျောက်ရောဂါလေးကို အလွယ်ကူဆုံးကတော့ သူတို့ပြောသွားတာ ဒုတ္ထာနဲ့ ထုံးနဲ့ စပ်ပြီးဖျော်သုံးတဲ့။ ဘော်ဒိုမစ်ချာဆိုလား၊ အဲ့ဒါ အကောင်းဆုံးဘဲလို့ ပြောသွားကြတယ် ဆရာ။


    အဲ့ဒါ ဘော်ဒိုမစ်ချာ အကြောင်းလေး ပြည့်ပြည့်စုံစုံ အသေးစိတ် သိချင်းလို့ ဆရာ့ဆီကို ဖုန်းဆက် အကူအညီတောင်းတာပါလို့ ပြောပါတယ်။ ဦးထွန်းအောင်ရဲ့ မြေပဲခင်းမှာ ကျရောက်တဲ့ ရွက်ပျောက် ကလေးတွေဟာ မှိုကြောင့်ဖြစ်တဲ့ မှိုရောဂါ ဖြစ်ပါတယ်။


    ဒါ့ကြောင့် ဒီရွက်ပျောက် မှိုရောဂါကို မှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ကာကွယ်နှိမ်နင်းရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မိမိဒေသ၊ မိမိနဲ့ လက်တစ်ကမ်းမှာ လွယ်လွယ်ကူကူရနိုင်တဲ့ပစ္စည်းများဖြစ်တဲ့ ဒုတ္ထာ၊ မဖောက်ထုံးနဲ့ဖျော်စပ်ရရှိနိုင်တဲ့ဘော်ဒိုမစ်ချာဆေးရည်ကို အသုံးပြုချင်းဟာ ထိရောက်မှုပိုရှိပြီး ကုန်ကျစရိတ်လည်း သက်သာမှာ ဖြစ်ပါတယ်။


    ဒီဘော်ဒိုမစ်ချာဆေးရည်ကို မှိုသတ်ဆေးအဖြစ် အသုံးပြုခဲ့ကြတာ များတယ်။ အထူးသဖြင့် ဥယျာဉ်ခြံတွေမှာ ပိုပြီးအသုံးပြုခဲ့ကြတာ များတယ်။


    ပြင်သစ်နိုင်ငံမှာ စပျစ်စိုက်ခင်းများမှာ ကျရောက်တဲ့ ဒေါင်းနီ မှိုရောဂါအတွက် အသုံးပြုကြတာ တွေ့ရတယ်။ ဘော်ဒိုမစ်ချာ၏ အာနိသင်ကောင်းမှုသည် ဒုတ္ထာနှင့် ထုံးတို့ရဲ့ အရည်အသွေးပေါ်တွင် တည်မှီနေတယ်။ ဖျော်စပ်ရာမှာ အထူးသတိပြုရန် လိုတယ်။ ထုံးကို မဖောက်ထုံးအသုံးပြုရာမှာ ဖြစ်တယ်။


    ပထမဦးစွာထုံးကို ရေနဲ့အရင်ဖျော်ရမယ်။ ထုံးပျော်သွားအောင် သေချာမွှေပေးရန် လိုပါတယ်။ ဒုတ္ထာကိုလည်း ရေနဲ့သီးသန့် ဖျော်ရမယ်။ ဒုတ္ထာများ ရေမှာလုံးဝပျော်သွားစေရန် သေချာမွှေပေးနေရန် လိုအပ်ပါတယ်။ပြီးလျှင် ရေနှင့်ဖျော်ထားတဲ့ ထုံးရည်နဲ့၊ ရေနဲ့ဖျော်ထားတဲ့ ဒုတ္ထာရည်တို့ကို တစ်ပါတည်း ပြိုင်တူလောင်းထည့် ရောစပ်ရမှာဖြစ်ပါတယ်။ ဒုတ္ထာနဲ့ ထုံးရည်များဟာ သံ၊ သွပ်၊ ကြေး၊ သတ္ထုများနဲ့ ပြုလုပ်ထားတဲ့ ပုံး၊ခွက်များကို စားတတ်သဖြင့် မြေ၊ စဉ့်၊ ပလပ်စတစ်၊ သစ်သားစည်များကိုသာ အသုံးပြုရန် သတိပြုသင့်ပါတယ်။


    ဒုတ္ထာဖျော်ရည်နဲ့ ထုံးဖျော်ရည် ပြိုင်တူရောစပ်ဖျော်နေစဉ် မပြတ်မွှေပေးနေရန် လိုပါတယ်။ ဒီလိုမွှေပေးနေစဉ်မှာ ဆေးရည်အတွင်း ဒုတ္ထာများမကျန်စေရန် သတိပြုမွှေရမှာ ဖြစ်ပါတယ်။ ဒုတ္ထာကျန်၊ မကျန် သိရှိရန် သံနဲ့လုပ်ထားတဲ့ ဓားသွားကို ဆေးရည်အတွင်း နှစ်ကြည့်ပါက ဓားသွားကြေးနီရောင် ဖြစ်နေလျှင် ဒုတ္ထာကျန်နေသေးတာကို တွေ့ရတယ်။ ဒုတ္ထာ ကျန်နေသေးပါက ဆေးရည်ကို ဆက်ပြီးမွှေပေးနေပါ။ ထုံအနည်းငယ် ထပ်ထည့်၍လည်း မွှေပေးနိုင်ပါတယ်။ ဓားသွားကို ဆေးရည်တွင် ထပ်နှစ်ကြည့်ပါက ဓားသွား ငှက်ခါးတောင်ရောင် ဖြစ်ပေါ်လာပါက ဒုတ္ထာမကျန်ကြောင်း သိရပါတယ်။ဆေးရည်ကိုဖျော်ပြီး ချက်ချင်းသုံးရမှာ ဖြစ်ပါတယ်။



    ဆေးဖျန်းပုံးကို ဆေးရည်အနယ်မထိုင်စေရန် အမြဲလှုပ်ပေးနေရန် လိုပါတယ်။ နေပူရှိန်ပြင်းနေချိန်၊ မိုးရွာနေချိန်များတွင် ဘော်ဒို မစ်ချာဆေးကို မဖျန်းသင့်ပါ။ ဆေးဖျန်းလျှင် အပင်အရွက်များ ရွှဲစိုနေအောင် ဖျန်းပါ။ ရောဂါဖြစ်ပွားမှုများလျှင်ဆေးရည်ကို တစ်ပတ်ခြားတစ်ကြိမ် ဖျန်းပေးပါ။ သုံးပြီးလျှင် ဆေးဖျန်းပုံးကို ရေပြောင်အောင် ဆေးကြောထားပါ။ဆေးရည်ဖျော်စပ်နှုန်း သတိပြုရန် လိုပါတယ်။ ၁ ရာခိုင်နှုန်း ဘော်ဒိုမစ်ချာဆေးရည်၊ ၂ ရာခိုင်နှုန်း ဘော်ဒိုမစ်ချာဆေးရည်၊၅ ရာခိုင်နှုန်း ဘော်ဒိုမစ်ချာဆေးရည်ဆိုပြီး အမျိုးမျိုးဖျော်စပ်ကြတာ တွေ့ရတယ်။ ၁ရာခိုင်နှုန်းမှာတော့ ဒုတ္ထာတစ်ပိဿာ၊ ထုံးတစ်ပိဿာ၊ ရေ ၃၆ ဂါလံ၊ ၂ ရာခိုင်နှုန်းမှာတော့ ဒုတ္ထာ နှစ်ပိဿာ၊ ထုံး နှစ်ပိဿာ၊ ရေ၃၆ ဂါလံ၊ ၅ ရာခိုင်နှုန်းမှာတော့ ဒုတ္ထာ ငါးပိဿာ၊ ထုံး ငါးပိဿာ၊ ရေ ၃၆ ဂါလံနှုန်းဖျော်စပ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒုတ္ထာ ၂၀ ကျပ်သား၊ ထုံး ၂၀ ကျပ်သားနဲ့ ရေ ၄ ဂါလံ ဖျော်စပ် အသုံးပြုကြတာ တွေ့ရပါတယ်။


    ၁ ရာခိုင်နှုန်း ဘော်ဒိုမစ်ချာ ဆေးရည်ကို အရွက်များကို ဖျန်းရပါတယ်။ ၂ ရာခိုင်နှုန်း ဘော်ဒိုမစ်ချာဆေးရည်ကို စိုက်ခင်းမြေနဲ့ စိုက်

    ဘောင်တွေမှာ ဖျန်းရပါတယ်။ ၅ရာခိုင်နှုန်း ဘောဒိုမစ်ချာဆေးရည်ကို ရောဂါပြင်းထန်တဲ့ အပင်အစိတ်အပိုင်းတွေမှာဖျန်းရပါတယ်။

    နောက်ပိုင်းမှာ ဘော်ဒိုမစ်ချာဆေးရည်ကို ပင်စည်ပုပ်၊ ခါးရိ၊ ပင်နာကျ၊ စပါးရွက်ညိုပျောက်၊ ပဲမျိုးစုံရွက်ပျောက်၊ ပင်ညှိုး ခရမ်းချဉ်

    လောင်မဲ၊ ကော်ဖီသံချေး၊ ကိုင်းများခြောက်၊ မှဲ့ပျောက်စွန်း၊ ရှောက်သံပရာအကြေးပတ်ရောဂါ၊ လက်ဖက်ပင်နာကျ၊နှင်းဆီ၊ ဂန္ဓမာ

    ရွက်ခြောက်နဲ့ အနက်ဖြာက်စတဲ့ မှိုရောဂါတွေကိုလည်း ဘော်ဒိုမစ်ချာဆေးရည်နဲ့ ကာကွယ်နှိမ်နင်းနိုင်တာကိုတွေ့ရပါတယ်။


    - အောင်ဆန်း(စိုက်ပျိုးရေး)


    မြန်မာတောင်သူကြီးများ ဂျာနယ်


  • article
likes13comments2
views140views2215