cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိချောင်းကွမ်းဖတ် စိုက်ပျိုးခြင်း

. စိုက်ပျိုးခြင်း
မိချောင်းကွမ်းဖတ်ပင်များသည် မိုးတွင်းကာလ ရေကြီး နစ်မြုပ်ခံရချိန်တွင် အပင်များသေမသွားဘဲ ရေအောက်မှာသာ ရှိနေခဲ့ပါသည်။ ရေနစ်မြုပ်သည့်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ပါသည်။
  • ဧရာဝတီ မြစ်ကြီးသည် မြစ်လက်တက် ပေါင်းများစွာ ဖြစ်ပေါ်စေသဖြင့် မြေဆီသြဇာ အလွန်ကောင်းမွန်ပါသည်။ ထို့ကြောင့်လည်း ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးစိုက်ပျိုးဖြစ်ထွန်းပြီး မြန်မာနိုင်ငံ၏ စပါးကျီဟုပင် တင်စားခေါ်ဝေါ်ကြပါသည်။ မြေမျက်နှာပြင်အနေအထားအရ မြေပြန့်လွင်ပြင်ဖြစ်ပြီး စိုက်ပျိုးရန် သင့်တော်သည့် မြေဆီလွှာကောင်းများ ပိုင်ဆိုင်ထားပါသည်။ သို့ရာတွင် ပန်းတနော်မြို့နယ်နှင့် အိမ်မဲမြို့နယ်များရှိ နယ်မြေ တချို့သည် မိုးတွင်းကာလတွင် ရေနစ်မြုပ်သည့် ဒေသများ ဖြစ်ပါသည်။

    မိချောင်းကွမ်းဖတ်ပင်များသည် မိုးတွင်းကာလ ရေကြီး နစ်မြုပ်ခံရချိန်တွင် အပင်များသေမသွားဘဲ ရေအောက်မှာသာ ရှိနေခဲ့ပါသည်။ ရေနစ်မြုပ်သည့်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ပါသည်။ စက်တင်ဘာလ ရောက်သည့်အခါ ရေများသည် ခြောက်လမခန့်အထိ လျော့နည်းလာသဖြင့် အပင်များသည် ကြီးထွားနှုန်းကောင်းမွန်လာပြီး အသီး၊ အပွင့်များပါ သီးပွင့်လာပါသည်။ ရေကျသွားပြီးချိန်မှစပြီး သုံးလခန့်ကြာသည့်အချိန်တွင် သီးနှံပင်များကို စတင်ရိတ်သိမ်းနိုင်ပါသည်။


    အရိုင်းသီးနှံပင်မှ စိုက်ပျိုးသီးနှံပင်အဖြစ် ပြောင်းလဲစိုက်ပျိုးခြင်း

    မိချောင်းကွမ်းဖတ်သီးနှံသည် ရေနက်ကွင်း လယ်မြေများတွင် ယခင်က အလေ့ကျပေါက်ပင်များ ဖြစ်ခဲ့ပါသည်။ ဒေသခံများအနေဖြင့် အကျိုးရှိစွာ အသုံးမချတတ်သဖြင့် ဈေးကွက်လည်း မရရှိခဲ့ပါ။ လွန်ခဲ့သော ၁၀ နှစ်ခန့်မှစတင်ပြီး တရုတ်တိုင်းရင်းဆေး ဖော်စပ်ရန် ကုန်ကြမ်းအဖြစ် စတင် ဝယ်ယူခဲ့ပါသည်။ ထိုစဉ်အချိန်က ဒေသခံပြည်သူများသည် စီးပွားဖြစ်အနေဖြင့်မဟုတ်ဘဲ တစ်နိုင်တစ်ပိုင် ခူးယူရောင်းချခဲ့ကြပါသည်။တဖြည်းဖြည်း ဝယ်ယူလိုအား မြင့်မားလာသလို ဈေးနှုန်းမြင့်တက်လာသဖြင့် အကျိုးအမြတ် ပိုမိုရရှိလာကာ သဘာဝအတိုင်း ပေါက်ရောက်သည့် အရိုင်းခင်းများအား ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်လာကြပါသည်။


    စိုက်ပျိုးပုံနည်းစနစ် ပြောင်းလဲခြင်း

    စိုက်ပျိုးနည်း (၁)

    စိုက်ခင်းကို မြေပြုပြင်ခြင်းမပြုလုပ်ဘဲ သီးနှံမျိုးစေ့ကို ကြဲပက်ယုံသာ ကြဲပက်ထားပြီး ရိတ်သိမ်းယူသည့်စနစ် ဖြစ်ပါသည်။ အပင်ပေါက်နှုန်း ပိုမို လာသဖြင့် တစ်ဧက ထွက်နှုန်း သုံးတင်းမှ ငါးတင်းအထိ အထွက်နှုန်း ပိုမိုထွက်ရှိပါသည်။


    စိုက်ပျိုးနည်း (၂)

    စိုက်ခင်းကို မြေပြုပြင်ပြီး သမန်းပြင်ညီအောင် ကြမ်းတုံးရိုက်၍ မြေကိုညှိပြီးမှ မျိုးစေ့ကြဲပက်ပါသည်။ အထွက်နှုန်းမှာ တစ်ဧက ၁၀ တင်းခန့်အထိ အထွက်တိုးလာခဲ့ပါသည်။


    စိုက်ပျိုးနည်း (၃)

    စိုက်ခင်းတစ်ဧကစာအတွက် ပျိုးခင်းအဖြစ် ၅၀_၅၀ အကျယ်တွင် ပျိုးထောင်ထားပါသည်။ စိုက်ခင်းအတွင်း ရေခြောက်လက်မခန့်အထိ ကျဆင်းသွားချိန်တွင် ပျိုးခင်းမှ ပျိုးပင်များကို ယူပြီး စိုက်ခင်းထဲတွင် ညီညာစွာ ဖြန့်ကြဲထားပါသည်။ ဤသီးနှံသည် Vegetative Propagation System ဖြင့် မျိုးပွားစေနိုင်သဖြင့် စပါးပင်ကဲ့သို့ စိုက်ပျိုးရန်မလိုအပ်ပါ။ ကောက်စိုက် မငှားရသည့် အခက်အခဲနှင့် ကောက်စိုက်ခ ကုန်ကျစရိတ်အတွက် မလိုအပ်ပါ။ ဤစိုက်နည်းသည် ရေညစ်ညမ်းမှုကြောင့် ရေမှော်ပင်များ ပွားများလာကာ ဖုံးလွှမ်းခံရပြီး သီးနှံပင်များ သေကြေသည့်ဒဏ်မှ ကာကွယ်ပေးပြီး ရွှေခရုဖျက်စီးခံရမှုမှလည်း ကာကွယ်ပေးနိုင်ပါသည်။ ဤနည်းကို အသုံးပြုစိုက်ပျိုးပါက တစ်ဧကအထွက်နှုန်း တင်း ၂၀ ခန့် ထွက်ရှိပါသည်။ ပျိုးခင်းမှာလည်း Regenerate System အရ အပင်များ ပြန်လည်ရှင်သန်ပြီး သီးနှံအထွက်နှုန်းမှာ ပုံမှန်အတိုင်း ထွက်ရှိစေနိုင်ပါသည်။


    ရိတ်သိမ်းခြင်း

    ဇန်နဝါရီလတွင် ရိတ်သိမ်းလေ့ရှိပါသည်။ ရိတ်သိမ်းရာတွင် လူအားနှင့် ရိတ်သိမ်းကြပါသည်။ ရိတ်သိမ်းပြီး အပင်များကို မီးဖိုတွင် အပူပေး၍ အစေ့ထုတ်ယူကြပါသည်။ ယခုအခါ စိုက်ပျိုးထုတ်လုပ်မှု ပမာဏ များလာသဖြင့် Crusher Machine ဖြင့်ခြွေလှေ့ကြပါသည်။ ခြွေလှေ့စက်ဖြင့် ခြွေလှေ့ပါက တစ်ကြိမ်တည်းဖြင့် ခြွေလှေ့ပြီးစီးပါသည်။


    ဘက်စုံ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းနှင့် မိချောင်းကွမ်းဖတ် စိုက်ပျိုးရေး

    ရေမြုပ် လယ်ယာများအား ရေတားဘောင် (ကန်သင်းရိုး) များကို ရေဝင်၊ ရေထွက်ကောင်းမွန်စေရန် စနစ်တကျ တည်ဆောက်ပြီး ရေကို စိုက်ပျိုး ရာသီဖြစ်သည့် စက်တင်ဘာလ ရောက်သည်အထိ ထိန်းသိမ်းနိုင်ပါက လယ်ကွင်းထဲတွင် ရေကိုလေးလခွဲခန့် ထိန်းထားနိုင်ပါသည်။

    အကယ်၍သာ လေးလအတွင်း ဈေးကွက်ဝင်အရွယ်ရောက်နိုင်သည့် ငါးပြေမ၊ ငါးရံ့စသည့် တိုင်းရင်းငါး ငါးဖျန်းအရွက်လေးများကို ထည့်သွင်း မွေးမြူပါက ငါးမွေးမြူရေး လုပ်ငန်းမှလည်း ဝင်ငွေ အကျိုးအမြတ်အဖြစ် ကျပ်ငါးသိန်းခန့် ရရှိနိုင်ပါသည်။ အလားတူ မွေးမြူရေးလုပ်ငန်းကို လည်းတွဲဘက်လုပ်ကိုင်နိုင်ပါသည်။ အကယ်၍သာ လယ်ကန်သင်းရိုးကို ဘောင်ခပ်ကျယ်ကျယ်ဆည်ဖို့ထားပါက ကန်သင်းရိုးပေါ်တွင် ဟင်းသီး ဟင်းရွက်ကို စီးပွားဖြစ် စိုက်ပျိုးနိုင်ပါသည်။ မိချောင်းကွမ်းဖတ် စိုက်ခင်းတွင် စိုက်ပျိုးနည်းစနစ် (၃) ကိုသာ အသုံးပြု စိုက်ပျိုးပါက စိုက်ပျိုးချိန်ကာလမှာ လေးလခန့်သာကြာသဖြင့် ကျန်အချိန်များတွင် ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းအတွက် စားကျက်မြေအဖြစ် အသုံးပြုနိုင်သဖြင့် ကျွဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရန် သင့်တော်ပါသည်။


    ရာသီဥတု ပြောင်းလဲမှုအတွက် လိုက်လျောညီထွေရှိခြင်း

    ဤသီးနှံသည် မိုးများ၍ ရေကြီးနစ်မြုပ်ခြင်း၊ မိုးခေါင်ခြင်းနှင့် အပူချိန်မြင့်မားသည့် ဒဏ်ကို ခံနိုင်ရည်ရှိသည့်အပြင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးသုံးစွဲရန် မလိုအပ်ပါ။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေစွာ စိုက်ပျိုးနိုင်သည့် သီးနှံအမျိုးအစားဖြစ်ပါသည်။


    စိန်ခေါ်မှုများ

    စိုက်ပျိုးနည်း (၁) နှင့် (၂) ကို အသုံးပြုပါက မိုးတွင်းကာလ ရေကြီးနစ်မြုပ်သည့် ရာသီတွင် စိုက်ခင်းများအတွင်း ရေညစ်ညမ်းမှုဖြစ်ပေါ်လာပါက ရေညှိများ အဆမတန်ပေါက်ဖွားပြီး အပင်များအပေါ်တွင် ဖုံးအုပ်ခံရကာ သေနိုင်ပါသည်။ အလားတူ ရေဖုံးလွှမ်းစဉ်ကာလတွင် ရွှေခရုများ ကိုက်ဖြတ်မှုကြောင့်လည်း သီးနှံခင်းများ ပျက်စီးနိုင်ပါသည်။ အရေးကြီးဆုံး စိန်ခေါ်မှုတစ်ရပ်မှာ ဤသီးနှံ၏ အဓိကဈေးကွက်မှာ တရုတ်နယ် စပ်ကုန်သွယ်ရေး ဈေးကွက် တစ်ခုတည်း အပေါ် မှီခိုနေရသဖြင့် အဆိုပါ ဈေးကွက် ရပ်ဆိုင်းသွားပါက အခြား ဈေးကွက်သစ်များ ရရှိရန် လိုအပ်ပါသည်။ သီးနှံကုန်ကြမ်းအား တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်နိုင်ရန် ကြိုးစားလုပ်ကိုင်သင့်ပါသည်။


    ယခုအခါ ပန်းတနော်၊ အိမ်မဲ၊ ဝါးခယ်မစသည့် မိုးတွင်းကာလ ရေကြီးနစ်မြုပ်သည့် လယ်ကွင်းများသာမက အခြားသော မြို့နယ်များရှိ လယ်ယာမြေများတွင် မိချောင်းကွမ်းဖတ်ကို စိုက်ပျိုးရန် စီစဉ်နေကြပါသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် ဤသီးနှံသည် မြေသြဇာစားသုံးမှုများကို စနစ်တကျ သုတေသနပြုလုပ်ပြီး တောင်သူလယ်သမားများအား စနစ်တကျရှင်းလင်းပြောပြသင့်ပါသည်။ ထို့ပြင် ယခုထက် ပိုမိုအကျိုးရှိနိုင်သည့် စိုက်ပျိုးရေး နည်းစနစ်များကိုလည်း စမ်းသပ် လုပ်ဆောင်ပေးသင့်ပါသည်။ တစ်ဘက်မှလည်း ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ကုန်သည်ကြီးများအသင်း အနေဖြင့် ဈေးကွက်အသစ် ရရှိရေး၊ တန်ဖိုးမြင့်ပစ္စည်း ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

    - ထူးသစ်(အဏ္ဏဝါ)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် 


  • article
likes9comments0
views185views2891