ကော်ဖီတစ်တန် ကျပ် သိန်း ၁၅၀ကျော်ထိ ဈေးကောင်းပေမယ့် အထွက်နည်းလို့ ဈေးကွက်လိုအပ်ချက်အတိုင်းမပေးနိုင်
နိုင်ငံတကာဈေးကွက်မှာ မြန်မာ့ကော်ဖီတစ်တန်ကို ကျပ်သိန်း၁၅၀ ထိဈေးကောင်းရပေမယ့် ပြည်တွင်းထွက်ရှိမှုနည်းတဲ့အတွက် ကပြည်ပဈေးကွက်လိုအပ်ချက်အတိုင်းမပေးနိုင်သေးဘူးလို့ မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။
“ဈေးကွက်ဝင်ကော်ဖီတွေက တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၅၀၀၊ ၅၀၀၀ လောက်ဈေးရတယ်။ ဈေးကွက်အသစ်ရှာဖွေဖို့က နိုင်ငံတွင်းထွက်ရှိတဲ့ ကော်ဖီတန်ချိန်က နည်းပါးပြီးတော့ လက်ရှိရနေတဲ့ ဈေးကွက်တွေမှာတောင် သူတို့လိုချင်တဲ့ပမာဏတောင်မရောင်းနိုင်တဲ့အခြေအနေရှိပါတယ်။ ဒါပေမယ့် မြန်မာ့ကော်ဖီကို စိတ်ဝင်တစားမေးမြန်းတဲ့ ဈေးကွက်အသစ်တွေလည်းရရှိပါတယ်”လို့ ကော်ဖီအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ကော်ဖီရာသီက မြန်မာ့ကော်ဖီအထွက်နှုန်းရဲ့ ၇၅ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး ကော်ဖီတစ်တန်ကို ကျပ် သိန်း ၁၅၀ မှ ၁၇၀ ခန့်အထိ ဈေးကောင်းရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံက ကော်ဖီကို ကုန်ကြမ်းအသီးစိမ်းအနေနဲ့ဝယ်ယူတာဖြစ်ပြီး ထိုင်းဝယ်လက်တွေကိုယ်တိုင် ဒေသအရောက် ဝယ်ယူခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကထက် သုံးဆခန့်ဈေးပိုရခဲ့တယ်လို့ သိရပါတယ်။
ပုံမှန်ကော်ဖီရာသီချိန်တွေမှာ ပျမ်းမျှ ကော်ဖီတန်ချိန် ၁၀၀၀၀ ကျော် ထွက်ရှိပေမယ့် ပြီးခဲ့တဲ့ ကော်ဖီရာသီမှာ ရာသီဥတုမမှန်တဲ့အတွက် ကော်ဖီအထွက်နှုန်းရဲ့ လေးပုံတစ်ပုံခန့်ထိ ကျဆင်းခဲ့ပြီး ကော်ဖီရာသီချိန် စောစီးစွာ သိမ်းခဲ့ရတယ်လို့လည်း သိရပါတယ်။
ဤဆောင်းပါးကို MyanmaPlatformမှကူးယူဖော်ပြပါသည်။
-----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/