cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လယ်ယာမြေပိုင်ဆိုင်ခွင့်ရရှိရန် သိထားသင့်သည့်အချက်များ

. ဗဟုသုတ
တောင်သူလယ်သမားများ သားစဉ်မြေးဆက် အဆက်ဆက် ဘဝအာမခံချက်ရရှိဖို့ လယ်ယာမြေပိုင်ဆိုင်ခွင့်မှတ်ပုံတင်ကြစို့….
  • တောင်သူလယ်သမားများ သားစဉ်မြေးဆက် အဆက်ဆက် ဘဝအာမခံချက်ရရှိဖို့ လယ်ယာမြေပိုင်ဆိုင်ခွင့်မှတ်ပုံတင်ကြစို့….

    လယ်ယာမြေဆိုသည်မှာ-

    လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိ မြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေနှင့် မြေနုကျွန်းမြေ တို့ပါဝင်ပါသည်။

    လယ်ယာမြေဥပဒေ ပုဒ်မ ၃ (က)

    လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုသည်မှာ-

    လယ်ယာမြေကို လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအရ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ရရှိခြင်း ဖြစ်ပါသည်။

    လယ်ယာမြေဥပဒ ပုဒ်မ ၃ (ဃ)

    လယ်ယာမြေလုပ်ပိုင်ခွင့် အခွင့်အရေးများရရှိရန် တောင်သူလယ်သမားများသည် မိမိတို့လုပ်ကိုင်နေသည့် လယ်ယာမြေများနှင့် စပ်လျဉ်း၍ လယ်ယာမြေဥပဒေပါ အခွင့်အရေးများရရှိရန်အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် လျှောက်ထားရယူကြရပါမည်။

    လယ်ယာမြေဥပဒ ပုဒ်မ ၄

    လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထာားနိုင်သူများ အသက် (၁၈)နှစ် ပြည့်ပြီးသော နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဖြစ်သည့်

    (က) မြေကိုအသုံးပြု၍ စိုက်ပျိုးရေး (သို့မဟုတ်) မွေးမြူရေး (သို့မဟုတ်) လုပ်ငန်းနှစ်ရပ်လုံးကို အသက်မွေးဝမ်းကျောင်းအဖြစ် ကိုယ်တိုင် လုပ်ကိုင်သူ/ ကိုယ်တိုင်အစဉ်တဆက်လုပ်ကိုင်ခဲ့သူ/ ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်သူ/ အရင်းအနှီးမတည် စိုက်ထုတ်လုပ်ကိုင်သူ/ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ/ မျိုးနှင့် သားပေါက်များ ထုတ်လုပ်ရောင်းချသည့်တောင်သူလယ်သမား။

    (ခ) တောင်သူလယ်သမား အိမ်ထောင်သားစု (သို့မဟုတ်) အိမ်ထောင်သားစုဝင်။

    (ဂ) လယ်ယာမြေကို လက်ရှိအသုံးပြုခွင့် ရရှိထားသောအိမ်ထောင်သားစု အကြီးအကဲ (သို့မဟုတ်) အိမ်ထောင်သားစုတွင်ပါဝင်သူတစ်ဦး (သို့မဟုတ်) အုပ်ထိန်းသူ။

    (ဃ) တစ်လုံးတစ်စည်းတည်းဖြစ်၍ ပစ္စည်းမခွဲဝေရသေးသော တောင်သူလယ်သမားအိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦးဦး၏ အမည်ဖြင့်ထားရှိသော လယ်ယာမြေအားလုံးကို ထိုအိမ်ထောင်သားစုတွင် ပါဝင်သူအားလုံးက ပူးတွဲလက်ရှိအသုံးပြုခွင့် ရရှိထားပါက ယင်းအကျိုးတူ ခံစားခွင့်ရှိသော တောင်သူလယ်သမားအိမ်ထောင်သားစု။

    (င) လယ်ယာမြေဥပဒေ အာဏာမတည်မီ လယ်ယာမြေနှင့် သက်ဆိုင်သော တည်ဆဲဥပဒေနှင့်အညီ တရားဝင်လက်ရှိလက်ငုတ် လုပ်ကိုင်နေသူ။

    (စ) လျှောက်ထားသည့် လယ်ယာမြေတွင် အမှန်တကယ် လုပ်ကိုင်နေသူ/ လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူဖြစ်ကြောင်း အတည်ပြုခံရသူ/ အထောက်အထားတင်ပြနိုင်သူများ။

    (ဆ) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း၊ အစိုးရအဟုတ်သော အဖွဲ့အစည်းများလည်းလျှောက်ထားနိုင်ပါသည်။


    လယ်ယာမြေဥပဒ ပုဒ်မ ၆လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားရမည့်နေရာ- လယ်ယာမြေတည်ရှိသည့် သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး (ရပ်ကွက် သို့မဟုတ် ကျေးရွာုအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့) မှတစ်ဆင့် သက်ဆိုင်ရာမြို့နယ် မြေစာရင်းဦးစီးဌာနရုံး။

    လယ်ယာမြေဥပဒ ပုဒ်မ ၄ - လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားခြင်း

    ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် လယ်ယာမြေလုပ်ကိုင်ခွင့်လျှောက်လွှာ (ပုံစံ-၁) ကို အခမဲ့ရယူလျှောက်ထားရမည်။ သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ စိစစ်ပြီး မှန်ကန်ပါက ချိန်းဆိုသောနေ့တွင် မှတ်ပုံတင်ကြေး ပေးသွင်းပြီးလျှင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ကို ရရှိပါမည်။

    လယ်ယာမြေဥပဒ ပုဒ်မ ၃၊ ၁၄ (က) - လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြစ်လျှင်

    အငြင်းပွားမှုများရှိပါက ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် မူလမှုခင်းဖွင့်လှစ်လျှောက်ထား၍ အဆုံးအဖြတ်ခံယူရပါမည်။ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို အကျေနပ်ပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် အယူခံဝင်နိုင်ပါသည်။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် အယူခံဝင်နိုင်ပါသည်။ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို အကျေနပ်ပါက တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် အယူခံဝင်နိုင်သည်။

    လယ်ယာမြေဥပဒ အခန်း (၈) - လယ်ယာမြေကို နိုင်ငံခြားသားများအား လွှဲပြောင်းခွင့်မရှိပါ

    လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် လုပ်ပိုင်ခွင့်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားပါဝင်သည့် အဖွဲ့အစည်းကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း (သို့်မဟုတ်) ပေးကမ်းခြင်းမပြုရပါ။ ပြုလုပ်ခဲ့လျှင် လယ်ယာမြေအား သိမ်းယူခြင်းခံရပါမည်။

    လယ်ယာမြေဥပဒ ပုဒ်မ ၁၄ - လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးများ

    (က) လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်မှရလာသော အကျိုးအမြတ်များကို ခံစားပိုင်ခွင့် ရှိပါမည်။

    (ခ) လုပ်ပိုင်ခွင့်ရရှိထားသော လယ်ယာမြေအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်းခွင့် ရှိပါမည်။

    (ဂ) အမွေဆက်ခံနိုင်ခွင့် ရှိပါမည်။

    (ဃ) စည်းကမ်းမပျက်သရွေ့ လယ်ယာမြေကို လုပ်ကိုင်ခွင့် ရရှိပါမည်။

    (င) စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ကျေးလက်သမဝါယမ၊ ပုဂ္ဂလိက ရင်းနှီးမြှပ်နှံသူများနှင့် အကျိုးတူ လုပ်ကိုင်ခွင့် ရှိပါမည်။

    (စ) နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဥပဒေနှင့်အညီ နိုင်ငံခြားသား/ နိုင်ငံခြားသားပါဝင်သော အဖွဲ့အစည်းနှင့် ပူးပေါင်း၍ အကျိုးတူလုပ်ကိုင်ခွင့်ရရှိပါမည်။

    လယ်ယာမြေဥပဒ ပုဒ်မ ၉ - လယ်ယာမြေကို အသုံးချခြင်း

    ကျေးလက်နေ ပြည်သူလူထု၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ ကျေးလက်ဈေး၊ သုဿန်နှင့် အခြားလိုအပ်သော အဆောက်အအုံများအတွက် လယ်ယာမြေကို အသုံးပြုရန်ကိစ္စနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာစနစ်မှ ခေတ်မီစက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် လိုအပ်သည့် လယ်ယာသုံးစက်နှင့် စက်ကိရိယာများထားရှိခြင်း၊ ဆန်စက်များ၊ သီးနှံသိုလှောင်သည့်ဂိုဒေါင်များ လိုအပ်သောကုန်ထုတ်လမ်းများနှင့် အခြေခံအဆောက်အဦးများ တည်ဆောက်ရာတွင် လယ်ယာမြေကို အသုံးပြုရန်ကိစ္စတို့နှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ပါသည်။

    လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသူ လိုက်နာရမည့်စည်းကမ်းများ

    လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည်-

    (က) ဤဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း လယ်ယာမြေကို လုပ်ကိုင်ရမည်။

    (ခ) လယ်ယာမြေနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနက စည်းကြပ်သော မြေခွန်နှင့် အခြားအခွန်အခများကို ပေးဆောင်ရမည်။

    (ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခုတို့ကို ပေးဆောင်၍ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။

    (ဃ) တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။

    (င) စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် (သို့မဟုတ်) အစိုးရကအသိအမှတ်ပြုသောဘဏ်တွင်သာ ပေါင်နှံရမည်

    (စ) သက်ဆိုင်ရာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က တရားဝင်ချထားခြင်းမရှိဘဲ ကျူးကျော်လုပ်ကိုင်ခြင်းမပြုရ။

    (ဆ) လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရ။

    (ဇ) လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော ရာသီသီးနှံအမျိုးအစားမှ နှစ်ရှည်သီးနှံအမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရ။

    (ဈ) ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရ။

    (ည) လယ်ယာမြေလုပ်ပိုင်ခွင့်မရမီကာလအတွင်း (သို့မဟုတ်) လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှုဖြစ်ပေါ်နေသောကာလအတွင်း လယ်ယာမြေကိုရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း (သို့မဟုတ်) ပေးကမ်းခြင်းမပြုရ။

    လယ်ယာမြေဥပဒ ပုဒ်မ ၁၂ စိုက်ပျိုးရေးဦးစီးဌာန

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ်  ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes21comments1
views247views2994