cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲစင်းငုံအကြောင်း သိကောင်းစရာ အဖြာဖြာ

. စိုက်ပျိုးနည်းစနစ်များ
ပဲစင်းငုံကို အင်္ဂလိပ်လို Pigeon Pea ဟုခေါ်ပါတယ်။ ရုက္ခဗေဒ သိပ္ပံအမည်မှာ Cajaum Cajan Millsp ဖြစ်ပါတယ်။
  • ပဲစင်းငုံကို အင်္ဂလိပ်လို Pigeon Pea ဟုခေါ်ပါတယ်။ ရုက္ခဗေဒ သိပ္ပံအမည်မှာ Cajaum Cajan Millsp ဖြစ်ပါတယ်။ ပဲစင်းငုံပင် ပေါက်ရောက်ရာ ဇာစ်မြစ်ဟာ အိန္ဒိယ နိုင်ငံဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၅၀ဝ ကျော်ကတည်းကစ၍ အိန္ဒိယနိုင်ငံမှာ သဘာဝအလျှောက်ပေါက်ရောက်ကြပါတယ်။ ယခုအခါ ပဲစင်းငုံ သီးနှံကို အပူပိုင်းဒေသနှင့် အပူသမပိုင်း နိုင်ငံများမှာ စိုက်ပျိုးကြပါတယ်။ အခြားနိုင်ငံများထက် အရှေ့တောင် အာရှနိုင်ငံတွေမှာ ပဲစင်းငုံကို အစားများကြပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ပဲစင်းငုံစေ့ကို အခြားသောကောက်နှံများဖြင့် ရောနှော၍ ပေါင်မုန့်လုပ်ကြပါတယ်။

    ပဲစင်းငုံဟာ နှစ်ရှည်ချုံပင်မျိုး ဖြစ်သော်လည်း တစ်နှစ်ခံ သီးနှံပင်အဖြစ် အထက်မြန်မာနိုင်ငံ၊ အပူပိုင်းခြောက်သွေ့ ဒေသများ ဖြစ်ကြသော မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြပါတယ်။ ပဲစင်းငုံကို တချို့အရပ်ဒေသတွေမှာ “စစ်ပိုင်ပဲ” လို့ ခေါ်ကြပါတယ်။ ပဲစင်းငုံအသီးက ခပ်ပြားပြားပုံသဏ္ဌာန် ဖြစ်ပါတယ်။ သူရှင်သန်ပေါက်ရောက်ရာ ရေ၊ မြေဒေသပေါ် မူတည်ပြီး အစေ့၏ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် အရောင်တို့ကွဲပြားခြားနား ကြပါတယ်။

    တချို့ဒေသထွက် ပဲစင်းငုံအစေ့မှာ လုံးဝန်း၍ တချို့က ဘဲဥပုံ ဖြစ်ပါတယ်။ တချို့မှာ အဖြူ၊ အညို၊ အနီ၊ မီးခိုရောင် (သို့) ခရမ်းရောင်သန်းပါတယ်။ ပဲစင်းငုံအတွက် မြေဆီလွှာရွေးချယ်ခြင်း ပဲစင်းငုံအတွက် မြေအမျိုးစား မရွေးသဲသမမြေမှ ရွှံ့သဲသမမြေအထိ စိုက်ပျိုးနိုင်ပါတယ်။ မြေနီကျောက်စရစ်၊ မြေနီသဲဝန်း၊ စနယ်မြေနက်တို့တွင် ဖြစ်ထွန်းပါတယ်။ နုန်းမြေစေး၊ မြေဩဇာထက်သန်၍ မြေသားနက်သည့် သမမြေတွင် ပိုမိုဖြစ်ထွန်းပါတယ်။ မြေအချဉ်အငန်ဓာတ် (၇) ပတ်ဝန်းကျင်ရှိပြီး ရေစီးရေလာကောင်းမွန်သော မြေမျိုးကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ မြေအချဉ်ဓာတ်လွန်ကဲခြင်းနှင့် ဆားပေါက်သည့် မြေတွင် မြစ်ဖုဖြစ်ပေါ်မူကို ဟန့်တားစေပါတယ်။ မြေအချဉ်ငန်ဓာတ် ၅ ဒသမ ၅ထက် နိမ့်ပါက အပင်ကောင်းစွာ မဖြစ်ထွန်းပါ။ ပဲစင်းငုံပင်များကို မြေဆီလွှာညံ့သော ဒေသများတွင်လည်း စိုက်ပျိုးနိုင်ပါတယ်။

    ပဲစင်းငုံစိုက်ခြင်းဖြင့် မြေဆီလွှာကို အာဟာရ တိုးစေပါတယ်။ ပဲစင်းငုံပင်၏ အရွက်နှင့် အသီးတို့ဟာ လေထဲမှ နိုက်ထရိုဂျင်ကိုစိုက်ပျိုးရာသီ တစ်ရာသီအတွင်း တစ်ဧက စိုက်ခင်းရှိ အပင်များက ၁၈ ပေါင်မှ ၂၈ ပေါင် အထိ စုပ်ယူနိုင်ကြောင်း သုတေသနတွေ့ရှိချက်များက ပြောထားပါတယ်။ ပဲစင်းငုံ အမြစ်မှ မီသိုင်းနွယ်ဝင် ပစီဒစ်အက်ဆစ် ထုတ်ပေးရပါတယ်။ ၎င်းအက်ဆစ်ကြောင့် မြေထဲတွင်သံဓာတ်က အထိန်းချုပ်ခံထားရသော ဖော့စဖိတ်ဓာတ်ကို အရည်ပျော်စေပြီး အမြစ်က လွယ်ကူစွာ စုပ်ယူစားသုံးနိုင်စေပါတယ်။

    သံဓာတ်ကြောင့် ဖော့စဖိတ်ချုပ် ထိန်းခံရသော ဒေသများတွင် ဖော့စဖိတ်ဓာတ်ချို့တဲ့ တတ်သဖြင့် ပဲစင်းငုံကို မဖြစ်မနေစိုက်ပျိုးသင့်ပါတယ်။ ပဲစင်းငုံ စားဖွယ်စုံ။ ယခင်က မြန်မာနိုင်ငံမှာ ပဲစင်းငုံဈေးက ကုလားပဲဈေးထက် မြင့်တဲ့အတွက်၊ ကြာဆံထဲတွင် ပဲစင်းငုံပါဝင်မှုမရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်ပိုင်းမှာ ပဲစင်းငုံဈေးဟာ ကုလားပဲဈေးအောက် ရောက်သွားခြင်းကြောင့် ပဲစင်းငုံကို ကြာဆံထုတ်ရာမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။ ပဲစင်းငုံပါတဲ့ ကြာဆံဈေးနှင့် ကုလားပဲနှင့်လုပ်သော ကြာဆံ ဈေးနှုန်းမှာ အတူတူပင်ဖြစ်ပါတယ်။

    ကြာဆံမှာပဲစင်းငုံပါခြင်းအတွက် အရသာပြောင်းလဲခြင်း မရှိပါ။ပဲစင်းငုံကို ဟင်းချို အဖြစ်လည်းကောင်း၊ ကြော်၍လည်းကောင်း၊ ဟင်းသီးဟင်းရွက်စုံနှင့် အချဉ်ချက်၍ လည်းကောင်းအမျိုးမျိုး၊ အဖုံဖုံ စားသုံးနိုင်ပါတယ်။ ဟင်းချိုချက်လိုပါက ပထမဦးစွာ ပဲစင်းငုံကို ပြုတ်ပါ။ အခြားပဲများ ပြုတ်သကဲ့သို့ပင် မနူးခင်မမွှေသင့်ပါ။ မွှေပါက ပဲလန့်၍ မနူးမနပ် ဖြစ်တတ်ပါတယ်။ အဖြူရောင်အစက်ကလေး ကျန်ရှိနေသေးပါက မကျက်သေးပါ။ နူးလောက်အောင်ပြုတ်ပြီး၊ နူး၊မနူး သိလိုပါက ပဲခြမ်းတစ်ခြမ်း၊ နှစ်ခြမ်းလောက်ကို ဇွန်းနှင့်ဆယ်ယူပြီး လက်ဖြင့်ဖိကြည့်ပါ။ ကျက်ပါက အိုးကိုအသာချပြီး အဖတ်အရည် ခွဲခြားထားပါ။ ဒယ်အိုးတည်၊ ကြက်သွန်နီပါးပါးလှီး ဆီသတ်ပြီး ပဲပြုတ်ဖတ်များကို ပြုတ်ရည်များဖြင့် ထည့်မွှေပါ။ ရေကိုလည်း လိုသလောက်ထည့်၊ ပွက်ပွက်ဆူသော် ဆားနှင့်အရသာညှိ၊ မဆလာ၊ မန်ကျည်းမှည့်ရည်များခပ်၍ စားနိုင်ပါပြီ။ ဆီအစား ထောပတ်နှင့် ဆီသတ်ပါကလည်း အရသာတစ်မျိုး ထူးခြားပါတယ်။

    ပဲစင်းငုံ ကြော်ရာတွင်လည်း အထက်ပါနည်းအတိုင်း ပဲပြုတ်ရပါ့မယ်။ ရေခမ်းပြုတ်သင့်ပါတယ်။ ရေခမ်း၍ နူးပါက ကြက်သွန်နီပါးပါးလှီး ဆီသတ်ပြီး၊ ပဲပြုတ်ဖတ်များကို ထည့်ကြော်ကာ ဆားနှင့် အရသာညှိ၍ စားနိုင်ပါတယ်။ ဇီရာမှုန့်၊ မဆလာများထည့်ခတ်၍ စားနိုင်ပါတယ်။ဟင်းသီး ဟင်းရွက်စုံနှင့် ပဲစင်းငုံ ချက်နည်းကိုလည်း အထက်ပါအတိုင်း ပြုတ်ပါ။ ပဲနူးသော် အဖတ်များကို မဆယ်ဘဲအာလူး၊ ပဲသီး၊ ရွှေဖရုံသီးများ ထည့်ပါ။ နူးလွယ်သော ဂေါ်ဖီဖတ်၊ ရုံးပတီသီး၊ ခရမ်းသီးများကို နောက်မှထည့်ပါ။ ဒယ်အိုးတွင် ဆီထည့်၍ ဆီပူသော် ဇီရာမှုန့်၊ ငရုတ်ကောင်း အစိမ်းမှုန့်၊ ကြက်သွန်ဖြူ အစိမ်းထောင်း၍ အားလုံးကို ဆီသတ်ပါ။ ထို့နောက် ပဲနှင့် ဟင်းသီးဟင်းရွက်ပြုတ်ဖတ်များ ထည့်ပါ။ ပွက်ပွက်ဆူသော် ဆား၊ မန်ကျည်းမှည့်ရည် လိုသလောက်ထည့်၊ ငရုတ်သီးကို ထက်ခြမ်း ခွဲ၍ထည့်ပြီး အိုးချ၍စားနိုင်ပါပြီ။ ၎င်းသီးစုံ ပဲဟင်းထဲမှာ ပဲသီး၊ ရုံးပတီ၊ ခရမ်းသီး စတဲ့ ဝမ်းနူးစာတွေ ပါရှိသော်လည်း ငရုတ်ကောင်း၊ ကြက်သွန်ဖြူစတဲ့ ဝမ်းထိန်းညှိစာများ ပါရှိတာကြောင့် ဘေးအန္တရာယ် မဖြစ်စေနိုင်ပါ။

    ပဲစင်းငုံကို ရေခမ်းပြုတ်၊ ဆီဆမ်း၊ ဆား၊ မဆလာဖြူး၊ မန်ကျည်းမှည့်ရည်၊ ငရုတ်သီး စိမ်းတို့နှင့်သုပ်၍ ဟင်းအဖြစ်လည်းကောင်း၊ လက်ဖက်ရည်ကြမ်း အမြည်းအဖြစ်လည်းကောင်း ခံတွင်းတွေ့စေပါတယ်။ ပဲစင်းငုံနှင့် မြန်မာ့ဆေးကျမ်း။ ပဲစင်းငုံကို ကုလားပဲလောက် လူသုံးမများသော်လည်း ကုလားပဲထက် လူနှင့်ပိုတည့်သည်ဟုရှေးလူကြီးသူမများက အယုံအကြည် ရှိကြပါတယ်။

    ဓာတုရသကျမ်းတွင် ပဲစင်းငုံကြီးသည် သလိပ်၊ သည်းခြေနာကို ဖျောက်တတ်ခြင်း၊ စဉ်းငယ်ဖန်ခြင်း၊ လေကို လွန်စွာ မယူတတ်ခြင်းသတ္တိရှိ၏။ ပဲစင်းငုံငယ်သည် သလိပ်၊ သည်းခြေနာကို ဖျောက်တတ်ခြင်း သတ္တိရှိ၏ဟု ပြောထားပါတယ်။ တရုတ်နိုင်ငံမှာ ပဲစင်းငုံပင်၏ အမြစ်ကို စိတ်ငြိမ်ဆေးအဖြစ် အသုံးပြုပါတယ်။ လည်ချောင်းနာခြင်း၊ ဝမ်းသွားခြင်းတို့အတွက် ပဲစင်းငုံပင်၏အမြစ်ကို အသုံးပြုကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဝမ်းလျောရောဂါ၊ ချောင်းဆိုးရောဂါနှင့် ရင်ခေါင်းပိုင်း နာကျင်ခြင်း တို့အတွက် ပဲစင်းငုံပင်၏ အရွက်ဖြင့်ဆေးဖော်၍ ကုသလေ့ရှိပါကြောင်း ရေးသားလိုက်ရပါတယ်။

    - ပေါက်ပေါက်

    မြန်မာတောင်သူကြီးများ ဂျာနယ်


  • article
likes10comments0
views174views1906