cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

Gibberellic Acid (GA3 ဆေးပြားအကြောင်း )

. အပင်အာဟာရ
စိုက်ပျိုးရေး လုပ်သူများ သိရှိထားသင့်သည့် ဂျစ်ဗရာယ်လစ်အက်စစ် (Gibberellic Acid) ဟိုမှုန်းဆေး အကြောင်း "ဂျစ်ဗရယ်လင်ဟော်မုန်း"

၁၉၂၆ခုနှစ်တွင် ထိုစဉ်က ဂျပန်နိုင်ငံ၏ကိုလိုနီဖြစ်သော ထိုင်ဝမ် ကျွန်း၌ ဂျပန်လူငယ် အပင်ဇီဝကမ္မဗေဒပညာရှင် ဒေါက်တာအိုးစူဂူဆာဝါ (Dr. E.Kuruzawa)၏ ဘာခနေး (Bakanae)(စပါးအရူးရောဂါ) လေ့လာရာမှ အပင်ဟော်မုန်းအုပ်စုတစ်ခုဖြစ်သော ဂျယ်ဗရယ်လင်အုပ်စုကို စတင်တွေ့ ရှိခဲ့သည်။ ဤရောဂါစွဲကပ်သောစပါးပင်များ သည် သာမန်အပင်ထက် နှစ်ဆ ရှည်လျားသည်။

  • စိုက်ပျိုးရေး လုပ်သူများ သိရှိထားသင့်သည့် ဂျစ်ဗရာယ်လစ်အက်စစ် (Gibberellic Acid) ဟိုမှုန်းဆေး အကြောင်း "ဂျစ်ဗရယ်လင်ဟော်မုန်း" 

     ၁၉၂၆ခုနှစ်တွင် ထိုစဉ်က ဂျပန်နိုင်ငံ၏ကိုလိုနီဖြစ်သော ထိုင်ဝမ် ကျွန်း၌ ဂျပန်လူငယ် အပင်ဇီဝကမ္မဗေဒပညာရှင် ဒေါက်တာအိုးစူဂူဆာဝါ (Dr. E.Kuruzawa)၏ ဘာခနေး (Bakanae)(စပါးအရူးရောဂါ) လေ့လာရာမှ အပင်ဟော်မုန်းအုပ်စုတစ်ခုဖြစ်သော ဂျယ်ဗရယ်လင်အုပ်စုကို စတင်တွေ့ ရှိခဲ့သည်။ ဤရောဂါစွဲကပ်သောစပါးပင်များ သည် သာမန်အပင်ထက် နှစ်ဆ ရှည်လျားသည်။ 

     ဤသို့ဖြစ်ရခြင်းမှာ စပါးပင်အား ဤရောဂါဖြစ်စေသော ကပ်ပါးမှို (Gibberella fujikuroi) မှ ထုတ်လွှတ်သော ဓာတုပစ္စည်းတစ်မျိုး ကြောင့်ဖြစ်သည်။ နောင်တွင် ဂျစ်ဗရယ်လာရှိမှ ဖြစ်ပေါ်လာသောထိုဓာတု ပစ္စည်းမှာ အပင်ဟော်မုန်းဖြစ်၍ ဂျစ်ဗရယ်လင်အေ Gibberellin-A ဟု အမည် ပေးခဲ့ကြသည်။ 

     ယနေ့စိုက်ပျိုးရေးလောကတွင် ထင်ရှားကျော်ကြားလှသော ဂျစ်ဗရယ်လင်များမှာ စပါးပင်မှတိုက်ရိုက်ထုတ်ယူခြင်းမဟုတ်ဘဲ ဇီဝနည်းပညာ ဖြင့်၊ ဓာတ်ခွဲခန်းမှထုတ်ယူခြင်းဖြစ်သည်။ ဂျပန်များသည် ၁၉၅၅ ခုနှစ်တိုင် ဂျစ်ဗရယ်လင်ဟော်မုန်းများကို လျှို့ဝှက်ထားခဲ့ကြသည်။ ထိုအချိန်လွန် သောအခါ အနောက် တိုင်းမှ ပို၍အဆင့်မြင့်သောနည်းပညာများဖြင့် လေ့လာရာမှပို၍ တိုးတက်သောအခြေအနေသို့ ရောက်ရှိခဲ့သည်။ ဒေါက်တာ ခူရူဆာဝါအမည်ပေးခဲ့သော ဂျစ်ဗရယ်လင်အေကို ၁၉၅၅ခုနှစ်၌ အနောက် တိုင်းပညာရှင်များက ဂျစ်ဗရယ်လစ်အက်စစ် Gibberellic Acid ဟုအမည် ပေးခဲ့ကြသည်။ ၁၉၅၇ ခုနှစ်တွင်ကား ကမ္ဘာ့စိုက်ပျိုးရေးဥယျာဉ်စိုက်ပျိုးရေးနှင့် ပန်းမန်စိုက်ပျိုးရေးလောကတစ်ခုလုံးတွင် ကျယ်ပြန့်စွာအသုံးပြုလာခဲ့ကြ သည်။ ဤဟော်မုန်းကို စိုက်ပျိုးရေးဈေးကွက်တွင် ဘာရယ်လက် Berelex၊ အက်တီဖိုး Ativol၊ အက်တီဖိုးဂျီအေ Ativol-GAဟူ၍လည်းကောင်း၊ ထင်ရှားလာသည်။ နောင်တွင် အခြားနာမည်ပေါင်းများစွာဖြင့် ပေါ်ထွက်လာသည်။ ဤဂျစ်ဗရယ်လင်အုပ်စုတွင် ဓာတုဆောက်တည်မှုအနည်းငယ်စီကွဲသော ဂျစ်ဗရယ်လင်များကို ပညာရှင်များ တွေ့ရှိမှတ်တမ်းတင်ခဲ့ရာ ယခုအချိန်တွင် ထိုမျိုးကွဲ ဂျစ်ဗရယ်လင်ပေါင်း(၇၀)ကျော်ရှိနေပြီးဖြစ်သည်။ ဂျစ်ဗရယ်လင် များသည် ရေတွင်အနည်းငယ်သာပျော်ဝင်နိုင်သည်။ ရေနှစ်ရာပုံတစ်ပုံ သို့မဟုတ် ရေတစ်လီတာတွင် ဂျစ်ဗရယ်လင်(၅)ဂရမ်သာ ပျော်ဝင်နိုင်သည်။ သို့သော် အယ်ကဟောတွင်များစွာပျော်ဝင်နိုင်သည်။ ဂျစ်ဗရယ်လင်၏ ပိုတက်စီယမ် သို့မဟုတ် ဆိုဒီယမ်ဓာတ်ဆားများကား ရေတွင် နှစ်ဆယ်ပုံတစ်ပုံ သို့မဟုတ် ရေတစ်လီတာတွင် (၅၀)ဂရမ်ပျော်ဝင်နိုင်သည်။ ဂျစ်ဗရယ်လင်ကို ကပ်ပါးမှိုမှ စတင်တွေ့ရှိသော်လည်း နောင်တွင် အပင်အားလုံးလိုလို၌ ပမာဏအနည်းငယ်စီရှိနေသည်ကို တွေ့ရှိခဲ့ကြသည်။ ပြင်ပမှလူတို့ပက်ဖျန်းသောဂျစ်ဗရယ်လင်များကို အပင်များ၏ အင်္ဂါများက လွယ်ကူစွာစုပ်ယူနိုင်ကြသော်လည်း မည်သည့်အင်္ဂါအတွင်းတွင်မှ စုဆောင်း ထားလေ့မရှိချေ။ ဤဟော်မုန်း၏ အာနိသင်မှာ နုသောအင်္ဂါများတွင် အိုမင်းသောအင်္ဂါများထက်ပို၍ထိရောက်မှုရှိကြောင်း တွေ့ ရသည်။ အပင် အတွင်း တစ်နေရာမှတစ်နေရာသို့ လွယ်ကူစွာ ပြောင်းရွှေ့နိုင်သည်။ မြေမျက် နှာပြင်ပေါ်ရှိ အင်္ဂါများ၌သာ ဤဟော်မုန်း ၏အာနိသင်ကိုတွေ့ရသည်။ ဤဟော် မုန်း၏ အာနိသင်မှာ ခေတ္တသာခံသောကြောင့် လိုအပ်က အကြိမ်ကြိမ်ပက်ဖျန်း ရန်လိုအပ်သည်။ ဂျစ်ဗရယ်လင်ဟော်မုန်း၏ အဓိကစွမ်းရည်မှာ အပင်နှင့်ပန်းခိုင် များကို အလျားလိုက်ရှည်စေခြင်း၊ ပန်းပွင့်စေခြင်း၊ ငုတ်နေသောအစေ့များနှင့် အဖူး(Vegetative Bud)များကို ပြန်လည်နိုးထစေခြင်းဖြစ်သော်လည်း သီးနှံပင်မြောက်များစွာတွင် ယင်းကိုမတူညီသောကိစ္စများစွာတွင် အသုံးပြု လျက်ရှိသည်ကို တစ်ခုခြင်း ဆက်လက်ဖော်ပြသွားပါမည်။  

    ၁။အဖူးငုတ်ခြင်းကို ပယ်ဖျက်ပေးခြင်း 

     ပိုးဇာသီး၊ သစ်တော်သီး၊ ပန်းသီး၊ ချယ်ရီသီးပင်စသည့် အပင်အချို့ သည် အကြောင်းအမျိုးမျိုးကြောင့် အဖူး (Vegetative Bud)များ နိုးထကြီး ထွားမလာဘဲ ငုတ်နေတတ်ကြသည်။ ထိုအပင်များကို (၁. ၁)ရာခိုင်နှုန်း ပြင်းအားရှိသော ဂျစ်ဗလင်ဟော်မုန်းပက်ဖျန်းပေးခြင်းဖြင့် ငုတ်နေသော အဖူးများ ပြန်လည်နိုးထကြီးထွားသွားနိုင်သည်။ 

     ၂။ နားနေသောဥများ အညှောက်ပေါက်စေခြင်း 

     တူးဖော်ပြီးစ အာလူး၊ ဒေလီယာ၊ သစ္စာပန်းဥများမှာ နားချိန်ယူ သောကြောင့် ချက်ချင်းပြန်မစိုက်နိုင်ပေ။ ယင်းဥများအတွင်း သဘာဝ အလျောက် ဖြစ်ပေါ်နေသော တားဆီးပစ္စည်း Inhibitors ကြောင့် ပုံမှန် အညှောက်ပြန်မပေါက်နိုင်ခြင်းဖြစ်သည်။ ဂျစ်ဗရယ်လင် (ဝ. ဝ၅)မီလီ ဂရမ်မှ (၅)မီလီဂရမ်ကို ရေတစ်လီတာနှုန်းဖျော်ထားသောအရည်အတွင်းသို ထိုမျိုးဥများကို (၁၀)မိနစ် ပေးခြင်းဖြင့် ပုံမှန်အညှောက်ပေါက်လာနိုင်သည်။ ထိုထွက်လာသော အညှောက်ပေါက်ပင် များမှာ ညီညာစွာကြီးထွားလာကြပြီး ရာသီအမှီ မရင့်ခြင်းကိုမဖြစ်စေတော့ပေ။ မျိုးဥများကို ခွဲစိပ်ပြီးမှ ဟော်မုန်း ရည်စိမ်လိုပါက ပို၍ ပြင်းအားလျော့သောဟော်မုန်းရည်ကို အသုံးပြုရန်လိုသည်။ 

     ၃။ နှစ်ခြားသီးခြင်းကို ပယ်ဖျက်ခြင်း 

     သရက်၊ လိမ္မော်၊ သံပုရာပင်များနှစ်စဉ်ပုံမှန်ညီညာစွာ သီးလေ့ မရှိကြချေ။ တစ်နှစ်တွင် အသီးများစွာသီးလျင် နောက်နှစ်တွင် ထိုနှုန်းအတိုင်း မသီးနိုင်တော့ဘဲ အသီးနည်းသွားခြင်း၊ လုံးဝမသီးခြင်းဖြစ်တတ်သည်။ ဤဖြစ် စဉ်ကို နှစ်ခြားသီးခြင်း Biennial Bearing ဟုခေါ်သည်။ ရေတစ်လီတာတွင် ဂျစ်ဗရယ်လင် (၂၀)မှ (၂၅)မီလီဂရမ်ပြင်းအားရှိသော ဟော်မုန်းရည်ကို ပန်းမပွင့်မီနှင့် ပန်းပွင့်ချိန်များတွင် ပက်ဖျန်းပေးပါက နှစ်ခြားသီးခြင်းကို ကာကွယ်ပေးနိုင်သည်။  

    ၄။ သီးညှပ်ပုပ်ခြင်းကိုကာကွယ်ပေးခြင်း  

    စပျစ်ပင်များ၌ အသီးများပြုတ်ညှပ်နေခြင်းကြောင့် (Burch-Rot) ဖြစ်တတ်သည်။ ဂျစ်ဗရယ်လင် (၁)မှ (၃၀)မီလီဂရမ် ကို ရေတစ်လီတာတွင် ဖျော်ထားသောပျော်ရည်ဖြင့် စပျစ်ခိုင်အလျား (၇)မှ (၁၀)စင်တီမီတာ အရွယ်တွင် ပက်ဖျန်းပေးခြင်းဖြင့် သီးညှပ်ပုပ်ခြင်းကို ကာကွယ်ပေးနိုင်သည်။ 

     ၅။ အစေ့မဲ့စပျစ်သီးဖြစ်စေခြင်း  

    ဂျစ်ဗရယ်လင်(၂၀)မှ (၄၀)မီလီဂရမ်ကို ရေတစ်လီတာတွင် ဖျော်ထားသောဟော်မုန်းဖျော်ရည်ကို စပျစ်ပန်းခိုင်ပွင့်ပြီး (၇)ရက်မှ(၁၀) ရက်အတွင်းနှင့် စပျစ်သီးကင်းများ (ဝ. ၅)စင်တီမီတာ အချင်းမရောက်မှီ ကာလတွင် ပက်ဖျန်းပေးပါက အစေ့မဲ့စပျစ်သီးကိုရရှိစေသည်။ ဤသို့ပြုလုပ် ပေးခြင်းကြောင့် အစေ့မဲ့အသီးဖြစ်ပေါ်စေရုံမက အသီးကြပ်လွန်ခြင်းကို ကာကွယ်ပေးခြင်း၊ သီးခိုင်ရှည် လျားခြင်းနှင့် အသီးကြီးထွားခြင်းကိုပါ ဖြစ်စေသည်။ 

     ၆။ အချို့သောသီးနှံများကို စောစီးစွာရိတ်သိမ်းစေနိုင်သည် ဈေးကွက်သို့ စောစီးစွာပို့စေနိုင်သည်။  

    ကြံ၊ တရုပ်နံနံ၊ နေကြာ၊ အာတီချုတ် Artichoke, ရူးဗတ် Rhubard စသည့်သီးနှံပင်များ ဈေးကွက်သို့ ပို၍စောစီးစွာရောက်လာစေရန် ဂျစ်ဗရယ် လင် (၂၅)မီလီဂရမ် မှ(၅၀)မီလီဂရမ်ကို ရေတစ်လီတာတွင် ဖျော်ထားသော ဟော်မုန်းရည်ဖြင့် တစ်ကြိမ် သို့မဟုတ် အကြိမ်ကြိမ်ပျက်ဖျန်းပေးခြင်းဖြင့် ထိုသီးနှံပင်များ နိုးထမှု စောခြင်း၊ ကြီးထွားနှုန်းလျင်မြန်လာခြင်းကြောင့် ဈေးကွက်သို့သာ မန်အပင်များထက် စောစီးစွာရောက်ပြီး ဈေးကောင်းရ စေသည်။ 

     ၇။ အပင်နှင့်ပန်းခိုင်များကိုရှည်စေခြင်း 

     ဂျစ်ဗရယ်လင် (၂၅)မှ (၅၀)မီလီ ဂရမ်ကို ရေတစ်လီတာတွင် ဖျော်ထားသောဟော်မုန်းဖျော်ရည်ဖြင့် တရုပ်နံနံပင်များကို ပက်ဖျန်းပေးပါက အပင်များရှည်ပြီး ထိုဟော်မုန်းရည်ကို ဂန္ဓမာပင်များ၊ သစ္စာပန်းပင်များ၌ ပက်ဖျန်းပေးပါက ပန်းခိုင်များရှည်လာ ကြသည်။ 

     ၈။သီးနှံ၏ အရည်အသွေးကို ကောင်းမွန်စေသည်။ 

     ဂျစ်ဗရယ်လင် (၁၀)မီလီ ဂရမ် မှ (၂၀)မီလီဂရမ်ကို ရေတစ် လီတာ တွင် ဖျော်ထားသောဖျော်ရည်ကို သီးနှံပင်များတွင် ပက်ဖျန်းပါက သီးနှံပင်များ၏ အရွယ်၊ အရောင်အသွေး၊ အရသာ စသည့်အရည်အသွေးကောင်းများကို ဖြစ်စေသည်။ 

     ၉။ ပန်းပွင့်ရန်အရွယ်မရောက်သေးသောအပင်များကို ပန်းပွင့်စေသည်။  

    သစ်တောသုတေသနလုပ်ငန်းများ၌ သစ်ပင်များကို မျိုး စပ်ရာတွင် သားဆက်တစ်ဆက်မှ တစ်ဆက်သို ့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသည်။ အချို့အပင်များတွင် ပန်းပွင့်ရန်နှစ်ပေါင်း(၂၀)မျှ စောင့်ဆိုင်းရသည်။ ဂျစ်ဗရယ် လင်ကို ထိုအပင်များအတွင်း တိုက်ရိုက်တိုးသွင်းခြင်းအားဖြင့် ပုံမှန်ပန်းပွင့် ချိန်ထက် စောစီးစွာပန်းပွင့် စေနိုင်သည်။ ပန်းပွင့်ရန်ခက်ခဲသောအပင်များကို ပန်းပွင့်စေသည်။ ပန်းပွင့်ရာသီမဟုတ်သောကာလ၌ ပန်းပွင့်စေနိုင်သည်။  

    ၁၀။ ကြီးထွားနှုန်းကိုလျင်မြန်စေသည်။ 

     ဂျစ်ဗရယ်လင်သည် သစ်ခွပင်ကဲ့သို့ ကြီးထွားနှုန်းနှေးကွေးလွန်း သောအပင်များ၏ ကြီးထွားနှုန်းကို လျင်မြန်စေသည်။ တစ်သန်းပုံ (၁၀)ပုံ (၁၀PPM) ဂျစ်ဗရယ်လင်ဟော်မုန်းရည်ကို ဒင်ဒရိုဗီယမ် သစ်ခွပင်ပေါက် ကလေးများအား (၄၈)နာရီ (၂)ရက်ခြား (၃)ရက် ပက်ဖျန်းပေးခြင်းအားဖြင့် (၅ )လကြာသောအခါ ဟော်မုန်း ဖျန်းခဲ့သောအပင်များမှာ မဖျန်းသောအပင် များထက် (၂)ဆကြီးထွားနေသည်ကို ၁၉၆၀ခုနှစ်ကပင် ထိုင်းအမျိုးသား ပါမောက္ခဆာဂရစ်က စမ်းသပ်တွေ့ရှိခဲ့သည်။ 

     ၁၁။ အစေ့ငုတ်ခြင်းကို ပယ်ဖျက်ပေးခြင်း 

     သစ်တောပင်များနှင့် သဘာဝအပင်များ၏ အစေ့များသည် စိုက်ပျိုးသီးနှံပင်များ၏ အစေ့နှင့်မတူဘဲ အစေ့ငုတ် (Seed Dormancy) လေ့ရှိသည်။ ထိုအစေ့များငုတ်ချိန်ကို ပယ်ဖျက်ပြီး လျင်မြန်လွယ်ကူစွာ အညှောက်ပေါက်၍ ပင်ပေါက်များမူမှန်စွာ ကြီးထွားဖွံ့ဖြိုးစေရန် ဂျစ်ဗရယ် လင်ကို အသုံးပြုရန်လိုသည်။ ဂျစ်ဗရယ်လင် (၅၀)မီလီဂရမ်ကို ရေတစ်လီတာ တွင် ဖျော်ထားသောဟော်မုန်းဖျော် ရည်ကို ငုတ်နေသော ဗီ(ချ်) Beachအစေ့ ကို (၂၄)နာရီစိမ်ပြီး အညှောက်ပေါက်ပါက လွယ်ကူစွာအညှောက်ပေါက် နိုင်သည်။ အချို့သောငုတ်နေသည့်အစေ့များကို ဤသို ရေစိမ်ပြီးမှ အအေး ခန်းတွင် ခေတ္တာလှောင်ထားရန်လိုအပ်သည်။ 

     ၁၂။ အစေ့များအညှောက်ပေါက်ခြင်းကို မြန်စေသည် 

     အုတ် (OAT)၊ ဝါ၊ ပဲပုတ်၊ ပဲအမျိုးမျိုး စသည့်သီးနှံပင်များ၏ အစေ့များ အညှောက်ပေါက်လျင်မြန်စေရန် ယင်းအစေ့များ အညှောက် မပေါက်မီ ဂျစ်ဗရယ်လင်အရည်တွင် စိမ်ပေးရန်လိုအပ်သည်။  

    ၁၃။ မျိုးစေ့များကို များပြားစွာဖြစ်ပေါ်စေခြင်း 

     ဆလပ်စေ့များကို မျိုးစေ့ထုတ်လုပ်ရောင်းချရာတွင် မျိုးစေ့များများ ရစေရန် ဂျစ်ဗရယ်လင် (၁၀)မီလီဂရမ်ကို ရေတစ်လီတာတွင် ဖျော်ထားသော ဟော်မုန်းရည်ဖြင့် ဆလပ်ပင်၏ (၄)ရွက်၊ (၈)ရွက်၊ (၁၂)ရွက်၊ အဆင့်များတွင် ဖြန်းပက်ဖျန်းပေးခြင်းအားဖြင့် မျိုးစေ့များစွာကို ဖြစ်ပေါ်စေသည်။ 

     ၁၄။ အညှောက်ပေါက်ရန် အလင်း ရောင်လိုအပ်သောအစေ့များ အမှောင် တွင်း၌ အညှောက်ပေါက်စေသည်။ 

     ဆလပ်ကဲ့သို့ အစေ့အချို့သည် အလင်းရောင်ရှိမှ အညှောက် ပေါက်နိုင်ကြသည်။ သို့သော် ဂျစ်ဗရယ်လင်ဟော်မုန်းရည်တွင် ကြိုတင်စိမ် ထားသောဆလပ်စေ့များကား အမှောင်တွင်း၌ပင် ကောင်းစွာအညှောက် ပေါက်နိုင်ကြသည်။ 

     ၁၅။ သန္ဓေမဲ့အသီးဖြစ်စေခြင်း 

     ခရမ်းချဉ်သီး၊ သခွားသီး၊ စပျစ်သီး၊ ပန်းသီး၊ သစ်တော်သီး ပင်များ၌ သန္ဓေအောင်ခြင်း Fertilization မရှိဘဲ အသီးများဖွံ့ဖြိုးလာတတ် သည်။ ထိုအသီးမျိုးကို သန္ဓေမဲ့အသီး Parthenocarpic Fruit ဟုခေါ်ပြီး ထိုသန္ဓေမဲ့အသီးဖြစ်စဉ်ကို Parthenocarpy ဟုခေါ်သည်။ (၂၀)မီလီဂရမ်မှ (၅၀)မီလီဂရမ် ဂျစ်ဗရယ်လင်ကို ရေတစ်လီတာတွင် ဖျော်ထားသော ဟော်မုန်း ရည်ဖြင့် ပန်းပွင့်လှိုင်လှိုင်ပွင့်သောအချိန်တွင် ပက်ဖျန်းပေးပါက အစေ့မဲ့ အသီးများရရှိနိုင်သည်။ 

     ၁၆။ ပါးလွှာတောက်ပစိုပြေသောသီးခွံများဖြစ်ပေါ်စေခြင်း 

     လိမ္မော်၊ ကျွဲကောစသည့်အသီးများတွင် သီးခွံထူလွန်းခြင်း၊ သီးခွံအရောင်မွဲခြောက်ခြင်းတို့မှာ မလိုလားအပ်သောလက္ခ ဏာများဖြစ်သည်။ ဂျစ်ဗရယ်လ် (၅)မှ (၂၀)လီမီဂရမ်ကို ရေတစ်လီတာတွင် ဖျော်ထားသော ဟော်မုန်းရည်ဖြင့် အသီးမဆွတ်ခူးမီ (၂)လခန့်နှင့် ဆွတ်ခူးခါနီး (၁၀)ရက် အလိုတွင် ပက်ဖျန်းရသည်။ 

     ၁၇။ အသီးအတွင်းသားညိုခြင်းကို ကာကွယ်ပေးခြင်း 

     သစ်တော်သီးများ အတွင်းသားညိုခြင်းမှာ အသီးပျက်စီးခြင်း လက္ခဏာတစ်မျိုးဖြစ်သည်။ ဂျစ်ဗရယ်လင် (၁၀)မီလီဂရမ်မှ (၅၀)မီလီဂရမ်ကို ရေတစ်လီတာတွင် ဖျော်ထားသောဟော်မုန်းဖျော်ရည်ဖြင့် အသီးမဆွတ်ခူးမီ (၃)ပတ်၊ (၄)ပတ်အလိုတွင် ပက်ဖျန်းပေးပါက အသီးအတွင်းသားညိုခြင်းကို ကာကွယ်ပေးရုံမက အသီးအထွက်နှုန်းကိုပါတိုးစေသည်။ 

     ၁၈။ ပန်းပွင့်ချိန်ကို နှောင်းစေခြင်း 

     ဂျစ်ဗရယ်လင်(၅၀)မီလီဂရမ်ကို ရေတစ်လီတာတွင် ဖျော်ထား သောဟော်မုန်းရည်ဖြင့် ပက်ဖျန်းပေးခြင်းဖြင့် သရက်ကဲ့သို့သီးပင်များ၏ ပန်းပွင့်ချိန်ကို နှောင်းစေနိုင်သည်။ သရက်ပင်များ အဖူးဝေချိန်ကာလတွင် ဤဟော်မုန်းရည်ပက်ဖျန်းပေးခြင်းဖြင့် အဖူးများပွင့်အာလာချိန်ကို နှောင်းစေ သည်။ လိင်စုံပန်းပွင့်များကို ပိုမိုဖြစ်စေသည်။ ဝတ်မှုံများသန်စွမ်းခြင်း၊ အသီး တင်ခြင်းနှင့် အသီးအထွက်နှုန်းကိုတိုးစေသည်။  

    ၁၉။ အသီးအရောင်ကို ပိုမိုစိုပြေတောက်ပ‌စေသည်၊အသီးအရွယ်ကို ကြီးစေသည်။ 

     ချယ်ရီသီး၊ စပျစ်သီးပင်များ၌ ဂျစ်ဗရယ်လင် (၁၀)မီလီဂရမ်မှ (၅၀)မီလီဂရမ်ကို ရေတစ်လီတာတွင် ဖျော်ထားသောဟော်မုန်းရည်ဖြင့် အသီးစိမ်းများအစိမ်းရောင်လျော့ပြီး အမှည့်ရောင်သို့ ပြောင်းလာချိန်တွင် ပက်ဖျန်းပေးပါက အသီး၏အရောင်အသွေးကို ကောင်းစေသည်။ အသီး အရွယ်ကို ကြီးစေသည်။ အသားကိုကျစ်စေသည်။ အသီးမှည့်ချိန်ကို နှောင်းစေ သောကြောင့် အသီးဆွတ်ခူးချိန်ကို ဆန့်ထားပြီး ဈေးကွက်ကိုထိန်းထားနိုင်သည်။  

    ၂၀။ အရွယ်မရောက်သေးသောအသီးကင်းများကြွေခြင်းကို သီးပင် များစွာတွင်ကြုံတွေ့ရမြဲဖြစ်သည်။ လိမ္မော်၊ ကျွဲကော၊ သံပုရာများ အသီး တင်စေရန် ဂျစ်ဗရယ်လင် (၁၀)မီလီဂရမ် မှ (၂၅)မီလီဂရမ်ကို ရေတစ်လီတာ တွင် ဖျော်ထားသောဟော်မုန်းရည်ဖြင့် ပန်းလှိုင်လှိုင်ပွင့်ချိန်တွင် ပက်ဖျန်းပေး ပါက အသီးတင်စေသည်။ သီးကင်းကြွေခြင်းကို ကာကွယ်ပြီး အသီးအထွက် ကိုတိုးစေသည်။ 

     ၂၁။ အသီးများရင့်မှည့်ချိန်ကိုနှောင်းစေသည်။ 

     ပုံမှန်အချိန်ထက် စောသီးသောအသီးများသည်လည်းကောင်း၊ နှောင်းသောအသီးများသည်လည်းကောင်း ဈေးကောင်းရကြတတ်သည်။ ဂျစ်ဗရယ်လင် (၅)မီလီဂရမ် မှ (၅၀)မီလီဂရမ်ကို ရေတစ်လီတာတွင် ဖျော်ထား သောဟော်မုန်းရည်ဖြင့် အသီးကြီးရင့်ချိန်တွင် ပက်ဖျန်းပေးပါက (၄)ပတ်မှ (၈)ပတ်အထိ အသီးကိုနောက်ကျမှည့်စေသည်။ ဆွတ်ခူးပြီးသောအသီးများ မှာလည်း သာမန်အသီးများထက် ပို၍တာရှည်ခံကြသည်။ 

     ၂၂။ ဘာလီစေ့အညှောက်ပေါက်ခြင်းကို ကောင်းမွန်စေသည် 

     ဂျစ်ဗရယ်လင်သည် အစေ့များအညှောက်ပေါက်ခြင်းကို အားပေး သောဟော်မုန်းဖြစ်သည်။ ဘီယာ၊ ဂျင်၊ ဗော်ကာစသော အရက်များချက်ရန် ဘာလီစေ့များကို အညှောက်ဖောက်ပြီးမှ အသုံးပြုရသည်။ ဘာလီလေစေ့ အတွင်းမှ ကစီဓာတ်များကို သကြားများအဖြစ်သို့ ဖြိုချရန်နှင့်အခြားမလိုလား အပ်သော ဓာတုပစ္စည်းများ ပပျောက်သွားစေရန် လိုအပ်သည်။ ကောင်းမွန် သောအစေ့အညှောက်ဖော်ဖြစ်စဉ်၌သာ ယင်းလိုအပ်ချက်များပြည့်မှီနိုင်သည်။ ဤဖြစ်စဉ်ကို မော်လ်တင် Malting ဟုခေါ်သည်။ ဤဖြစ်စဉ်၌ ဂျစ်ဗရယ်လင် မရှိမဖြစ်လိုအပ်သည်။ ဂျစ်ဗရယ်လင်သည် ဘာလီစေ့အတွင်း ကစီများကို ရေပျော်နိုင်သောသကြား (ကဇော်ဖောက်နိုင်သောသကြား)များဖြစ်စေသော ဟိုင်ဒရိုလစ်တစ်အင်ဇိုင်း (Hydrolytic Ezynes)များ လျင်မြန်စွာဖြစ်ပေါ်စေ ခြင်းကြောင့် အညှောက်ပေါက်ချိန်ကို (၂)ရက်သက်သာစေသည်။ အရည် အသွေးပိုမိုကောင်း မွန်သောဘီယာနှင့်အရက်များကို ဖြစ်စေသည်။ 

     ၂၃။ ကိုင်းသစ်များကို ဖြစ်ပေါ်စေသည်။ 

     စတော်ဘယ်ရီကဲ့သို့ အပင်များ၌အရပ်လေးမျက်နှာလုံးမှ ကိုင်း သစ်များ Runner ဖြစ်ပေါ်မှ အသီးအထွက်နှုန်းတိုးနိုင်သည်။ ဂျစ်ဗရယ်လင်(၅၀) မီလီဂရမ်ကို ရေတစ်လီတာနှုန်းတွင် ဖျော်ထားသောဟော်မုန်းရည်ဖြင့် အပင်စိုက်ပြီး (၁၀)ရက်မှ ရက်(၃၀)အတွင်း ပက်ဖျန်းပေးပါက ကိုင်းသစ် များဖြစ်ပေါ်လာကြသည်။ 

     ၂၄။ အထွက်နှုန်းကိုတိုးစေသည်။ 

     ဂျစ်ဗရယ်လင်သည် သီးနှံအမျိုးမျိုးတို့အထွက်နှုန်းတိုး စေသည်။ ဗျစ်ပင်အရှည် (၅)ပေမှ (၈)ပေရှိပြီး ပန်းမပွင့်မှီ (၃)ပတ် အလိုတွင် ဂျစ်ဗရယ်လင် (၁၀)မီလီဂရမ်ကို ရေတစ်လီတာတွင် ဖျော်ထားသောဟော်မုန်းရည်ဖြင့် ပက်ဖျန်းပေးပါက အထွက်နှုန်းတိုးစေရုံမက ဆွတ်ခူးခြင်းကို လွယ်ကူစေသည်။  

    ၂၅။ အချို (သကြား)ဓာတ်ကိုတိုးစေသည်။ 

     ကြံပင်သက်တမ်း(၃)လပြည့်ပြီး ကြံပင်မခုတ်မှီ(၄)လအလိုတွင် ဂျစ်ဗရယ်လင်ဟော်မုန်းကို ပက်ဖျန်းနိုင်သည်။ ပထမအကြိမ်တွင် စိုက်ခင်း တစ်ဟက်တာ(၂ဧကခွဲခန့်)ကို (၁၃၆)ဂရမ်ပက်ဖျန်း၍ ဒုတိယနှင့် တတိယ အကြိမ်များတွင် (၆၈)ဂရမ်နှုန်းပက်ဖျန်းလေ့ရှိသည်။ တစ်ကြိမ်နှင့်တစ်ကြိမ် အကြား ရက်(၃၀)မှ(၄၅)ရက်ခြားထားရန် လိုအပ်သည်။ ကြီးထွားနှုန်းကိုမြန် စေသည်။ သကြားဓာတ်ကိုတိုးစေပြီး မလိုလားအပ်သောအခြားဓာတ်များကို လျော့နည်းစေသည်။  

    ၂၆။ စပါးစိုက်ပျိုးရေးကို ကောင်းမွန်စေသည်။ 

     ဗီဇအားဖြင့် ပုနေသောစပါးပင်များကို ပုံမှန်ကြီးထွား စေသည်။ စပါးအရွက်(၂)ရွက်မှ (၅)ရွက်အဆင့်မှ ပန်းခိုင်(၅၀)ရာ နှုန်းထွက်လာသော ကာလအတွင်း ဤဟော်မုန်းကို ပက်ဖျန်းပေးခြင်း ဖြင့် စပါးအထွက်တိုးစေသည်။ အစေ့များကို တိုက်ရိုက်ကြဲပက်စိုက်ပျိုးစဉ်၌လည်းကောင်း၊ အခြောက်စိုက်ပျိုး စဉ်၌လည်းကောင်း၊ ဂျစ်ဗရယ်လင်ဟော်မုန်းစိမ်ပြီးမှ စိုက်ပျိုးပါက ပင်ပေါက် ကြီးထွားနှုန်းကို ကောင်းမွန်စေသည်။ ပင်ပေါက်ပျက်စီးမှုကို လျော့နည်း စေသည်။  

    ၂၇။ အပင်များ၏လိင်ကိုပြောင်းလဲစေသည်။ 

     ဂျစ်ဗလင်သည် အချို့သောသီးနှံပင်များ၏လိင်ကို ပြောင်းလဲစေ နိုင်သည်။ လူများအတွက် ပို၍အကျိုးရှိသောလိင် သို့ ပြောင်းလဲစေခြင်းဖြင့် စိုက်ပျိုးရေးကို အကျိုးဖြစ်ထွန်းစေသည်။ ခေတ်မှီသခွားစိုက်ပျိုးမှုမှ ထွက်ပေါ်လာသောသခွားအပင်များမှ ဝတ်မှုံကူးရန်လိုအပ်သော အဖိုပွင့်များ ကို ဖြစ်ပေါ်စေသည်။ သခွားပင်ငယ်စဉ်က အရွယ် (၂. ၅)လက်မအရွယ်မှ စ၍ (၅)ရက်ခြားတစ်ကြိမ်နှုန်း ဖြင့် ဂျစ်ဗရယ်လင်(၅၀)မီလီဂရမ်ကို ရေတစ် လီတာတွင် ဖျော်ထားသောဟော်မုန်းဖျော်ရည်ဖြင့် ပက်ဖျန်းပေးပါက သခွားအမပင်မှ အဖိုပွင့်အချို့ဖြစ်ပေါ်လာစေသည်။  

    ၂၈။ နေ့တာရှည်အပင်များကို နေ့တာတိုကာလတွင် ပန်းပွင့်စေခြင်း 

     အပင်အချို့သည် ယင်းတို့၏ပန်းပွင့်ချိန်မှာ နေ့တာအတိုအရှည် ကာလပေါ်တွင် တည်မှီနေကြသည်။ အချို့မှာ နေ့တာရှည်ကာလတွင် ပန်းပွင့်ကြပြီး အချို့မှာ နေ့တာတိုကာလများတွင်သာ ပန်းပွင့်နိုင်ကြသည်။ ဂျစ်ဗရယ်လင်ဟော်မုန်းသည် အချို့သော နေ့တာရှည်အပင်များကို နေ့တာ တိုကာလများတွင် ပန်းပွင့်စေနိုင်သည်။  

    ၂၉။ ကိုင်းဂွကို ကျယ်စေခြင်း 

     ပန်းသီးပင်၊ သရက်ပင် စသည့်သီးပင်များကောင်းစွာ သီးစေရန် နှင့် အသီးများအရည်အသွေးကောင်းမွန်စေရန် ယင်းတို့၏ကိုင်းဂွများ၊ ကျယ်နေရန် Widening Crotch Angles လိုအပ်သည်။ သာမန် (၃၄) ဒီဂရီသာရှိသောကိုင်းကို (၆၆)ဒီဂရီအထိ ကျယ်လာစေနိုင်သည်။ 

     ၃၀။ ပန်းပွင့်ချိန်ကိုစောစေခြင်း 

     အလှစိုက်ပန်းပင်အမျိုးမျိုးအား ပန်းပွင့်စောစောစေရန်နှင့် ပန်းခိုင်နှင့်ပန်းပွင့်များကြီးထွားလှပစေရန် ဂျစ်ဗရယ်လင်ကို အသုံးပြု လျက်ရှိသည်။ သာမန်အားဖြင့် ဂျစ်ဗရယ်လင်အပြင်းအား တစ်သန်းပုံ (၁၀)ပုံ (၁၀PPM)ကို အသုံးပြုလေ့ရှိသော်လည်း ထိရောက်မှုမရှိပါက တစ်သန်းပုံ (၁၀၀) (၁၀၀PPM)အထိ ပြင်းသော ဟော်မုန်းရည်ကို အသုံးပြုနိုင်သည်။ ဂျစ်ဗရယ်လင်ကို အသုံးပြုရာတွင် သတိထားရမည့် အချက်များကို ဂရုပြုသင့်သည်။ ဟော်မုန်းကို အပင်များသို့ ပက်ဖျန်းရာတွင် အရွက်မျက်နှာ ပြင်အားလုံးကို စိုစေရန်လိုသော်လည်း ဟော်မုန်းရည်များမြေသို့မကျသွား စေရန် သတိပြု ရမည်။ ရေတွင်ဖျော်ထားသောဟော်မုန်းရည်သည် ဓာတ်ပျယ် သွားတတ်သောကြောင့် ဟော်မုန်းကိုရေဖျော်ပြီးပြီးခြင်းအသုံးပြုသင့်သည်။ သိုလှောင်မထားသင့်ချေ။ အသုံးပြုသောသီးနှံပင်သည် မြေဆီလွှာမှရေ ကောင်းစွာ မရရှိပါက ဟော်မုန်း၏ အာနိသင်ကို ကောင်းစွာမပြနိုင်ချေ။ ဆေး ဖျန်းရာတွင်ပို၍ထိရောက်မှုရှိစေရန်ပြန့်ဆေး၊ ကပ်ဆေး Spreader Binder များကို ရောစပ်အသုံးပြုသင့်သည်။ ဂျစ်ဗရယ်လင်အက်စစ်ရိုးရိုးကိုသာမက ပိုတက်စီယမ် သို့မဟုတ် ဆိုဒီယမ်ဓာတ်ဆားများကိုပါ အသုံးပြုနိုင်သည်။ မျက်မှောက်ခေတ်လယ်ယာစိုက်ပျိုးရေး၊ ဥယျာဉ်စိုက်ပျိုးရေးနှင့် ပန်းမန်စိုက်ပျိုးရေးလုပ်ငန်းများတွင် အလွန်ထိရောက်စွာ၊ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသော ဂျစ်ဗရယ်လင်ဟော်မုန်းများအား မြန်မာ့စိုက်ပျိုးရေး သမားများ မိမိတို့စိုက်ပျိုးသောသီးနှံများတွင် လိုအပ်သလို အသုံးပြုနိုင်ရန် လိုအပ်ပေသည်။ ခေတ်မှီစိုက်ပျိုးရေးတွင် အရေးပါလှသော ဤဟော်မုန်းကို အကျိုးရှိစွာအသုံးနိုင်ပါက သီးနှံအထွက်တိုး ရုံမက အရည် အသွေးကောင်း သီးနှံများပေါ်ထွန်းလာမည်မှာ မလွဲဧကန်ဖြစ်သည်။  

    ဦးဖရက်သိန်းဖေ



     


  • article
likes23comments2
views437views2146